Breaking News

ဇင်လင်း - ၂၀၂၀ နှစ်သစ် နှင့် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ခွင့်ရရေးကိစ္စ



ဇင်လင်း - ၂၀၂၀ နှစ်သစ် နှင့် စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ခွင့်ရရေးကိစ္စ

(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၂၀


မြန်မာ့နိုင်ငံရေး ရာသီဥတုသည် အမြဲလိုလို အုံ့ဆိုင်း မှုန်မှိုင်းနေသည်။ ပြည်သူလူထုက ငြိမ်းချမ်းရေးနေခြည် ဖြာဝေမည့် နေ့ကို စောင့်မျှော်နေခဲ့ကြသည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ ငြိမ်းချမ်းရေးအတွက် နက်ဖြန်ပေါင်းများစွာကို မျှော်လင့်ရင်း တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) ကိစ္စ မည်သည့် အခြေအနေ ရောက်နေပြီလဲ ဆိုသည်ကို စောင့်ကြည့် နေကြသည်။ သို့သော်လည်း NCA ဆွေးနွေးပွဲများသည် ရှေ့မတိုးနောက်မဆုတ် အနေအထားမှ မရွေ့ဘဲ ရှိနေသည်။ ရှေ့တစ်လှမ်း တက်နိုင်ရန် ကြံဆ ကြိုးပမ်း ညှိနှိုင်းနေရဆဲဖြစ်သည်။ ယနေ့တိုင် NCA ကိစ္စ ဘုံသဘောတူညီမှု မရနိုင် သေးဘဲ ရှိသည်။

နှစ်ပေါင်း ၇၀ ကျော်လွန်ခဲ့သည့်တိုင် ငြိမ်းချမ်းရေး၏ အရိပ်အရောင်ကို မမြင်ရသောကြောင့်၊ နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် မျှော်မှန်းချက်ကိုပင် မျှော်မှန်းရ ခက်နေသည်။ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးညှိနှိုင်းနိုင်ရန် အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ အကြား သဘောတူစာချုပ်များ အကြိမ်ကြိမ် လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် စာရွက် ပေါ်မှ သဘောတူညီချက်များသည် လက်တွေ့မြေပြင်တွင် အကောင်အထည် ပေါ်မလာဘဲ ဖြစ်နေသည်။ ထိုသို့ဖြစ်ရ သည်မှာ NCA စာချုပ်ပါ သဘောတူညီမှုများကို နားလည်လက်ခံပုံ၊ အဓိပ္ပာယ်ဖွင့်ဆိုပုံများ ကွဲလွဲနေသောကြာင့်ဟု ဆိုသည်။

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIA)၊ တအာင်း အဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) တို့သည် ဒီဇင်ဘာ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံ၍ အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် ဆွေးနွေးညှိနှိုင်းခဲ့သည်။ တွေ့ဆုံပွဲတွင် အစိုးရဘက်မှ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း)၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၊ ကော်မရှင် အဖွဲ့ဝင် ဦးမိုးဇော်ဦးတို့ ပါဝင်ပြီး မြောက်ပိုင်းလေးဖွဲ့ဘက်မှ KIA အထွေထွေအတွင်းရေးမှူး ဦးလနန်၊ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်တို့ အပါအဝင် TNLA နှင့် MNDAA ကိုယ်စား လှယ်များပါဝင်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံမှုသည်အလွတ် သဘောဆွေးနွေးမှုဖြစ်သည်။ နှစ်ဖက်အပစ် ရပ်သဘောတူစာချုပ် (Bilateral Ceasefire Agreement) လက်မှတ် ရေးထိုးနိုင်ရေး ဆက်လက် ညှိနှိုင်းရန် လာမည့် ၂၀၂၀ ဇန္နဝါရီ နောက်ဆုံးပတ်၌ အလွတ်သဘောဆွေးနွေးပွဲ ထပ်မံပြုလုပ်မည်ဟု သဘောတူခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲ ရလဒ် အသေးစိတ်ကို မသိရသေးသော်လည်း နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရေးကိစ္စ၊ နောက်ထပ် ကျင်းပမည့် ဆွေးနွေးပွဲကို မည်သည့်အချိန်၊ မည်သည့်နေရာ၌ ကျင်းပမည်ဆိုသည့် အစီအစဉ်ပိုင်းဆိုင်ရာများကိုသာ ဆွေးနွေးမည်ဟု ယူဆကြောင်း (KIO/KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ အစိုးရ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့သည် Bilateral အပစ်ရပ်စဲရေး ဆောင်ရွကနိုင်ရန် ၂၀၁၈ ခု ကတည်းက ညှိနှိုင်းခဲ့သည်။ ၂၀၁၉ အတွင်း မူဆယ်၊ မိုင်းလား၊ ကျိုင်းတုံမြို့တို့၌ လေးကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ၌ အပစ်ရပ်စဲရေး စာချုပ် ချုပ်ဆိုရန် စာချုပ်မူကြမ်းများကို အပြန်အလှန် အဆိုပြုခဲ့သည်။ယင်းစာချုပ်မူကြမ်းများတွင် တပ်နေရာချထားရေး အပါအဝင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စ၊ အပစ်ရပ်စာချုပ် သဘောတူညီပြီးနောက် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်းရန် ကိစ္စတို့ ပါဝင်သည်ဟု ဆွေးနွေးပွဲ ကိုယ်စားလှယ်အချို့က ပြောကြောင်း သိရသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ကျင်းပသည့် ကျိုင်းတုံဆွေးနွေးပွဲ၌ Bilateral အပစ်ရပ်စဲရေး ဆောင်ရွက်ရာတွင် စာချုပ်ထဲ၌ ဖော်ပြရန် အဆိုပြုချက် (၈)ချက် အနက် နှစ်ဖက်သဘောတူ ညှိနှိုင်းထားသည့် ဆက်လက်ဆွေးနွေးရန် အချက် (၇)ချက် ကို အစည်းအဝေးမှတ်တမ်းအဖြစ် အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့ ခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည်။

