Breaking News

မောင်ရစ် - ကိုဗစ်လွန်ရင် ဘ၀နေနည်း ပြောင်းသွားမလား

Universum - C. Flammarion, Woodcut, Paris 1888, Coloration : Heikenwaelder Hugo, Wien 1998.


မောင်ရစ် - ကိုဗစ်လွန်ရင် ဘ၀နေနည်း ပြောင်းသွားမလား

(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၀

၂၀၂၀၂ နှစ်ဆန်းကတည်းက ကိုဗစ်၁၉ ကပ်ဆိုက်တာ တကမ္ဘာလုံးဖြစ်ပါတယ်။ အခုဆို ကူးစက်ခံ ၁၀သန်းကျော်၊ သေဆုံးသူ ၅ သိန်းကျော် ဖြစ်နေပါ ပြီ။ ကိုဗစ်ကာလအတွင်း လူလူချင်း ခွာနေကြ၊ အိမ်တွင်းအောင်းနေကြ၊ မျက်နှာဖုံးတတ်ကြ၊ လက်ဆေးကြ၊ အားရှိအောင်နေကြ၊ စတဲ့ နေနည်းထိုင်နည်းတွေမှာ အကျင့်ရကုန်ကြပါ ပြီ။ မလုပ်မနေရတဲ့ အလုပ်ခွင် အလေ့အကျင့်တွေကလည်း ခွာခွာနေ၊ မထိအောင်ထား၊ လက်ဆေး၊ မျက်နှာဖုံးတတ် စတာတွေပေါ်မှာ အခြေပြုထားတဲ့ စည်းမျဉ်းတွေ ဖြစ်နေပါတယ်။ ဆေးကလည်း မပေါ်နိုင်သေး၊ ပိုးကလည်း ခုထိ အသွင်မျိုးစုံနဲ့ တိုးပြီး ကူးစက်နေတုန်းပဲဆိုတော့ သည်လိုနဲ့ နှစ်ပေါက်အောင် ဆက်သွားကြရမယ် ဖြစ်နေပါတယ်။

သည်တော့ လူမှု စီးပွား နိုင်ငံရေးနယ်ပယ်စုံက ဘ၀တွေမှာ နေနည်း ထိုင်နည်း စဉ်းစားနည်း ပြင်ဆင်ရှုမြင်နည်းတွေ ပြောင်းလဲသွားကြသလား၊ ယာယီ အကျင့်အဖြစ်ပဲ သဘောထားသလားက မေးစရာ ဖြစ်လာပါတယ်။ နောက်တခုကတော့ သည် ကိုဗစ်၁၉ ကာလက အကျင့်စရိုက်တွေထဲက နှစ်သက်စွဲလမ်းမိတာနဲ့ ရေရှည်မိမိဘ၀မှာ ဆက်ကျင့်သုံးကြမယ့် အမူအကျင့်စိတ်ထားတွေ ရှိသလားကလည်း မေးခွန်းဖြစ်ပါတယ်။

သည်တော့ သတင်းဆောင်းပါးတွေ အင်တာဗျုးတွေကနေ လေ့လာမိသလောက် လူတွေ ပြောင်းလဲသွားမယ့် အကျင့်အမူအရာ ၈ မျိုးကို ကောက်နုတ်ဖော်ပြချင်ပါတယ်။ (credit - https://www.vox.com/future-perfect/2020/6/9/21279258/coronavirus-pandemic-new-quarantine-habits?fbclid=IwAR1xuPxYZtm51bWU3bY3zPXodfK3uvvaMwJB9kSpj4wXbJO7vGYWGjNj7rE ) )

