Breaking News

မင်နီရှဲလ် - အသုဘရှု

Than Htay Maung


မင်နီရှဲလ် - အသုဘရှု 

(မိုုုုုးမခ) မေ ၁၊ ၂၀၂၀

အသုဘခန်းမကြီးက လမ်းဘေးမှာရှိသော်လည်း ကုန်းမြင့်ပေါ်မှာမို့ သာမာန်လမ်းလာတွေအဖို့ သတိထားမိစရာသိပ်မရှိ။ လမ်းပေါ်ကကြည့်ရင်လည်း ခန်းမကြီးရဲ့ရှေ့ဖက်ကိုမမြင်ရဘဲ ဘေးဖက်ကသာမြင်ရသည်။

အခုလိုကိုယ်တွေ့ရောက်ဖူးတော့မှပဲ ဘယ်လောက်ကြီးကျယ်ခန်းနားသလဲ ဆိုတာတွေ့ရတော့သည်။

ကားပါကင်အကျယ်ကြီးထဲမှာ ကားရပ်လိုက်ပြီး အသုဘခန်းမကြီးဆီလျှောက်လာကြသည်။ ခပ်ဝဝမိန်းမမှာ အနက်ရောင်ဆွယ်တာ၊ အနက်ရောင်ကချင်လုံချည်နှင့် စိတ်မကောင်းသောမျက်နှာကို တမင်ဖန်တီးယူထားသည်။ သူနှင့်အဖော်လိုက်လာသော မုန့်ကြိုးလိမ်နှင့်တူသည့် ခပ်ပိန်ပိန်မိန်းမကခန်းမကြီး အရှိန်အဝါကိုရွံ့ကြောက်သည့်ပုံမျိုး စိုးရိမ်စိတ်နှင့် လျှောက်လာသည်။

'ဖိတ်စာတွေဘာတွေ ပြရသေးလားမမ'

'အိုး -ဘာမှမလိုပါဘူး အေ၊ လာမှာ လာ စမ်းပါ'

အဆောက်အဦးကြီးအဝင်ဝမှာ အဖြူရောင်ကျောက်တိုင်ကြီးများနှင့်အတူ ခန့်ညားသော တံခါးကြီးတခုရှိသည်။ အဝင်ဝခန်းမကြီးထဲတွင် အဖြူရောင်မာဘယ်လ်ကျောက်ပြားများ ခင်းထားသောကြောင့် လင်းထိန်နေသည်။ အဝင်ခန်းမထဲတွင် ဘာမှမရှိဘဲပန်းအိုးလှလှကြီးတစ်လုံး တင်ထားသောစားပွဲသာရှိသည်။

ညာဖက်ခန်းမထဲသို့ ချိုးလိုက်မှအသုဘအခမ်းအနားရှိရာသို့ ရောက်သွားလေသည်။ အဝင်ဝမှာကွယ်လွန်သူအဖိုး ငယ်စဉ်ကဓာတ်ပုံကြီးတစ်ပုံ ထောင်ထားသည်။ လာရောက်သူဧည့်ပရိသတ်များ အမှတ်တရလက်မှတ်ထိုးရန် ရွှေရောင်ဖောင်းကြွစာအုပ်ထားသည်။ ရွှေရောင်ဖောင်တိန်ကိုမူကြိုးနဲ့ချည်ထားသည်။ ဂုဏ်သရေရှိပရိတ်သတ်ကြီးက အတိုအလျှိုလုပ်မှာကြောက်သလားတော့မသိ။

စားပွဲထိုးလေးတွေကလင်ပန်းလေးများဖြင့် စားစရာလိုက်ဝေပေးနေသည်။ အသားညှပ်ပေါင်မုန့်အသေးလေးများ၊ မှိုအစာသွတ်၊ ချိစ်နှင့်ခရက်ကာ၊ ဂဏန်းကင်၊ ကြက်သားစမူဆာစသည်ဖြင့်။ပရိသတ်တို့မှာ အော်ဟစ်ငိုယိုသူမရှိ။ ခပ်တိုးတိုး စကားပြောနေကြသည်။

'ဒါတွေစားမယ့်အစား ၊ ထမင်းနဲ့ခရမ်းချဉ်သီးငပိချက်လေး ကျွေးတာကမှ ဗိုက်ဝအုံးမယ် အေ'

ခပ်ဝဝမိန်းမစိတ်တိုနေပုံရသည်။ အခေါင်းကိုဖွင့်မထားဘဲပိတ်ထားသောကြောင့် VIEWING လို့ပြောလို့တော့မရပါ။

'အော် မမနိူရင်းကြွပါ၊ ရောက်လာတယ်နော်၊ ပေါ်လာ က ရုတ်တရက်မမှတ်မိဘူး'