ယင်း (၇)ချက်တွင် တိုက်ပွဲများ လုံးဝရပ်ဆိုင်းရေး ဆောင်ရွက်ရန်၊ စစ်ရှောင်များနေရပ်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စ ညှိနှိုင်းဆောင်ရွက်ရန်၊ တပ်နေရာချထားရေးနှင့် စစ်ဘက်ဆိုင်ရာစည်းမျဉ်းစည်းကမ်းများ ဆက်လက်ဆွေးနွွေးရန်၊ ဆက်သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများထားရှိရေးဆောင်ရွက်ရန်၊ ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာများ ဆောင်ရွက် ရန်၊ နှစ်ဖက်လက်ခံသည့် ပဋိပက္ခဖြေရှင်းရေးနည်းလမ်းရရှိေရး ဆွေးနွေးရန် စသည့် အချက်များပါဝင်သည်။ ထို့ပြင် အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံရန် ကျိုင်းတုံဆွေးနွေးပွဲ၌ သဘောတူခဲ့သော်လည်း မြောက်ပိုင်း ၄ ဖွဲ့ အနက် အချို့အဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခြင်းအပါအဝင် မပြေလည်မှုများကြောင့် ကျင်းပနိုင် ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ယခု ဒီဇင်ဘာ ၁၅ တွင် တရုတ်နိုင်ငံ၌ အလွတ်သဘော တွေ့ဆုံညှိနှိုင်းနိုင်ခြင်း ဖြစ်သည်ဟု သတင်းနှင့်မီဒီယာကွန်ရက် (NMG)သတင်းများအရ သိရသည်

အပစ်ရပ်လက်မှတ် မရေးထိုးမီ နှစ်ဖက် ဖမ်းဆီးထားသူများ လွှတ်ပေးရေးကိစ္စ အရင် ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားအလှယ်အဖွဲ့ကို တရုတ်နိုင်ငံ ကူမင်းမြို့တွင် တနင်္ဂနွနေ့ တွေ့ဆုံစဉ် တင်ပြ ခဲ့သည်။

မြောက်ပိုင်းမဟာမိတ်ဘက်က တင်ပြချက်များနှင့်ပတ်သက်၍ ဆွေးနွေးပွဲတက်ခဲ့သော ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် Peacetalk Creation Group (PCG) မှ ဒူဝါ လမိုင် ဂွမ်ဂျာ (Duwa Lamai Gum Ja) က ကချင်သတင်းဌာန KNG သို့ အောက်ပါအတိုင်း ပြောသည်။

“ဖမ်းဆီးထားတဲ့ ဟိုဖက် ဒီဖက် (အစိုးရ နဲ့ မြောက်ပိုင်းမဟာမိတ်) လူတွေကို အရင်ဆုံး လွှတ်ပေးရေးကိစ္စနဲ့ ရှေ့ဆက်ပြီး တော့ ဖမ်းဆီးတာမျိုး မပြုလုပ်ရန်ကိစ္စ စတာတွေပါတဲ့ အချက် (၃)ချက်ကို ပြေလည်အောင် ဆွေးနွေးပြီးမှ အပစ်ရပ် လက်မှတ် ထိုးမယ်လို့ဆိုထားတယ်။”

