Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - Let There Be Light - အလင်းရောင်ရှိစေ


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် -   Let There Be Light - အလင်းရောင်ရှိစေ

(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၉

Arthur C. Clarke (1917-2008) - Tales of Ten World — ဆယ်ကမ္ဘာ ဝတ္ထုများမှ


အက်ဂါဘာတွန် (Edgar Burton) သည် သူ့ဇနီး မေရီထက် အသက် နှစ်ဆယ် ကြီးသည်။ အက်ဂါသည် စီးပွားရေးလုပ်ငန်းတွင် ငွေနှစ်ဆယ့်ငါးသိန်းလောက် ရရှိခဲ့ပြီး နောက်ပိုင်းတွင် ဘာစီးပွားရေးကိုမှ မလုပ်တော့ချေ။ သူ လုပ်ချင်သော အလုပ်တခုသာ ရှိသည်။ ၎င်းမှာ နက္ခတ္တ ဗေဒ (Astronomy) ကို လေ့လာရန် ဖြစ်သည်။ သူသည် နေ့ခင်းပိုင်းတွင် အဝေးကြည့်မှန်ပြောင်း များကို ပြုလုပ်ပြီး ညပိုင်းတွင် ကြယ်များကို ကြည့်ခြင်းဖြင့် အချိန်ကုန်သည်။

အက်ဂါဘာတွန်နှင့် သူ့ဇနီး မေရီတို့သည် လူသူဝေးကွာသော နေရာရှိ အိမ်အိုကြီးတခုတွင် နေထိုင်ကြသည်။ မေရီ၏ ဘဝသည် တော်တော်ပျင်းစရာကောင်းပါသည်။ သူ့မှာ ဘာအလုပ်မှ မရှိပါ။ အိမ်အလုပ် အားလုံးကို အိမ်ဖော်များက လုပ်ကြသည်။ အိမ်နီးချင်းလည်း မရှိပါ။ သူသည် စာဖတ်လည်း ဝါသနာမပါချေ။ သူ့ခင်ပွန်းသည် နက္ခတ္တဗေဒ လေ့လာ၍ အချိန်ကုန် သည်။ မေရီ၏ဘဝသည် ဧကန်တကယ်ကို ပျင်းစရာကောင်းပါသည်။

တနေ့တွင် မေရီ၏ ပျင်းစရာကောင်းသောဘဝထဲတွင် စိတ်ဝင်စားစရာတခု ရောက်လာသည်။ ထိုအရာသည်ကား ရူးပတ် (Rupert) အမည်ရှိ လူငယ်တဦး ဖြစ်သည်။ မေရီနှင့် ရူးပတ်တို့ တွေ့ ပြီး မကြာမီ ရင်းနှီးသွားကြသည်။

အက်ဂါဘာတွန်သည် သူ့ဇနီး မေရီ အိမ်မှ မကြာခဏ ထွက်သွားသည်ကို သိသည်။ သို့သော် ဘယ်သွားမှန်းကိုတော့ မသိပါ။ တနေ့တွင် အက်ဂါသည် သူ့ဇနီး မေရီနှင့် ရူးပတ်တို့ ရုပ်ရှင်ရုံထဲ မှ ထွက်လာကြသည်ကို တွေ့လိုက်သည်။ အက်ဂါသည် ဤကိစ္စနှင့် ပတ်သက်၍ အစပိုင်းတွင် ဘာမှ မယုံသင်္ကာ မဖြစ်ပါ။ သို့သော် နောက်နေ့တွင် မေရီက သူ့ကို လိမ်ပြောခဲ့သည်။

မေရီက “ရုပ်ရှင်လက်မှတ် ဝယ်မရလို့၊ သူငယ်ချင်း မစ္စစ္စကလာ့ဆီ သွားလည်တယ်” ဟု ပြောလိုက်သည်။

အက်ဂါသည် မယုံသင်္ကာ ဖြစ်လာသည်။ သူ့ဇနီးသည် သူ့ကို လိမ်ညာတာ သေချာသည်။ သူ သည် အမှန်ကို သိချင်သည်။ ထို့ကြောင့် သူသည် သူ့ဇနီး မေရီကို သတိထား၍ လိုက်ကြည့် သည်။ မေရီကို ရူးပတ်နှင့်အတူ မကြာခဏ တွေ့သည်။ သူတို့နှစ်ယောက် ရိုးရိုးသားသားတော့ မဟုတ်တော့ သေချာနေသည်။

မေရီနှင့် ရူးပတ်သည် တပတ်လျှင် နှစ်ကြိမ် တွေ့သည်။ အက်ဂါနှင့် မေရီဘာတွန်တို့၏ အိမ်နှင့် မြို့ထဲသို့ သွားသောလမ်းသည် ကျဉ်းလည်း ကျဉ်းသည်။ အကွေ့အကောက်လည်း များသည်။ မေရီသည် ညမှောင်မှောင်ထဲ ထိုလမ်းကို ကားမောင်း၍ ပြန်လေ့ရှိသည်။ သူသည် ကားကို မြန်မြန်မောင်းလေ့ရှိသည်။ အက်ဂါသည် သူ့ဇနီး ကားမောင်း၍ ပြန်လာသောအခါ အိမ်မှ လှမ်းကြည့်လိုက်လျှင် ကားမီးလုံးများ ကွေ့ကောက်၍သွားနေသည်ကို မြင်ရသည်။ တချိန်တွင် ကားမီးများသည် တောင်ဖြင့် ကွယ်သွားသည်။ တောင်ကို ပတ်ပြီး သွားနေရာမှ၊ နောက်တစ်ပတ်တွင် ပြန်ထွက်လာသည့်အခါ အိမ်ထဲကိုပင် အလင်းရောင်များ ဝင်သွားသည်။ ကားမီးရောင်များ အိမ်ထဲကို ဝင်လာတိုင်း အက်ဂါသည် အလွန်စိတ်ဆိုးသည်။ သူသည် အဝေးကြည့်မှန်ပြောင်းဖြင့် ကြယ်များကို ကြည့်နေသည့်အချိန် ဖြစ်၍ အဝေးကြည့်မှန်ပြောင်း ထဲကို အလင်းရောင်များ ဝင်လာသည်။

ထိုအချိန်တွင် အက်ဂါ၏ စိတ်သည် မမှန်တော့ပါ။ သူသည် မေရီကို မချစ်တော့ချေ။ သူသည် သူ၏ဝါသနာဖြစ်သော နက္ခတ္တဗေဒ လေ့လာခြင်းကို အတားအဆီးဖြစ်သည့် ဘယ်အရာကိုမဆို မုန်းသည်။ သူသည် မေရီကို သတ်ရန် အစီအစဉ်လုပ်သည်။ အလွန်ကောင်းသော အစီအစဉ်တခု ဖြစ်သည်။

အက်ဂါသည် အလင်းပြန်စေသောမှန် (reflector mirror) တခုကို ဝယ်လိုက်သည်။ ထိုမှန်သည် သာမန်မှန်ကဲ့သို့ အပြား မဟုတ်။ ပါရာဗလာ (Parabola) ပုံ ဖြစ်သည်။ စက်တယ်လိုက် ရုပ်မြင် ဖမ်းစက် စလောင်း၏ ကွေးနေသောအပိုင်းသည် ပါရာဗလာ ဖြစ်သည်။ သင်္ချာသဘောဖြင့် ပြော ရလျှင် y = ax2 + bx + c ဟူသော ညီမျှခြင်း၏ မျဉ်းကွေး ဖြစ်သည်။

ပရာဗလာ၏ ကွေးနေသောဘက်တွင် ဖိုးကပ် (Focus) အမည်ရှိသော အမှတ်တခု ရှိသည်။ ထို အမှတ်တွင် အားကောင်းသော မီးလုံးတလုံးကို ထွန်းထားလိုက်လျှင် ထိုမီးလုံးမှ အလင်းတန်း များသည် မှန်ကို ထိပြီးလျှင် အလင်းတန်းများ ပြိုင်၍ ပြန်ထွက်သွားသည်။ ထိုအခါတွင် အလင်း သည် အဆပေါင်း ငါးဆယ်လောက် အားကောင်းသည်။

အက်ဂါသည် အလင်းပြန်စေသော မှန်ကို မော်တော်ကားလမ်း၏ အကွေ့တည့်တည့်သို့ လှည့် ထားသည်။ ထိုနေရာတွင် တောင်ကို လှည့်ပတ်သောလမ်းသည် နက်စောက်သော ကမ်းပါးဘေး သို့ ကွေ့သွားသည်။ အလွန်အားကောင်းသော မီးလုံးတခုကို ပါရာဗလာ၏ ဖိုးကပ်တွင် ထားသည်။ မော်တော်ကားမီးရောင်ကို တွေ့သောအခါတွင် ထိုမီးလုံးကို ထွန်းလိုက်သည်။ မော်တော်ကား မောင်းလာသူ၏ မျက်စိတည့်တည့်ထဲသို့ ကားမီးရောင်ထက် အဆပေါင်းများစွာ တောက်ပသော အလင်းတခု ဝင်လာသည်။ ထိုအချိန်တွင် အက်ဂါသည် သူ့အိမ်က မီးလုံးကို ပိတ်လိုက်ပြီး မော်တော်ကားမီးလုံးများကို စောင့်ကြည့်နေသည်။

မော်တော်ကားမီးများသည် အောက်သို့ အရှိန်ဖြင့် ချောက်ထဲသို့ ကျသွားသည်ကို သူ မြင်ရသည်။ မကြာမီ အောက်တွင် ပျောက်သွားသည်။ ပေါက်ကွဲသံကိုတော့ မကြားရပါ။ သို့သော် အနီရောင် မီးများကို မြင်ရသည်။ အက်ဂါသည် မီးလောင်နေသည်ကို ကြည့်၍ ကျေနပ်နေသည်။ မကြာမီ သူ အိပ်ရာဝင်လေသည်။

တစ်နာရီကြာသော် တယ်လီဖုန်း အသံကြားရသည်။ ဆက်သောသူမှာ မေရီ ဖြစ်နေ၍ သူ အံ့ဩ သွားသည်။ မေရီက ရူးပတ်အကြောင်းကို မေးခြင်း ဖြစ်သည်။

ဖြစ်ပုံမှာ မေရီသည် သူ့ကားကို ရူးပတ်အား ပေးလိုက်ပြီး အက်ဂါနှင့် တွေ့ရန် လွှတ်လိုက်ခြင်း ဖြစ်သည်။ ရူးပတ်က အက်ဂါကို သူတို့နှစ်ယောက်အကြောင်းကို ပြောပြီး ကွာရှင်းခွင့်တောင်း ရန် ဖြစ်သည်။ မေရီက မျက်နှာပူ၍ ကျန်ခဲ့သည်။ ယခု ရူးပတ်က သေဆုံးသွားပြီး မေရီ ကျန်နေ သည်။

ထိုအဖြစ်ကို သိသိချင်း အက်ဂါ ရူးသွားသည်။ သူ့ကို စိတ္တဇဆေးရုံသို့ တင်လိုက်ရသည်။

မေရီသည် ရူးပတ် သေဆုံးသည့်အတွက် စိတ်မကောင်းဖြစ်ရသည်။ သို့သော် မကြာမီ စိတ်ပြေ သွားသည်။ သူသည် လူသူဝေးသော အိမ်ကြီးကို ရောင်းလိုက်ပြီး ပင်လယ်ကမ်းနား၌ လှပသော အိမ်လေးတလုံး ဝယ်သည်။ မေရီ၏အိမ်သည် ရေကြောင်းသိပ္ပံအနီးတွင် ဖြစ်၍ သူ့ထံသို့ သင်္ဘောသားများ မကြာ မကြာ လာကြသည်။ ထိုအချိန်မှစ၍ မေရီသည် သူ့ကားကို ကိုယ်တိုင် မောင်းရန် မလိုတော့ပါ။ သူ့အတွက် ကားမောင်းပေးမည့်သူ တဦးမဟုတ် တဦး အမြဲရှိနေပါ သည်။