Breaking News

သန်းဝင်းလှိုင် - လက်ရှိတပ်မတော်၏ ဦးတည်ချက်


သန်းဝင်းလှိုင် - လက်ရှိတပ်မတော်၏ ဦးတည်ချက်
(မိုးမခစာအုပ်စင်၊ သန်းဝင်းလှိုင်၏ သူရရွှေမန်းကို လေ့လာခြင်း)
ဧပြီ ၂၅၊ ၂၀၁၉

အခန်း (၈) -  လက်ရှိတပ်မတော်၏ ဦးတည်ချက်
၁၉၅၆ ဇန်နဝါရီ (၁) ရက်တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံခဲ့ရသော ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၈ ခုနှစ်မှစပြီး တပ်မတော်ကို နိုင်ငံရေး၊ စီးပွားရေးနယ်ထဲသို့ တိုးဝင်စေခဲ့သည်။

အချို့က ဝန်ကြီးချုပ် သခင်နုသည် ၁၉၄၉ ခုနှစ်၊ ဧပြီလ (၁) ရက် တွင် ရောင်စုံသူပုန်များ၏ အုံကြွပုန်ကန်မှုကြောင့် အစိုးရအဖွဲ့ကို ပြန်လည် ဖွဲ့စည်းပြီးနောက် ဗိုလ်ချုပ်နေဝင်းအား တိုင်းပြည်အခြေအနေကို ဝင်ရောက် ထိန်းသိမ်းပေးရန်အတွက် အစိုးရအဖွဲ့သို့ ဝင်ရန် ဖိတ်ခေါ်ရာမှ ဗိုလ်ချုပ် နေဝင်း ဦးစီးသော တပ်မတော်သည် နိုင်ငံရေးနယ်သို့ ကျွံဝင်လာခဲ့ရသည်ဟု ဆိုကြသည်။

မှန်သင့်သလောက် မှန်ပေသည်။ သို့သော် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် တပ်မတော်၏ မူဝါဒလမ်းစဉ်ကပင် အားနည်းချက်ရှိနေခဲ့သည်။ ၁၉၅၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သော 'တပ်မတော် ပဋိညာဉ်စာတမ်း' အပိုဒ် ၂ ၌ ''ငါတို့တစ်သက်လျာ ငါတို့ဘဝ၏ သက်မွေးဝမ်းကျောင်း အလုပ်သည် ပြည်သူလူထု အကျိုးဆောင်လုပ်ငန်း ဖြစ်ရမည်။ ပြည်သူလူထု အကျိုးသာ လျှင် ငါတို့တပ်မတော်၏ အထွတ်အထိပ်လိုဘ ဖြစ်ရမည်'' ဟူ၍ ဖော်ပြ ထားသလို အပိုဒ် (၇) ၌ ''ပြည်သူလူထုကို အကျိုးဆောင်လိုသည့် စေတနာ မျိုး ထားမည့်အစား ကိုယ်ကျိုး ကိုယ့်စီးပွားကိုသာ ဘဝသက်လျာ၏ပဓာန လုပ်ငန်းဟု သဘောထားတတ်သူများအား တပ်မတော်သို့ တပ်မက်ချဉ်းကပ် စေခြင်းသည် ပြည်ထောင်စုအမျိုးသား၏ အန္တရာယ်ဖြစ်လေသည်ကို ငါတို့ ထက်ကြပ်သတိပြုထားရမည်'' ဟူ၍ ခံယူချက်ကောင်းများကို ဖော်ပြထားပေ သည်။

သို့သော် စစ်သည်တော်များ အကျိုးစီးပွားနှင့် ပတ်သက်၍ အပိုဒ် ၂၀ ၌ ''ငါတို့သည် သာမန်စစ်မှုထမ်းများ၏ စီးပွားရေး အဆင့်အတန်း၊ ယဉ်ကျေးမှုအဆင့်အတန်း၊ လူမှုဆက်ဆံရေး အဆင့်အတန်း မြှင့်တင်ပေးရန် အစွမ်းကုန် အားထုတ်ကြမည်။ ထို့ပြင် သာမန်စစ်မှုထမ်းများ အကျိုးတိုးပွား ရေး အတွက်လည်းကောင်း၊ ထိုသူတို့၏ သားမယားများ အကျိုးတိုးပွားရေး အတွက်လည်းကောင်း၊ အစိုးရဌာနဆိုင်ရာ နည်းလမ်းများနှင့်တကွ အခြား ကိုယ်ပိုင်နည်းလမ်း၊ အခွင့်အရေးများကိုပါ ရှာကြံအသုံးပြုကြမည်'' ဟူ၍ ဖော်ပြထားရာ မူလခံယူချက်နှင့် ဝိရောဓိ ဖြစ်ပွားခဲ့တော့သည်။

တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း-

၁၉၄၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ကျင်းပခဲ့သော ဗမာ့နိုင်ငံ တော် စစ်ကျောင်းမှ စစ်ကြပ်သင်တန်း၏ ဘွဲ့နှင်းအပ်ပွဲ အခမ်းအနား၌-

''ဗမာ့တပ်မတော်ရဲ့ တာဝန်ဟာ ဘာလဲ။ ဗမာ့နိုင်ငံနှင့် ဗမာလူမျိုး ကို ကာကွယ်ဖို့ပဲ။ ဗမာလူမျိုးဆိုတာဟာလည်း ဗမာလိုသိတဲ့ ဗမာတွေမဟုတ် ဘူး။ ဗမာတစ်နိုင်ငံလုံးမှာရှိတဲ့ ကရင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကယား၊ မွန် အစရှိတဲ့ တိုင်းရင်းသားအားလုံးကို ဆိုလိုတယ်။ ဒါကြောင့် ဗမာ့တပ်မတော် ရဲ့ တာဝန်ဟာ အရင်တုန်းက အင်္ဂလိပ်လက်ထက်က တပ်များလို ကြေးစား မဟုတ်ဘဲ နိုင်ငံနှင့် အမျိုးကို တကယ်ကာကွယ်ဖို့ပဲ။ ဒီသဘောကို ရဲဘော် တို့ဟာ မိမိရရနားလည်ပြီး ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် လုပ်ကြရမယ်။ ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက် ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာ ဆိုတဲ့အနေမျိုး ဖြစ်ရမယ်။

ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူ နိုင်ငံသားတွေရဲ့စိတ်ထဲမှာ အော့နှလုံးနာစရာ ဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်က အလကားပဲ ဖြစ်မယ်။ ရဲဘော်တို့ ဒီမှာလာပြီး ဆင်းရဲရတာ တွေ၊ နောက်တပ်ထဲမှာ ဆင်းရဲရတာတွေ၊ စစ်မြေပြင်မှာ စွန့်ရမှာတွေဟာ အားလုံးအချည်းအနှီး ဖြစ်မယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ ပြည်သူ့ တပ်မတော်လို့ တစ်နိုင်ငံလုံးက ယုံကြည်အားကိုးလာအောင် ရဲဘော်တို့ဟာ မိမိတာဝန်များကို ထမ်းရမယ်။

ထို့ပြင် ၁၉၄၄ ခုနှစ် မတ်လ ၁၃ ရက်နေ့၌ ကျင်းပသော ဗိုလ်သင်တန်း ဘွဲ့နှင်းသဘင် အခမ်းအနား၌လည်း ဗိုလ်ချုပ်အောင်ဆန်းက-

''ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင် ထားတာ မဟုတ်ဘူး။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တစ်ဖွဲ့တစ်ပါတီ လူတစ်စုအတွက် တည်ထောင်ထားတာ မဟုတ်။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် ဖြစ်တယ်။

ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ်လက်ထက်ကလို ကြေးစားတပ်မဟုတ်။ နိုင်ငံနှင့် အမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ နိုင်ငံနှင့် လူမျိုးကိုမြှင့်တင်ပေး ဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနှင့် လူမျိုး၏သစ္စာကို အမြဲစောင့်ရမယ်။ ရှေးတုန်းကလို တခြားနိုင်ငံ တခြားလူမျိုးကို သစ္စာစောင့် တာ မဟုတ်ဘူး။ အဲဒီလိုသစ္စာဟာ ဝတ်ကျေတန်းကျေစောင့်တဲ့ သစ္စာဖြစ် တယ်။ အခုဆို ငါတို့ဟာ ငါတို့အမျိုး၊ ငါတို့နိုင်ငံကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာဖြစ်ရမယ်။ အပေါ်ယံသာ ဖြစ်တဲ့ သစ္စာမဖြစ်ရဘူး။ ဘယ်လိုစောင့်ရမလဲ ယခုအခါ ရဲဘော်တို့ရဲ့ အပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့်ခန့်အပ်ထားတဲ့ အကြီးအမှူးအားလုံး တွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားလှယ်တွေပဲ။ အဲဒီကိုယ်စား နိုင်ငံနှင့် အမျိုးကို သစ္စာစောင့်သိခြင်းဟာ ကိုယ့်နိုင်ငံနှင့် ကိုယ့်အမျိုးကို သစ္စာစောင့် တာပဲ။