ယင်းတင်ပြချက်နှင့် ပတ်သက်၍ လက်ရှိအချိန်အထိ ဆွေးနွေးနေဆဲဖြစ်သဖြင့် လာမည့် ၂၀၂၀ နှစ်သစ် ဇန္နဝါရီလတွင် နှစ်ဖက် ဆက်လက် တွေ့ဆုံဆွေးနွေးသွားရန် သဘောတူခဲ့သည်ဟု ဒူဝါ လမိုင် ဂွမ်ဂျာ က ဆိုသည်။ ကချင်ပြည်နယ် အတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အကြား တိုက်ပွဲများ ရပ်နေချိန်တွင် လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း KIA အဖွဲ့ဝင် (၄)ဦးကို တပ်မတော်မှ ဖမ်းဆီးခြင်း ပြုလုပ်ခဲ့သည်။ အင်းတော်ကြီးအိုင်ဒေသ ကချင် လွတ်လပ်ရေးအဖွဲ့(KIO) တိုက်နယ်အုပ်ချုပ်ရေးမှုး အပါဝင် KIA တပ်ရင်း (၂၆) နှင့် တပ်ရင်း (၄၄)မှ စစ်သားစုစုပေါင်း (၄)ဦးကို လွယ်ပေါရွာတွင် မြန်မာစစ်တပ် ခလရ (၄) ဗိုလ်ကြီး ဇော်ဦး ဦးစီးသောတပ်ဖွဲ့မှ နိုဝင်ဘာလ (၂၈)ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း KIA က ဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်သည့် ကချင် (KIA)၊ ရခိုင် (AA)၊ တအာင်း (TNLA) နှင့် ကိုးကန့် MNDAA စသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက တရုတ်အစိုးရ ကြားဝင်ကူညီမှုအရ မြန်မာအစိုးရ၊ တပ်မတော်နှင့် နှစ်ဖက် bilateral အပစ်ခတ်ရပ်စဲရေးကိစ္စကို ၂၀၁၈ ခုနှစ်ကတည်းက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခုချိန်ထိ လက်မှတ် မထိုး နိုင်သေးဘဲ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေဆဲရှိသည်။

ဤအတောအတွင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲ ပြင်းထန်မှုမရှိတော့သည့် ကျေးရွာ(၁၀) ခုမှ ကချင်စစ်ဘေးရှောင်များ ကို လာမည့် နှစ်ဆန်းပိုင်းတွင် နေရပ်ပြန်အခြေချနိုင်ရန် စီစဉ်နေသည်ဟု ‘ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့’ (KHCC) က ဒီဇင်ဘာ ၂၁ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြောင်း ကချင်သတင်းဌာန KNG က ဖေါ်ပြသည်။ အိမ်ခြေ ၅၀ဝ နှင့် လူဦးရေ ၃၀ဝဝ ကျော်ကို လာမည့် ၂၀၂၀ ဇန်နဝါရီလဆန်းမှ ဧပြီလအတွင်း ပြန်လည် ထူထောင်ရေး အတွက် စီစဉ်နေသည်ဟု ဆိုသည်။ ၎င်းတို့ကို ဂျပန်အစိုးရ၏ နိပွန်ဖောင်ဒေးရှင်း ကလည်း ဒေါ်လာ ၅ သန်းကျော် ထောက်ပံ့သွားမည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးတွင် KBC နှင့် Nippon Foundation တို့ ပူးတွဲ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ စစ်ရှောင်ပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာရန်အတွက် အစွမ်းကုန် ထောက်ပံ့သွားမယ်။ နေရပ်ပြန် စစ်ရှောင်ပြည်သူများရဲ့ မူလရပ်ရွာများမှာ ပြန်လည်နေထိုင်ပြီး လယ်ယာလုပ်ငန်းများ၊ အခြားသော လုပ်ငန်းများ ရရှိအောင် ကူညီသွားမယ်။ ဒါဟာ ကျနော်တို့ရဲ့ ပထမဆုံးအကြိမ် ကူညီထောက်ပံ့မှု ခြေလှမ်း တစ်ရပ်လည်း ဖြစ်ပါတယ်။ ဘယ်လိုထောက်ပံ့မှုတွေ ပြုလုပ်သွားရင် ကောင်းမလဲဆိုတာကို KBC နဲ့ ဆွေးနွေးထားပါတယ်။” ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ မစ္စတာ ရိုဟေး ဆာဆာကာဝါ ပြောကြားသည်။