သည်နေရာမှာ သည်အမူအကျင့်ပြောင်းလဲမှုဟာ လူတိုင်းအတွက် မဟုတ်နိုင်ပါဘူး။ ဥပမာ - ကပ်ဆိုက်ဆိုက် ကပ်မဆိုက်ဆိုက်၊ နေ့တဓူ၀၊ နေဝင်မိုးချုပ် တကုတ်ကုတ် အလုပ်လုပ်နေရတဲ့ အခြေခံလူတန်းစားတွေ ဝင်ငွေနည်း လုပ်သားတွေအတွက်တော့ ဘာမှ ထူးသွားတာ မဟုတ်ပါဘူး။ ကိုဗစ်၁၉ ကပ်ဘေးကြောင့် သူတို့ဘ၀တွေ တိုးတက်ပြောင်းလဲသွားတာ မရှိပါ။ ဆက်ပြီး ပင်ပန်းစွာ အသက်ဘေးနီးစွာ ဆက်ပြီး လုပ်နေကြရတာမို့ပါ။

(၁) စျေးဝယ်နှုန်းကို လျော့ချ - အရင်တုန်းကတော့ လူတွေက ငွေရှာ ပြီးရင်း ရှာ၊ ပြီးတာနဲ့ ဝယ်ပြီးရင်း ဝယ်ပဲ။ အကြွေးရရင် အကြွေးယူ၊ အကြွေးနဲ့ စျေးဝယ်။ ကိရိယာတွေ၊ အဝတ်တွေ၊ အဆင်တန်ဆာတွေ၊ - ချက်ခြင်းဝယ်ပြီး ချက်ခြင်းစိတ်ကျေနပ်မှုကို ရှာတယ်။ သည်ဟာက ကြာ ကြာလည်း မခံဘူး။ ဆိုင်တွေမှာ ထွက်စားကြ သောက်ကြ။ လူတွေစုဝေးတဲ့ နေရာတွေ သွားကြ။ သူများ ဝယ်တာ စားတာတွေ လိုက်ပြီး အတုခိုးကြ။ ဒါတွေက ခဏပမ်းပဲ ပျော်ရတယ်။ ပြီးတော့ စိတ်ညစ်တယ်။ ပြန်ပြီး အပျော်ရှာ ကြပြန်တယ်။

ကိုဗစ် ဖြစ်တော့ အဲသည်အကျင့်တွေ ပြတ်တောက် လျော့ချသွားတယ်။ အဲသည်အကျင့်သစ်ကို ကြိုက်လာတယ်။ ငွေမကုန်ဘဲ အိမ်မှာ အနီးအနားမှာတင် ပျော်ရွှင်မှုကို ရှာလို့ရတာကိုး။ အိမ်ဟင်း အိမ်ထမင်းချက်စား၊ ရှိတာလေး ခနခန ထုတ်ဝတ်၊ အိမ်ကို ရှင်းပြီးရင်း ရှင်း၊ ပြီးတော့ အသက်ကလေး ရှင်နေရတာကိုက စိတ်ပြည့်စုံမှု အစဆိုတာ စဉ်းစားမိလာ။ ကိုယ့်ထက်ကံဆိုးသူတွေ လူနာတွေဖြစ်၊ သေဆုံးကုန်ကြ၊ ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်ကြရ၊ အလုပ်တွေပြုတ်သူတွေ ပြုတ်။ ဝယ်ထားတာတွေက အလုပ်မဖြစ်ဘူးလေ။ ကိုယ့်ငွေတွေက ကော်ပိုရေးရှင်းကြီးတွေ အမြတ်တိုးစေဖို့ ဖြစ်နေတာကို သိလာတယ်။ ကိုယ့်ဆီမှာ အရေးအကြောင်းဆို ဘာမှ မကျန်ရစ်ဘူးလေ။

(၂) ကိုယ့်စိတ်ကိုလျော့ပြီး ဖြေးဖြေးသွား -
အလုပ်တွေနဲ့ ဖိဆီးနေတုန်းက တနှစ်လုံး စိတ်ဟာ အရှိန်အဟုန်နဲ့ ပြေးနေတာ၊ ရုပ်ခန္တာ ကြီးကလည်း တောက်လျောက် အချိန်မှန်အောင် အလုပ်မှန်အောင် လုပ်နေရတာ။ အခု ကိုဗစ်ကာလမှာ အရှိန်လျော့လိုက်ရပြီ။ ဖြေးဖြေး အေးအေး ဖြစ်သွားပြီ။ ဘယ်သူက လောနေလို့လဲ။ ဘာတွေ ဖြစ်အောင် လုပ်နေရတာလဲလို့ မေးခွန်းမေးမိတယ်။ အသက် ၂၀ မှာ ဘွဲ့ရ၊ အသက် ၂၅ မှာ အလုပ်ကောင်းရ၊ အသက် ၃၀မှာ အိမ်ဝယ်၊ အသက် ၄၀ မှာ ပင်စင်စုငွေ သိန်းကျော်ရမယ် ဆိုတာတွေ အခု အချိန်မှာ ဘာမှ လုပ်လို့မရတော့ဘူး။ ထိုင်နေလေ။ ထိုင်နေရုံသာ ရှိတယ်။ ဘယ်သူကမှ ထမပြေးခိုင်းတော့ဘူး။

ကိုဗစ်၁၉မှာ လူတွေက အရှိန်တွေ လျော့ချလိုက်တော့ အေးအေးဆေးဆေး စဉ်းစားချိန်ရလာတယ်။ ရုပ်နဲ့စိတ်နဲ့ အနားယူတယ်၊ ပြီးတော့ အလုပ်ထလုပ်တယ်။ ပြန်ပြီး အနားယူတယ်။ စဉ်းစားတယ်။ အလုပ်ပြန်လုပ်တယ်။ တောက်လျောက်ကြီး အပြေးအလွှားအလုပ်လုပ်နေတာက နားနားပြီး လုပ်တာ ပိုမကောင်းဘူးလား။

(၃) မိသားစုနဲ့ သူငယ်ချင်းတွေကို ဦးစားပေး - အိမ်ထဲမှာ အောင်းနေရတော့ တကယ်စိတ်ချင်းနီးသူတွေနဲ့ အဆိုးအကောင်းကို အချိန်ယူ မျှဝေဖြစ်လာတယ်။ အရင်တုန်းကဆို တွေ့တဲ့သူတွေနဲ့ အွန်လိုင်း အော့ဖ်လိုင်း စကားတွေ အများကြီး ပြောဆိုပြီး လိုက်ခံစားပြီး နေထိုင်နေခဲ့တာ။ အခု အာရုံတွေ ရှင်းသွားပြီ။ ဆိုရှယ်ဒစ္စတန့်ဇင်း ဆိုတာ မိသားစု သူငယ်ချင်းတွေနဲ့ မဟုတ်ဘူး။ တစိမ်းတွေနဲ့ ဝေးဝေးနေခြင်း။ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ ပိုနီးစပ်အောင် နေဖို့ အခြေအနေပေးလာတယ် ဆိုရမယ်။ ဇွန်းတို့ ဖေ့စ်တိုင်းတို့နဲ့ ကိုယ့် မိသားစု ဆွေမျိုးသားချင်း သူငယ်ချင်းတွေနဲ့ အချိန်ယူပြီး အားရပါးရ စကားစမြီ ပြော ဖြစ်လာတယ်။ နားလည်မှု တည်ဆောက်ဖြစ်တယ်။ အိမ်သားတွေကလည်း သည်အချိန်မှာမှ ကြည်ကြည်လင်လင် စကားလက်ဆုံ ပြော ဖြစ်တယ်။ ဟိုးတုန်းက အားလုံးဟာ အနီးကို မေ့ပြီး အဝေးကိုပဲ စိုက်နေကြတာကိုး။

(၄) သမ္မာသမတ်ကျသော အကြောင်းအရာများနဲ့ ဆက်စပ်မိ - သန့်ရှင်း အပြစ်ကင်းသော အလုပ်တွေ ပေါ်လစီတွေ သဘောထားတွေ အသက်မွေးမှုတွေကို ပို အာရုံကျလာတယ်။ ကပ်ကြီးဖြစ်တော့ ဘယ်အစိုးရ ဘယ်ပြည်သူမှ မကယ်နိုင်ဘူး။ ကိုယ်ဖြစ် ကိုယ်ခံပဲ။ ကျန်းမာရေးက အရေးကြီးတယ်။ ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်း ရနိုင်ရင် လူတွေ စိတ်အရမ်းပူစရာ မလိုဘူးလို့ တွေးတတ်လာတယ်။ ဆင်းရဲတဲ့ အလုပ်သမားတွေ သက်သာချောင်ချိရေး အလုပ်လက်မဲ့တွေ လူနာ လူအိုတွေ စောင့်ရှောက်ကူညီနိုင်ရေးကို အားလုံးက ဝိုင်းလုပ်ရမယ်၊ အစိုးရတွေ နိုင်ငံတော်တွေက အာမခံပေးရင် ကောင်းမှာပဲ။ သည်လို မြင်လာတယ်။ ကိုဗစ်မဖြစ်ခင်ကဆိုရင် ပိုက်ဆံနဲ့ ဖြေရှင်းနိုင်မယ်၊ ကုမ္မဏီကြီးတွေ အစိုးရကြီးတွေက လုပ်ပေးနိုင်တယ် ထင်ကြတယ်။ အခုကတော့ အလုပ်မဖြစ်တော့ဘူးဆိုတာ သိလာတယ်။ သူတို့တွေက သမ္မသမတ်ကျသော မြုတ်နှံမှု ပြင်ဆင်မှုမရှိဘဲ ကိုယ်တို့လိုပဲ မိမိစိတ်ကိုလှည့်စားပြီး နေထိုင်ကြတယ်ဆိုတာ သိသာလာတယ် မဟုတ်လား။

(၅) လေ့ကျင့်ခန်း များများလုပ် - စိတ်က သက်သာအောင် နေတတ်လာ ပြီဆိုတော့ ရုပ်ကလည်း ပေါ့ပါးသက်သာအောင် လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေ လုပ်တတ်လာတယ်။ အနည်းဆုံး ပတ်ဝန်းကျင်မှာ လမ်းလျောက်တယ်။ လမ်းလျောက်တဲ့ အကျင့် စွဲမြဲလာတော့ ကိုယ်နဲ့စိတ်နဲ့ မျှတမှုရှိတာကို ခံစားသိရှိလာ ကြပါတယ်။

(၆) ချက်ပြုတ်မယ်၊ သက်သတ်လွတ်စားမယ်၊ အပင်စိုက်မယ် - ကိုဗစ်၁၉မှာ ခြေချုပ်မိနေကြတော့ အိမ်ထဲမှာ အသုံးဝင်တဲ့ အလေ့အကျင့်တွေ မွေးမြူမိပါတယ်။ ကိုယ့်ဖာသာ ဟင်းချက်နည်းတွေ လိုက်ကြည့်ပြီး ချက်တာ၊ အသားစားတာထက် ဟင်းသီးဟင်းရွက် သက်သတ်လွတ် စားကျင့်ကို စမ်းသတ်တာ။ ပန်းအိုးတွေနဲ့ အပင်တမျိုးမျိုး စိုက်တာ၊ အဲသည်အတွက် အချိန်ယူ စောင့်ကြည့်တာကို နှစ်သက်လာတာမျိုးပေါ့။ သဘာ၀ပတ်ဝန်းကျင်ကြီးနဲ့ ပြန်လည်ထိတွေ့ဖိုဆိုတာက အခုလိုမျိုး သီးခြား ဧကစာရီ ကျင့်တဲ့အချိန်မျိုးမှာ အခွင့်ကောင်းဖြစ်ပါတယ်။ သည်အကျင့် ဆက်လုပ်သွားဖို့ကလည်း စိတ်ကူးရှိလာ ကြတယ်။

(၇) သဘာ၀ဝန်းကျင်နဲ့ ပိုပြီး နေထိုင်ဖြစ်တယ် - အိမ်ထဲမှာပဲ နေတယ် ဆိုပေမယ့် လူတွေဟာ သဘာ၀ပတ်ဝန်းကျင်ရှိတဲ့ ပန်းခြံ၊ တောင်တန်း၊ တော၊ သစ်တော သစ်အုပ်၊ လွင်ပြင်၊ မြစ်ချောင်းတွေဆီ ပိုပြီး ရောက်ဖြစ်လာ ကြပါတယ်။ အားကစားဝါသနာကိုလည်း သဘာ၀ဝန်းကျင်နဲ့ လိုက်လျောညီထွေ လုပ်တတ်လာတယ်။ မြို့ပြက အခန်းထဲမှာ အစုအဝေးနဲ့ လေ့ကျင့်ခန်းလုပ်တဲ့ ကလပ်တွေ ဂျင်တွေထက် အပြင်လောကအကျယ်ကြီးမှာ အကန့်အသတ်မရှိ နေထိုင်နိုင်တယ်ဆိုတာ သဘောပေါက်လာ ကြပါတယ်။

(၈) အိမ်ကနေ အလုပ်ထိုင်လုပ်တာ ဖြစ်နိုင်ရင် ဆက်လုပ်ကြ - အစကတော့ အလုပ်ခွင်တွေ ခန်းမတွေ အဆောက်အဦးကြီးတွေ လူတွေ စုဝေးပြီး အလုပ်လုပ်ကြတယ်။ သည်လိုမှ မလုပ်ရင် ကမ္ဘာ ကြီး ပျက်တော့ မလိုဘဲ။ အခု ကိုဗစ်မှာ လုပ်သားအင်အားရဲ့ (အမေရိကားမှာ) ၅၀% ကျော်က အိမ်က အလုပ်လုပ်နိုင်တယ်။ နည်းပညာသုံးပြီး လူတွေ ဆုံကြ၊ တွေ့ကြ ဆွေးနွေးကြတယ်။ အလုပ်ဖြစ်နေတာပဲ။ လူတွေ မျက်နှာချင်းဆိုင်လည်း လိုအပ်ရင် ဆက်လုပ်ကြပေါ့။ အတင်းအကြပ် လူတွေကို အလုပ်ခွင်ထဲ သွင်းထားရမယ် မဆိုလိုပါ။ အလုပ်ကြောင့် လူတွေ တွေ့ရတာထက် လူတွေဖာသာ လူတွေအချင်းချင်း တွေ့ချင်လို့ တွေ့ကြတာ ပိုမကောင်းလား။ အလုပ်သွားရတယ်၊ ကားမောင်းရတယ်၊ ဘတ်စကားစီးရတယ်၊ ထမင်းဘူးသယ်ရတယ်၊ အပြင်မှာ ဝယ်စားရတယ်၊ အလုပ်နောက်ကျတယ်၊ အလုပ်စောတယ်၊ အိမ်ပြန် နောက်ကျတယ်။ သည်ဝေါဟာရတွေ အသုံးကို ေလျာ့ချနိုင်ရင် လူတွေ ပိုပြီး ပျော်ရွှင်လာမယ်။ အလုပ်ဖြစ်မယ်။ အလုပ်ခွင်ကို ကျော်ပြီး တကမ္ဘာလုံးနဲ့ ချိတ်ဆက်မှုကို အာရူံစိုက်နိုင်မယ် ထင်တယ်။

ပြောချင်တာက မျက်နှာဖုံးတတ်ပြီး ဆက်နေထိုင်တဲ့အကျင့်ကို ကျင့်သားရသွားမယ် မဆိုလိုဘူးနော်။ ကိုဗစ်လက်လှမ်းမမီနိုင်တဲ့ လွတ်မြောက်သော ဘ၀နေနည်းကို စဉ်းစားတာပါ။ ခင်ဗျားကော ဘယ်လိုလဲ … လဘက်ရည်ဆိုင်နဲ့ ဘီယာဆိုင်ကိုပဲ စွဲလမ်းနေတုန်းလား။