ခပ်ဝဝမိန်းမ သူ့ကို ဂရုစိုက်သူ ပေါ်လာသောကြောင့် စိတ်ပြေသွားသည်။

'ဟုတ်တယ်မမ၊ ပါပါက သေနေ့စေ့ပါတယ်လို့ပြောရမှာပါ၊ အသက်ကလည်း ကိုးဆယ်နီးပြီလေ။ ဘာမှသိပ်မခံစားရပါဘူး၊ ညင်ညင်သာသာပါပဲ။ ဘုရားဒကာ၊ ကျောင်းဒကာ၊ သိမ်ဒကာ၊ ရဟန်းဒကာလေ။ အမျိုးသားကတော့ ဒီညမှာဥရောပကပြန်ရောက်မယ်။ သူကလည်းသူ့အလုပ်မှာ တာဝန်ကြီးယူထားတာဆိုတော့၊ ခွင့်ရုတ်တရက်မရဘူး၊ ပါပါကသိပ်အမျှော်အမြင်ကြီးတာ၊ သူ့မြေးမလေးကို ရိုးရိုးကျောင်းတွေမှာတောင်မထားဘူး၊ ပရိုက်ဗိတ်စကူးလ်မှာထားမှ ငါ့မြေးကြီးလာရင် လူရာ၀င်မှာတဲ့၊ ဒါနဲ့ပေါ်လာတို့မှာ နှစ်စဉ်သောင်းချီကုန်တယ်ပေါ့'

'မမ၊ အဲ့ဒီမိန်းမနာမည်က ပေါ်လာတဲ့ ဟီဟိ '

'မနောက်ပါနဲ့အေ၊ သူတို့ကဒီလိုပဲဘိုဆန်တယ်'

'လူထင်သလောက်သိပ်မရှိဘူးနော်၊ ရာသီဥတုကြောင့်ထင်ပါရဲ့။'

'နင်ကလည်း၊ မသိတာကျနေတာပဲ။ သူအဖေကဟိုးရှေးတစ်ဆော်မှာ လူတွေ ဒုက္ခရောက်အောင်၊ ထောင်ကျအောင်၊ မိသားစုတွေကွဲအောင်၊‌ သေရာပါဒဏ်ရာရအောင် လုပ်ခဲ့တာလေ၊ တုတ်ကောက်ကြီးဆိုရင် အသံကြားတာနဲ့ ကြောက်သွားကြတယ်။ သူတို့ကသာညင်ညင်သာသာသေသွားတယ် ဘာညာပြောနေတာ မသေခင် လေဖြတ်ရောဂါဖြစ် အိပ်ရာထဲလဲ နေတာမှအကြာကြီးတဲ့။ ငါ့ယောက်ျားအသိစာရေးဆရာတစ်ယောက်ဆို အရိုက်ခံရလို့ လမ်းကောင်းကောင်းပြန်မလျှောက်နိုင်တော့ဘူး၊ ဒီလိုဒုက္ခရောက်သွားတဲ့သူတွေမှ အများကြီးပဲ။ ဟိုမှာတွန်းလှည်းထဲမှာ ထိုင်နေတဲ့အဖိုးကြီးတွေ့လား၊ သူက တုတ်ကောက်ကြီးနဲ့ခမည်းခမက်လေ၊ အရင်ကဆရာဝန်ကြီး၊ မိန်းမ သိပ်ရှုပ်ခဲ့တဲ့သူပေါ့၊ တရားကျဖို့ကောင်းလိုက်တာ ခုလောက်ဆို တုတ်ကောက်ကြီးတော့ ယမမင်းကြီးဆီမှာ အယူခံဝင်နေပြီလား မသိဘူး အင်း'

ခပ်ဝဝမိန်းမ ဒေါသထွက်လာပုံရသည်။ စားပွဲထိုးတွေရော၊ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေရော၊ ကုမ္မာရီအရွယ်မြေးမလေးကို မသိမသာခိုးကြည့်နေကြသည်။ ကလေးမကတော့ ဘာမှသိဟန်မတူ၊ ဂရုစိုက်မိဟန်မတူ။ ငွေရောင်ဖဲပြားလေးတတ်ထားသော အနက်ရောင်ဂါဝန်လေးနှင့် ဟိုမှဒီမှ သွားလာလမ်းသလားနေလေ၏။

 ---- ---- ----

သာမန်လူတန်းစားရပ်ကွက်က တိုက်ခန်းတစ်ခုမှာဖြစ်သည်။ ဖိနပ်ပေါင်းများစွာ အိမ်ပြင်မှာချွတ်ထားတာမို့ အသုဘအိမ်မှန်းသိသာသည်။ အိမ်ထဲမှာခြေချစရာသိပ်မရှိတာမို့ တစ်ချို့ကဝရန်တာ ထွက်နေကြသည်။

