Breaking News

မောင်စွမ်းရည် - ရွှေတိဂုံ လွမ်းချင်းကဗျာ




မောင်စွမ်းရည် - ရွှေတိဂုံ လွမ်းချင်းကဗျာ

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၉
ဗိုလ်မှူးချုပ် ကျော်ဇော - ရာပြည့်အမှတ်တရ ပူ ဇော်ကဗျာ

“ကိုရွှေ”… တဲ့
ရန်ကုန်မြို့နေ
ရွှေတိဂုံအခြေအနေ
စမ်းချောင်းမြေက… ကိုရွှေ။

ကိုရွှေ ဆိုတာ…
ရွှေလို သန့်စင်
ရွှေလို မာကျောပြီး
ရွှေလို ဝါဝင်းတောက်ပြောင်သူ။

ကျောင်းသား လူငယ်၊ လူရွယ်ရောက်စ
လူ့ဘဝထဲဝင် ‘သခင်’အဖြစ် ခံယူတယ်။
သခင်အဖြစ်မှာ ကျောင်းဆရာဖြစ်
ကျောင်းဆရာ အဖြစ်မှာ၊ စစ်သားလိုတဲ့အခါ
စစ်ပညာသင် စာရင်းပေးပြီး
ရပ်ဝေးပြည်ရွာ၊ စစ်ရေးလေ့ကျင့်ရာမှာ
လူငယ် လူစွာ သုံးကျိပ်အနက်
သူ့ကိုမှ ကွက်ပြီး မြင်တယ်။

ဗိုလ်အောင်ဆန်းက သူ့ကိုမှရွေး
တာဝန်တွေ ပေးခဲ့တယ်။

စစ်သားလောင်းတွေ ရွေး၊ စစ်ပညာသင်ပေးဖို့
ဗိုလ်လောင်းလေးတွေရွေး၊ စည်းစနစ် ချပေးဖို့
ဗိုလ်ကျော်ဇောရဲ့ တပ်ရင်း (၄) ကို လွှတ်ခဲ့တယ်။

ဖက်ဆစ်ဂျပန် တော်လှန်မယ်ဆိုတော့
ဗိုလ်အောင်ဆန်းက စီစဉ်
သခင်သန်းထွန်းနဲ့ သခင်စိုးတို့နဲ့
တိုးတိုးကျိတ်ကျိတ်၊ တိတ်တိတ်တိုင်ပင်တယ်။

သခင်စိုးကို ပဲခိုးတပ်ရင်း (၄)
ဗိုလ်ကျော်ဇောရဲ့တပ်၊
ဗိုလ်ကျော်ဇောရဲ့ အိမ်အပေါ်ထပ်၊
သူ့အိမ်၊ သူ့ခုတင်၊ သူ့အိပ်ရာမှာ ဝင်ပြီး
ရင်ချင်းအပ်၊ ခေါင်းချင်းဆိုင်၊ တိုင်ပင်ဆွေးနွေး
အနာဂတ်တော်လှန်ရေးကို ရေးဆွဲ အကွက်ချ
ပုံဖော်ခဲ့ကြတယ်။

အောင်ဆန်းက ယုံကြည်သူ
အောင်ဆန်းက အားထားသူ
ဒီလိုလူကို ဗိုလ်နေဝင်းက
ခေတ္တခဏပဲ၊ အသုံးချခဲ့တယ်။

သူ့လူတွေ တိုက်မရတဲ့
နယ်စပ်က ကျူးကျော်သူ
တရုတ်ဖြူစစ်ရန်ကို
ဗိုလ်ကျော်ဇောအား တွန်းလှန်စေခဲ့တယ်။

တရုတ်ဖြူကို အောင်နိုင်ပွဲ၊
ဗိုလ်ကျော်ဇောရဲ့ အောင်ပွဲ
တပ်မတော်ရဲ့ အောင်ပွဲဟာ
ဗိုလ်နေဝင်းရဲ့ အောင်ပွဲ ဖြစ်ခဲ့ပြီ၊
တော်ပြီ၊ တန်ပြီ၊ ဟန်ပြီ
တိုက်စရာတွေ ကုန်ပြီ။

ကဲ… ဗိုလ်ကျော်ဇော သွားတော့၊
မင်းသွား၊ မင်း နားချေတော့။

ဗိုလ်ကျော်ဇောကို တပ်က ထုတ်တော့
တပ်အပြင်မှာ ကုပ်၊ မြုပ်မသွားခဲ့ဘူး။

တပ်မတော် စစ်သားက
ငြိမ်းချမ်းရေး စစ်သားတဲ့
ပြည်သူတွေကြားမှာ ဘွားခနဲ ပေါ်ထင်
ဗမာပြည်တခွင် ငြိမ်းချမ်းရေးခရီးစဉ်မှာ
သဘင်သည်လည်း ပါ၊ စာရေးဆရာတွေလည်း ပါ
အလုပ်သမား၊ လယ်သမားနဲ့
နိုင်ငံရေးသမားတွေ ပါတယ်။

စစ်ဆန့်ကျင်ရေး စစ်သား၊ ငြိမ်းချမ်းရေးသမား
ပြည်သူ့စစ်သား၊ ပြည်သူတွေကြားမှာ
ဘွားခနဲ ပြန်ပေါ်
ငြိမ်းချမ်းရေး အရေးတော်ပုံ
လူစုံ တက်စုံ ဘဝဂ်တုန်ခဲ့ပြီ။

မောင်စွမ်းရည် လာ၊ ကဗျာရေး
ပေါ်ဦးသက် လာ၊ ပန်းချီပုံပေး
ဘကြီးမှိုင်းရဲ့ ဘေးမှာ
စာရေးဆရာ မြသန်းတင့်
စာရေးဆရာ ဗန်းမော်တင်အောင်
စာရေးဆရာ လင်းယုန်မောင်မောင်နဲ့
မောင်လင်းယုန် ဆိုတဲ့ ရှမ်းကြီးလည်း လာ
ဒဂုန်တာရာ၊ မုံရွာတင်ရွှေ
ရှေ့နေကြီး ဦးထွန်းတင်
သခင်အုန်းမြင့်၊ သခင်ဗဟုန်
သခင်တွေလည်း အစုံပေါ့
ဒဂုန် ဒလ၊ အကုန်ထကြ
အကုန်ကြွကြပေရော့။

ပြည်သူတွေ လက်တွဲ ငြိမ်းချမ်းရေးပွဲ
ဆင်နွှဲကြမယ်ပေါ့။

ငြိမ်းချမ်းရေးရှုခင်းကို
ဗိုလ်နေဝင်း မမြင်လိုဘူး။

အချို့ကို ထောင်သွင်း၊ အချို့ကို သင်္ချိုင်းပို့
အချို့ကို တောထဲ မောင်းထုတ်၊
တရုတ်ပြည်၊ ကုလားပြည်၊
ယိုးဒယားပြည်၊ ဗီယက်နမ်မက
အမေရိကနဲ့ ဥရောပ
သွားကြ သွားကြ
မသွားလို့ကျန်၊ ထောင်ဒဏ် ကျွန်းဒဏ်
သေဖို့ကြံရော့။

တင်မိုးနဲ့ မောင်စွမ်းရည်က
အမေရိကန်ပြည်ကို ရောက်
သူ့ညီတယောက် နှစ်ယောက်၊
တရုတ်ပြည်ကို ရောက်။
သူ့တူနှစ်ယောက် သုံးယောက်
ထိုင်းနယ်စပ်ကို ဖောက်၊
လူတသောင်းလောက်နဲ့
အရှေ့ အနောက်၊ တောင် မြောက်
ဟိုရောက် သည်ရောက် ရောက်ခဲ့ကြပြီ။