ရဲဘော်တို့ မေးစရာစကားရှိတယ်။ တကယ်လို့ ဒီအကြီးအမှူးတွေထဲ က ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာ ပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့ အခါ ပြုတ်ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှူးတွေရှိရင် ရဲဘော်တို့ အပေါ်မှာပဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ဝတ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့် လူမျိုးအကျိုးနှင့် မပတ်သက်တဲ့ အမိန့်မျိုး ပေးတဲ့အခါ အမိန့်ဟာ နည်းကျ မကျ၊ တရား မတရား၊ နိုင်ငံနှင့် အမျိုးမှာ အကျိုးရှိ မရှိ ကြည့်ရမယ်။ အဲဒီလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကိုဖြစ်စေ တခြားအကြီးအမှူးတစ်ယောက် ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်မယ်။

ထပ်ပြီး အဓိပ္ပာယ်လေးနက်အောင် ပြောပြလိုက်ဦးမယ်။ ငါတို့စစ်တပ် ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုး ပြဖို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံ ဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံမဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင်ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့သဘောနဲ့ ပြောတာမဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင်လူတွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ရန်သူတွေ မဟုတ်၊ နိုင်ငံရဲ့မိတ်ဆွေတွေ ဖြစ်တယ် ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။

နောက်ဆုံးမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ် ဆိုတဲ့ စိတ်ဓာတ် မထားကြဖို့ပဲ။ ဒီနိုင်ငံဖြစ်ဖြစ်၊ ဒီ့ပြင် နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့လူ ရှိကြတာမဟုတ်ဘူး။ တခြား စစ်သားမဟုတ်ပေမယ့် နိုုင်ငံ အတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိ တာပဲ။ အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမဲ့ တစ်ခုနားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ် ကို မတရားနှိမ်မယ်၊ လူလည်လုပ်မယ်၊ စစ်တပ်ရဲ့အခွင့်အရေးကို မတရား ချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော် တို့ သိစေချင်တယ်။

ယနေ့ ဒီမှာပြောတာအားလုံး စစ်သားတွေ သိပါစေ၊ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ ဟူ၍ ပြောကြားခဲ့ဖူး သည်။

လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတစ်လျှောက်၌ တပ်မတော်သည် ''လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ဝါဒ ရေးသည် တတိယဟု ကြွေးကြော်ကား တိုက်ပွဲဝင်ခဲ့သော်လည်း အမျိုးသား ခေါင်းဆောင်ကြီးနှင့် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီး နောက် လွတ်လပ်ရေး ရရှိပြီးသောအခါ ''နိုင်ငံတော်ဝါဒနှင့် တပ်မတော် လုပ်ငန်းစဉ်''ကို သွေဖည်ကာ ဒုတိယအရေးဖြစ်သော ဒီမိုကရေစီရေးကို ချောင်ထိုး၍ ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်ရေးနယ်ထဲသို့ ကိုယ်တိုင် ခုန်ကျော် ဝင်ရောက်သွားခဲ့သည်။

ထို့ပြင် အပိုဒ် ၂၇ နှင့် ၂၈ တို့၌ ဖော်ပြထားသော တစ်ပါတီအာဏာ ရှင်စနစ်ကို ပြင်းပြင်းထန်ထန် ရှုပ်ချထားသော်လည်း ဗိုလ်ချုပ်ကြီးနေဝင်း သည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် တော်လှန်ရေးကောင်စီ အမည်တပ် ကာ ပါလီမန်အစိုးရကို ဖြုတ်ချ၊ အာဏာသိမ်း၍ မဆလတစ်ပါတီ အာဏာ ရှင်စနစ်ကို ပြည်သူလူထု ဖြိုချခဲ့သည့် ၁၉၈၈ ခုနှစ် သြဂုတ်လအထိ နှစ်ပေါင်း ၂၆ နှစ်တိုင်အောင် ထူထောင်၍ မင်းမူ အုပ်ချုပ်သွားခဲ့လေသည်။

နိုင်ငံတိုင်း၌ စစ်တပ်မရှိလျှင် မဖြစ်နိုင်ပေ။ စစ်တပ်သည် နိုင်ငံတော် ၌ အင်အားအကြီးဆုံးသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သို့သော် ဒီမိုကရေစီ ရင့်ကျက်သော နိုင်ငံတို့၌ စစ်တပ်ကို နိုင်ငံရေးနယ်ပယ်၌ ပါဝင်ခွင့်မပြုပေ။ နိုင်ငံရေးထဲ စစ်တပ် မပါဝင်ရေးမူကို စစ်တပ်အရာရှိတိုင်း သိရှိနားလည် သော်လည်း ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများ၌ စစ်ခေါင်းဆောင်များသည် နိုင်ငံရေးဖြစ်စဉ်များထဲ၌ စစ်တပ်ပါဝင်ရန် အမြဲလိုအပ်သည်ဟု ခံယူထားကြ သည်။ ကမ္ဘာ့သမိုင်း၌ စစ်တပ်နိုင်ငံရေးထဲ ပါဝင်မှုကြောင့် အဆိုပါနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုတို့ ယိုယွင်းပျက်စီး၍ 'ကျရှုံး'နိုင်ငံများ စာရင်းဝင်ကာ ပြည်သူလူထုသည် ဆင်းရဲနိမ့်ကျ လူညွန့်တုံးဘဝ ရောက်၍ ဒုက္ခပင်လယ်ဝေခဲ့ရပေသည်။

လက်ရှိတပ်မတော် ခေါင်းဆောင်များကလည်း တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းကို ထိန်းသိမ်းပေးမှုနှင့် ငြိမ်းချမ်းရေးမူ ၆ ချက်များမှတစ်ဆင့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်၌ ပါဝင်နေဆဲ ဖြစ်သည်။

၂၀၁၇ ဖေဖော်ဝါရီ ၂၇ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ထိပ်ပိုင်း စစ်ဗိုလ်ချုပ် ကြီးများ တွေ့ဆုံပွဲ၌ ဗိုလ်ချုပ်မှူးကြီးက-

''၂၀၁၀ က စပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းခဲ့တဲ့ အစိုးရနှစ်ခု အနေနဲ့ ဒီမိုကရေစီ အတွေ့အကြုံမရှိမှု၊ ရင့်ကျက်မှုမရှိမှုတွေ ကြောင့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုမှာ ထင်သလောက် ခရီးမပေါက်ဘဲ အခက်အခဲတွေ ရှိနေကြောင်း'' ပြောဆိုခဲ့သည်။

သမိုင်းကြောင်းအရ လက်ရှိမြန်မာတပ်မတော်သည် ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်၌ စတင်လမ်းဖောက်၍ ထောက်ခံဦးဆောင် လှုပ်ရှားခဲ့ သည် မဟုတ်ပါ။ ဤသည်မှာ အရှိတရားဖြစ်သည်။

ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အကြောင်းပြပြီး ခေါင်းစဉ် အမျိုးမျိုးဖြင့် အာဏာကို ဆယ်စုနှစ်များစွာ ရယူခဲ့ကြသည်။ အထူးသဖြင့် အာဏာရယူထားစဉ်အတွင်း တောင်သူလယ်သမား၊ အလုပ်သမားတို့၏ဘဝ မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်ခဲ့သည်မဟုတ်ဘဲ ခရိုနီခေါ် ခေတ်ပျက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပေါင်း၍ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ကိုသာ လုပ်ကိုင်ခဲ့ကြသည်။ အချို့က ယူနီဖောင်းချွတ်ကာ စီးပွားရေးလုပ် ကိုင်ခဲ့မှု ကြောင့် သားစဉ် မြေးဆက် စားမကုန်အောင် ကြွယ်ဝ ချမ်းသာလာ ခဲ့ကြသည်။ ၂၀ဝ၈ ဖွဲ့စည်းပုံအရ တပ်မတော်သည် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ထဲ၌ ပါဝင်နေဦးမည် ဖြစ်သည်။

အမှန်စင်စစ် တပ်မတော်၏ မူလာတာဝန်သည် ပြည်သူလူထုကို ကာကွယ်ရန်နှင့် ပြည်ပရန်ကို တွန်းလှန်ရန်အတွက်သာ ဖြစ်သည်။ ပြည်သူ လူထုကို အာဏာရှင်လူတစ်စု အလိုကျဖိနှိပ်သည့် ယန္တရား မဖြစ်သင့်ပေ။ စစ်သည်တော်တိုင်း၏ ကျင့်ဝတ်၊ စိတ် ဓာတ်၊ ဂုဏ်သိက္ခာ တန်ဖိုးသည် ငါ့နိုင်ငံတော်အတွက်၊ ငါ့ပြည်သူအတွက် ရဲဝံ့စွန့်စား ကာကွယ်ပေးခြင်းသာ ဖြစ်ပေသည်။ ယင်းသို့ မိမိ၏ဂုဏ်သိက္ခာအတွက် မည်သည့်အရာနှင့်မျှ မလဲဘဲ တိုင်းပြည်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို ကာကွယ်ပေးရင်းဖြင့်သာ စစ်သည်များ၏ စွမ်းရည်သုံးရပ် ထက်မြက်တောက်ပြောင်လာမည် ဖြစ် သည်။

သို့သော် လက်ရှိအနေအထားအရ အာဏာရှင်များ၏ ညံ့ဖျင်းသည့် ခေါင်းဆောင်မှုအောက်၌ အမြင်မှား၊ အတွေးမှား၊ အမိန့်မှားအောက်၌ တပ် မတော်သည် အသုံးချခံဘဝ ရောက်နေရသည်မှာ ဝမ်းနည်းစရာပင် ဖြစ်သည်။

ဒီမိုကရေစီ နိုင်ငံများ၌ စစ်တပ်များသည် စစ်ယူနီဖောင်းဝတ်ဖြင့် နိုင်ငံရေး လှုပ်ရှား၍မရချေ။ လွှတ်တော်ထဲ စစ်ယူနီဖောင်းဖြင့် ဝင်တိုင်ဖို့ ဆိုသည်မှာ ပို၍မကြံစည်အပ်သည့် အတွေးအမြင် ဖြစ်သည်။ လွှတ်တော် က စစ်အသုံးစရိတ် ဘတ်ဂျက်လျှော့ချရန် ဆုံးဖြတ်သည်ကို ပြန်လှန်မေးခွန်း ထုတ်လေ့ မရှိချေ။ အရပ်သားအစိုးရနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက်တိုင်း ကို ထကန့်ကွက်မှုမရှိဘဲ နာခံခြင်းသည် စစ်တပ်၏အရည်အသွေးနှင့် ဂုဏ် သိက္ခာကို တိုးမြှင့်စေမည့် လမ်းစဉ်အဖြစ် လက်ခံထားကြသည်။

နိုင်ငံတိုင်းရှိ စစ်တပ်၏နောက်ခံသမိုင်းနှင့် ဖြတ်သန်းမှုအတွေ့အကြုံ များ မတူကွဲပြာသော်လည်း နိုင်ငံရေးနယ်ပယ်၌ စစ်တပ်ပါဝင်ခွင့် မရှိချေ။ စစ်တပ်သည် တိုင်းပြည်အတွက် မရှိမဖြစ်အရေးပါသည့် အဖွဲ့အစည်း ဖြစ် သော်လည်း ပြည်သူ့ဆန္ဒအရ ရွေးချယ်တင်မြှောက်ထားသော အစိုးရတစ်ရပ် အပေါ် သစ္စာခံပြီး သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်၏ အမိန့်ညွှန်ကြားချက် အတိုင်း နာခံ ဆောင်ရွက်ရပေမည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီပန်းတိုင်သို့ အရောက်ချီတက်မည်ဟု သန္နိဋ္ဌာန်ချထားပါက ဒီမိုကရေစီစံနှုန်းဖြင့် တည်ထောင်ထားသော စစ်တပ် ကောင်းသည် အခြေခံအသွင်အပြင် လက္ခဏာ ၇ ရပ်နှင့် ညီညွတ်ရပေ မည်။

(၁) ပြည်သူ့ကိုယ်စားလှယ်များဖြင့် ရေးဆွဲထားသည့် အခြေခံဖွဲ့စည်း ပုံ ဥပဒေနှင့် တရားဝင်ပြဋ္ဌာန်းထားသော ဥပဒေများမှတစ်ဆင့် စစ်တပ်ကို ထူထောင်ဖွဲ့စည်းရမည်။

(၂) စစ်တပ်၏ အဓိကလုပ်ငန်းတာဝန်မှာ နိုင်ငံတော်လုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်စည်းစိမ် အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်သည်။

(၃) တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ။ မျိုးနွယ်စုများဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် တိုင်းပြည်ကို ကိုယ်စားပြုနိုင်သော ဖက် ဒရယ် တပ်မတော် ဖြစ်ရမည်။ စစ်ရေးလုပ်ငန်းအပြင် အရေးပေါ်အခြေအနေများ ဖြစ်သည့် ရေဘေး၊ ငလျင်ဘေး၊ ရောဂါဘေး စသည့် သဘာဝဘေးအန္တရာယ် များတွင် ပါဝင် ကူညီဆောင်ရွက်ရမည်။

(၄) စစ်တပ်သည် နိုင်ငံရေး၌ လုံးဝကြားနေမှုရှိပြီး မည်သည့်ပါတီ အဖွဲ့အစည်းနှင့်မျှ မဟာမိတ်ဖွဲ့ခွင့် မရှိစေရပေ။

(၅) စစ်တပ်သည် အာဏာရအစိုးရ အဖွဲ့မှစုဖွဲ့ထားသော ကာကွယ် ရေး ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်၌သာ တည်ရှိရမည်။

(၆) လွှတ်တော်က အတည်ပြု ခွင့်ပြုသော ဘတ်ဂျက်ကိုသာ ကာ ကွယ်ရေး ဝန်ကြီးမှတစ်ဆင့် သုံးစွဲရမည်။

(၇) စစ်သည်တော်တိုင်းသည် ပြည်သူလူထု၏ လေးစားမှုကို အမြဲ ထိန်းသိမ်း၍ စစ်ရေးစွမ်းရည်၊ တိုက်ခိုက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် ထက်မြက်စေရန် အစဉ်ကြိုးစားနေရမည် ဖြစ်သည်။

အထက်ပါအချက်များသည် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော ပြည်သူချစ်သော တပ်မတော်ဖြစ်ရေးအတွက် နည်းလမ်း ကောင်းများပင် ဖြစ်ပေသည်။

သမိုင်းကြောင်းအရ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ပြီး ပါလီမန် ဒီမိုကရေစီစနစ်ဖြင့် တာထွက်ခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်များ၌ ပယောဂအမျိုးမျိုးကြောင့် ကသောင်းကနင်း ဖြစ်နေချိန်တွင် တပ်မတော်သည် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့်ပင် နိုင်ငံရေးလောကအတွင်း ဝင်ရောက်လာခဲ့သည်။ ယင်းနောက် နိုင်ငံတော်အာဏာကို နှစ်ပေါင်း ၆၀ ကျော်လုံးလုံး ချုပ်ကိုင်ထားခဲ့သော တပ်မတော်သည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုအချို့အတွက် လမ်းဖွင့်ပေးခဲ့သော် လည်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လက်ရှိ ြီူ အရပ်သားအစိုးရ နှင့် အာဏာခွဲဝေကာ ကျင့်သုံးခွင့်ရယူထားနိုင်ဆဲ ဖြစ်သည်။ စစ်အာဏာရှင် နိုင်ငံများ၏ အထက်မှအောက် စီးဆင်းမှုပုံစံ ပြုပြင်ပြောင်းလဲရေး ပုံစံအရ တပ်မတော်အနေဖြင့် နိုင်ငံရေးလောကမှ လုံးဝထွက်ခွာခြင်းမျိုး မဟုတ်ဘဲ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခြေအနေအရ ဖြေလျှော့ပေးမှု တစ်ရပ်သာ ဖြစ်သည်။ အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ပါက အာဏာအားလုံးကို ပြန်လည် ရယူမည်သာ ဖြစ်သည်။

ဒီမိုကရေစီသန္ဓေမှန်သော ဖွဲ့စည်းပုံအခြေခံ တစ်ရပ်သာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖွဲ့စည်းနိုင်မည် ဖြစ်သည်။ သို့ရာ တွင် လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံချက်ပေးနိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသစ်ပြန်လည်ရေးဆွဲရေး (ဝါ) ပြင်ဆင်ရေးဆွဲနိုင်ရေး သည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် လွန်စွာအရေးကြီးသလို တပ်မတော်၏ အခန်းကဏ္ဍကိုလည်း တိတိကျကျ ပိုင်းဖြတ်ပေးနိုင်မည် ဖြစ်သည်။

ဤသည်ကို နားလည်သဘောပေါက်သော ဗိုလ်ချုပ်ကြီးဟောင်းနှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ထောက်ခံပေးခဲ့သည်သာမက သူကိုယ်တိုင်လည်း မဲပေးခဲ့သည် မဟုတ်ပါ လော။

ယခင်ဆောင်းပါးများ ဖတ်လိုရင် - သည်နေရာကို နှိပ်လိုက်ပါ