ခပ်ဝဝမိန်းမက သူ့ဖိနပ်ကိုချွတ်ပြီး သူ့ကြွကြွတ်တ်အိတ်ထဲထည့်ကာ ဖိနပ်စင်နောက်ဖက်မှာ ဖွက်လိုက်သည်။ အရင်ကဖိနပ်ပျောက်ဖူးတဲ့ အတွေ့အကြုံရှိထားသလားတော့ မသိ။ မုန့်ကြိုးလိမ်လိုမိန်းမကတော့ မြင်ဖူးနေကျလူတွေမို့ ပြုံးပြပြီး ကိုယ့်ဟာကိုယ် မုန့်ဟင်းခါး ခပ်စားသည်။

'အမလေး အကိုရေ ၊ အမ လာနေပြီလေ၊ အမတို့ကိုနှစ်သစ်ကူးကျရင် သွားနှုတ်ဆက်ရဦးမယ်ဆို။'

'အိမ်ရှင်မိန်းမက ရှိုက်ရှိုက်ပြီး ငိုတာအသံတွေ တောင်ဝင်သွားသည်။ လူမမယ်အရွယ်သားနှင့် သမီးတို့ကလည်း မျက်နှာတွေမကောင်းကြ။

'အရက်သောက်တာကလွဲရင် သူတော်ကောင်းပါအမရယ်၊ အခုလည်း အရက်သောက်လို့ နေကမကောင်းတဲ့အထဲမှာ နမိုးနီးယားဝင်သွားတယ်ဆိုလားပဲ၊ ဆရာဝန်တွေလည်း ကြိုးစားကုပါသေးတယ်၊ ဒါပေမယ့် သွေးထဲမှာပိုးဝင်နေလို့ သွေးဆိပ်တတ်တာဆိုလားပဲ။'

'ဘုန်းဘုန်းတို့လည်း စိတ်မကောင်းကြဘူး၊ မနက်ကပဲ ကြွလာသေးတယ်လေ။ အအေးမိတာ၊ ပင်ပန်းတာ၊ အရက်သောက်ပြီး အစားမှန်မှန်မဝင်တာတွေလည်း ပါမှာပေါ့၊ ဟီး '

ကျန်ရစ်သူမိန်းမက ပြောပြောပြီး ငိုတော့ ကြားရတဲ့သူတွေ စိတ်မကောင်းကြ၊ စိတ်အားငယ်တတ်သူ မုန့်ကြိုးလိမ်လိုမိန်းမဆိုရင် မျက်ရည်တွေတောင်ဝဲလာသည်။ အားလုံးကငွေတစ်ဆယ်၊ နှစ်ဆယ်၊ ငါးဆယ်ဆိုသလို တတ်အားသ‌ရွေ့ကူကြသည်၊ ရပ်ဆွေရပ်မျိုးတွေ ကိုယ့်အချင်းချင်းကူရမှာပေါ့၊ ဘာမှမပူနဲ့လို့အားပေးကြသည်။ ရပ်ကွက်ထဲမှာ ကားရပ်စရာတောင် နေရာမရှိတော့။ ကွယ်လွန်သူအမျိုးသား သူတို့ကိုဘယ်လို အကူအညီပေးခဲ့သလဲ၊ ဘာတွေလုပ်ပေးခဲ့သလဲဆိုတာ ပြောကြသည်။

တုတ်ကောက်ကြီးရဲ့ အသုဘကခန်းမကြီးထဲမှာဆိုပေမယ့် လူတွေကမတတ်သာလို့ လာရတဲ့ပုံမျိုး၊ နိုင်ငံရဲ့သယံဇာတတွေ၊ ပြည်သူတွေရဲ့ရိက္ခာဘဏ္ဌာတွေကို နှစ်ပေါင်းများစွာ ကဲ့ယူသဲ့ယူလာတာဆိုတော့ ဟိုမှာဆိုရင်လည်း အိမ်တွေကတွေကအများကြီး၊ နိုင်ငံရပ်ခြားမှာလည်း အဆင်ပြေသည်၊ ဒါပေမယ့်လူဆိုတာက ကိုယ့်ကလူမသိဘူးဆိုပြီး ဘာတွေပဲလုပ်ထားထား ကိုယ့်ကိုကိုယ်တော့ညာလို့မရ။ ပတ်ဝန်းကျင်ကလည်းသိပြီးသား။

ပိုက်ဆံမချမ်းသာပေမယ့်လူတွေကို စေတနာထား အကူအညီပေးခဲ့သူရဲ့ အသုဘမှာတော့ မုန့်ဟင်းခါးတောင်မလောက်လို့ ပီဇာပါမှာကျွေးရသည်။

ဒီလိုပါပဲ၊ လူတွေကမစဉ်းစားမိလို့ပါ၊ ဘာမှမကျန်တဲ့ရက်ကလေးတစ်ချို့မှာ လောဘ၊ ဒေါသတွေနဲ့ အချိန်ကုန်နေကြတာ၊ နောက်ဆုံးတော့ကျွန်မတို့ အားလုံး' ပြာ'ဖြစ်ကုန်မှာပဲဖြစ်သည်။

မင်နီရှဲလ်
Feb 22nd,2020
2/22/20