ပြန်လည်နေရာချရေးကိစ္စ ဆုံးဖြတ်ရာ၌ တိုက်ပွဲ မဖြစ်ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ရပ်ရွာများ၊ တစ်ဖက်အစိုးရ (သို့ မဟုတ်) လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆုံးဖြတ်၍ ရနိုင်သော ကျေးရွာများ၊ ၂၀၁၁မှ ယနေ့အထိ အတည် တကျ ခိုင်မာစွာရှိနေသောကျေးရွာများ စသည့် အခြေခံ ၃ ချက် အပေါ်သုံးသပ်ကာ ကျေးရွာ ၁၀ ခုကို ရွေးချယ်ထား ကြောင်း KHCC အဆိုအရ သိရသည်။ ထိုသို့ နေရပ်ပြန်မည့်သူများအတွက် KHCC မှ အခြေခံ အဆောက်အဦး၊ စားနပ်ရိက္ခာ တစ်လမှ ၃လအထိ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် မြေယာများ ပြန်လည်ဖော်ပေးခြင်းများကို အကူအညီ ပေးသွားမည်ဟု KHCC ဒုတိယအတွင်းရေးမှူး ဦးခါးလီက ပြောကြောင်း KNG သတင်းအရ သိရသည်။ စစ်ရှောင်ကာလ ၉ နှစ်ခန့် ကြာရှည်လာသည် နှှင့်အမျှ စစ်ရှောင်ပြည်သူများ၏ နေရပ်ပြန်လိုသည့် ဆန္ဒကို ထိန်းချုပ်ရန် ခက်ခဲလာကြောင်း Kachin Humanitarian Concern Committee (KHCC) နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌ Dr. Hka Lam SamSon က ပြောဆိုသည်။

“အရင်အစိုးရလက်ထက်တုန်းကဆို စစ်ရှောင်နေရပ်ပြန်နိုင်ရေး လုပ်ဆောင်ခဲ့တာကို ကျနော်တို့ မထောက်ခံခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ လူထုဆန္ဒမပါဘဲ ပြန်ခိုင်းတဲ့ ပုံစံ ဖြစ်နေတယ်။ အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းမှသာ ပြန်ဖို့ ခိုင်ခိုင် မာမာ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် အခု စစ်ရှောင်တာ ၉ နှစ်လောက်ရှိလာပြီ။ ဒါကြောင့် စစ်ရှောင်တွေရဲ့ နေရပ်ပြန်ရေး ဆန္ဒကို မထိန်းနိုင်တဲ့ အခြေနေဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ဒေသမှာ နေရပ်ပြန်နိုင်ရေး ကော်မတီတွေ ဖွဲ့လာကြတယ်။ ဒါက အစိုးရကို ရည်ရွယ်ပြောနေတာလည်း မဟုတ်ဘူး။ တစ်ဖက်က KIA ကိုလည်း ခဏခဏ သွားပြော နေတာ။ နောက်အသင်းတော်တွေမှာလည်း နေရပ်ပြန်ဖို့အတွက် အစည်းအဝေးတွေ နှိုးဆော်မှုတွေ တော်တော်များလာ နေပြီ။ ကျနော်တို့အနေနဲ့ ဒီအခြေအနေရောက်မှ ထပ်စောင့်နေရင် အချင်းချင်းပေါက်ကွဲမှုတွေ ဖြစ်လာတော့မယ်။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့က ပြန်ဖို့လမ်းဖွင့်ပေးတာပါ။” ဟု ဒေါက်တာ ခလမ်ဆမ်ဆန် က ဆိုသည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံတွင် ကချင်စစ်ဘေးရှောင် ဒုက္ခသည်များကိစ္စနှင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒက်ရှ်နိုင်ငံဘက် ထွက်ပြေးကြသော ဒုက္ခသည်များကိစ္စတို့ကို အာရုံစိုက်နေချိန်၌ နိုင်ငံအရှေ့တောင်ပိုင်း ကရင်ပြည်နယ်ရှိ ပြည်တွင်း ရွှေ့ပြောင်းထွက်ပြေးတိမ်းရှောင်‌ေနကြရသူ (IDP) များနှင့် ပတ်သက်၍ လေ့လာတင်ပြထားသည့် အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာသည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာအခြေစိုက် IDMC ခေါ် ပြည်တွင်းနေရာရွှေ့ပြောင်းရမှု စောင့်ကြည့်အဖွဲ့က လေ့လာပြုစုထားသော "ပြေးရင်းလွှားရင်း မွေးခဲ့ရတယ် ကလေးရယ်" (Before you were born, your mother ran) ဟု ခေါင်းစဉ်တတ်ထားသော အစီရင်ခံစာ၌ မြန်မာပြည်တွင်းစစ်ဘေးကြောင့် အကြိမ်ကြိမ် ပြေးလွှားပုန်းအောင်း နေရာရွှေ့ ပြောင်းနေခဲ့ကြရပြီး နောက်ဆုံး တစ်ဖက်နိုင်ငံအတွင်း ဝင်ရောက်ခိုလှုံခဲ့ကြရသူများအေကြာင်း လေ့လာတင်ပြထားသည်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ ပြည်တွင်းနေရာရွှေ့ပြောင်းနေရသူ IDP တသိန်းခြောက်သောင်းကျော် ရှိနေကြောင်း IDMC အစီရင်ခံစာက ဆိုသည်။ အချို့က တောတောင်တွေထဲတွင် ခိုအောင်းနေကြဆဲ ဖြစ်သည်။ အချို့မှာ တပ်မတော် က အတင်းအကြပ် ချပေးထားသည့် နေရာများတွင် နေကြရသည်ဟု ဖော်ပြထားသည်။