ဗိုလ်ချုပ်ကျော်ဇောလည်း တောထဲကိုဝင်၊
တောင်ပေါ်ကို ဖောက်၊ တရုတ်ပြည် ရောက်သတဲ့။
ဇနီးလည်း ပါ၊ သမီးလည်း ပါ
သားတွေလည်း ပါသပေါ့၊ သူများရဲ့ ပြည်ရွာမှာ
တခါတရံ ဘူးပင်စိုက်၊ တခါတရံ ပဲပင်စိုက်
ငါးနှိုက်မရ၊ ဖားရိုက်မရတဲ့အခါ
တခါတလေ ကြက်မွေး၊ တခါတလေ ဘဲမွေး
စာရေးတဲ့အခါလည်း ရေး၊ စာဖတ်တဲ့အခါလည်း ဖတ်ပေါ့။

လူထုဒေါ်အမာ၊ သူ့အစ်မကြီးက မှာသတဲ့
ရှင် ရောက်ရာအရပ်မှာ စာရေးပါ။
ရှင့်အတ္ထုပ္ပတ္တိ၊ ရှင် သိတာ ရှင်ရေး၊
မရေးဘဲ မနေနဲ့၊ ရေးဖြစ်အောင် ရေးလို့
မပြေးခင် တခေါက်၊ လူထုတိုက် ရောက်တဲ့အခါ
အထပ်ထပ် မှာရှာသတဲ့။

ဒီလိုနဲ့ သေနတ်ကိုင်တဲ့လက်
ချိုးငှက်ခိုတဲ့၊ ပြည်ညောင်ညိုရိပ်
တဆိတ် နားနေဆဲ၊ ကလောင်ကို ကိုင်စွဲရာမှာ
မရဲတရဲနဲ့၊ အားခဲသူ စစ်ဗိုလ်ခမျာ
ဒေါ်အမာ သူ့အစ်မကြီး စကားနဲ့
ငြိမ်းချမ်းရေးစစ်သားက
ဘဝတွေ တဖြစ်ခြားပြီး
စစ်သားက စာရေးဆရာ ဖြစ်ရ
သူ့ဇာတ် သူ့ဘဝ၊ စ - လယ် - ဆုံး
သိမ်းကျုံးပြီး မချုံးဘဲ ရေးလိုက်ပြီ။

ရေးပြီးလို့ ရပ်ပြန်တော့၊ မပြတ်တဲ့အတွေး
ကျွမ်းကျွမ်းငေးငေး လွမ်းလွမ်းဆွေးဆွေး
မျှော်ငေးတမ်းတ၊ ရပ်စ ရွာစ
ဆိုင်းစုမှ စမ်းချောင်း ငယ်ပေါင်းတွေနဲ့
အဟောင်းတွေ အသစ်ဖြစ်
မြစ်ကြီး ဧရာဝတီနဲ့၊ ဗမာပြည် ရန်ကုန်
ရွှေတိဂုံကို၊ အာရုံမျက်မြင်
ဖူးရောက်ချင်သည်
ငှက်သွင်ပျံကြွ မတတ်သော်တဲ့။
စက်ရှင်စံမျှ ရဟတ်သော်။

ဪ… ရွှေတိဂုံ… တဲ့။
သူပုန်တယောက်…
အာရုံရောက်လည်း၊ ရောက်ရန်ခက်စွ
သည်ဘဝဝယ်၊ ရုပ်က မရောက်
ဝိညာဉ်ရောက်စေ… ။

နောက်နောင်ဘဝ လူ့လောကတွင်
ဗမာ့သူမြေ၊ ဖွားရာမြေမှာ
နေလဲသည်ရပ်၊ သေလည်း သည်ရွာ
မခွာဘဲလျှင်၊ ဖြစ်ရချင်သည်
ပြည်ခွင် ငြိမ်းချမ်းပါစေသော်ဝ်။
သည်တွင် ကိန်းခန်းကျေပါစေသော်ဝ်။


မောင်စွမ်းရည်
၃၀၊ မေ၊ ၂၀၁၉