လတ်တလောတွင် ငြိမ်းချမ်းရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် အစိုးရတပ်တို့အကြား ဆွေးနွေးပွဲများ ပုံမှန်ပြုလုပ်နေသော်လည်း တိုက်ပွဲများလည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။ ကချင် ပြည်နယ်တွင် တပ်မတော်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့အထိ ၉ လကြာ ထိုးစစ်ရပ်ထားခဲ့ပြီးနောက် အောက်တိုဘာလလယ် လောက်ကစ၍ ကချင်ပြည်နယ်ထဲတွင် တိုက်ပွဲများ ပြန်ဖြစ်ခဲ့သည်။ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာအနီး တွင် နိုဝင်ဘာ လကုန်ပိုင်းက တိုက်ပွဲ ပြန်ဖြစ်ခဲ့ပြီး KIA ရှေ့တန်းကာကင်းတစ်ခုနှင့်လက်နက်ခဲယမ်းများ သိမ်းယူခံလိုက်ရ ကြောင်း KIA ဘက်က အတည်ပြုခဲ့သည်။ ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာဒေသခံ အိမ်ထောင်စု ၉၈ စုသည် အစိုးရနှင့် တပ်မတော် ၏ အစီစဉ်ဖြင့် နေရပ်သို့ပြန်၍ အခြေချနေကြပြီဟု သိရသည်။ သို့သော် လွန်ခဲ့သည့် နိုဝင်ဘာလက ကျေးရွာအနီး တိုက်ပွဲ ဖြစ်ခဲ့သဖြင့် နေရပ်ပြန်လာသူများ ပြန်လည်ထွက်ပြေးရမည့် အခြေအနေအထိ ဖြစ်ခဲ့ သည်။ စစ်ရှောင်အများစုသည် လုံခြုံစိတ်ချသည့် အခြေအနေရောက်မှ နေရပ်ပြန်လိုသော်လည်း ကျေးရွာများရှိ သူတို့၏ မြေယာပိုင်ဆိုင်မှုများ ဆုံးရှုံး မည်ကို စိုးရိမ်နေကြသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲရှောင် ၁၂၀,ဝဝဝ ဝန်းကျင် ရှိသကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း တိုက်ပွဲရှောင် ထောင်ဂဏန်းရှိကြောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲရှောင် ၁ သိန်းဝန်းကျင်ရှိနေပြီး ပလက်ဝတွင် ၄၀ဝဝ ဝန်းကျင်ရှိကြောင်း၊ အရပ်ဖက်အဖွဲ့အစည်း များက ဆိုသည်ဟု မဇ္ဈိမသတင်း၌ ဖေါ်ပြသည်။ ထိုတိုက်ပွဲများအကြားမှ မြေစာပင်ပေါင်းမြောက်မြားစွာ ၂၀၂၀ နှစ်သစ် တွင် နေရပ်ပြန်ခွင့်ရရေးသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ေခါင်းဆောင်များအားလုံး၏ နိုင်ငံနှင့် ပြည်သူအပေါ် ထားရှိသည့် စိတ်စေတနာ အပေါ်၌ တည်မှီနေသည်ဟု သုံးသပ်မိသည်။။။။

၂၀၁၉ ဒီဇင်ဘာ ၃၀ ရက်၊ ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး။