Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း
အောက်တိုဘာ ၂၃၊ ၂၀၂၁

• သံတမန်ရေးက အနိုင်အရှုံးရဲ့ အဆုံးအဖြတ်ဖြစ်မလား 
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ်စတီးနားဘုဂနာက မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ထဲ ဦးတည်ကာ တစိတ်တပိုင်းဝင်ရောက်နေပြီလို့ လက်ရှိအခြေအနေကို သုံးသပ်ပြောဆိုခဲ့သလို စစ်ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်ကို ရာထူးမှ ဆင်းပေးဖို့တိုက်တွန်းလိုက်ပါတယ်။ ဒါမှ အခုနိုင်ငံရေး အကြပ်အတည်းမှ ထွက်ပေါက်ဖြစ်မယ်လို့လည်း ဆိုလိုက်ပါတယ်။ ခုရက်ပိုင်းမှာပဲ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးကလည်း မြန်မာစစ်ကောင်စီကို တပြိုင်နက်ထဲ ဖိအားပေးကြဖို့ တိုက်တွန်းတဲ့ ပြောဆိုချက်လည်း ထွက်ပေါ်လာပါတယ်။ စစ်ကောင်စီဆီရောက်မယ့် ငွေ၊ လက်နက်တွေ ဖြတ်တောက်ကြဖို့နဲ့ နောက်တခုက အသိအမှတ်ပြုမှုမရရှိစေဖို့ လုပ်ကြဖို့ နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံအားလုံးက ညီညီညွတ်ညွတ် မလုပ်နိုင်ကြရင် အကြမ်းဖက်မှုတွေ ဆက်ဖြစ်ပွားလိမ့်မယ်လို့ ပြောဆိုသွားတာပါ။ 

အခုအချိန်ဟာ အရေးကြီးတဲ့ အချိန်ဖြစ်ပြီး ထိထိရောက်ရောက် ဖိအားပေးမှုတွေမလုပ်နိုင်ရင် အခြေအနေအလှည့်အပြောင်းတခု ဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောလည်း ပြောဆိုပါတယ်။ ခုရက်ပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အကြံပေးအရာရှိ ဖြစ်သူ ရစ်ချတ်ချိုးလက်က ထိုင်းနိုင်ငံ၊ စင်္ကာပူတို့သွားရောက်စဥ်မှာ စင်ကာပူနိုင်ငံကို မြန်မာနိုင်ငံနဲ့ ဆက်စပ်ရင်းနှီးမြှုပ်နှံမှု  ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်တွေကို ထိန်းချုပ်နိုင်စွမ်းရှိတာကို ရည်ရွယ်ပြောဆိုသွားတယ်လို့လည်း သတင်းတွေမှာဖေါ်ပြကြပါတယ်။ 

ဒီသတင်းတွေ အဖြစ်အပျက် မှတ်ချက်နဲ့ သုံးသပ်မှု တိုက်တွန်းချက်တွေ သတိပေးချက်တွေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အရေးကို နိုင်ငံတကာအသိုက်အဝိုင်းက အခုထက်ပိုပြီး ဖိအားပေးမှုတွေ လုပ်ဖို့ တိုက်တွန်းချက်တွေ ဖြစ်ပြီး လက်ရှိ ဖိအား ပိတ်ဆို့မှုတွေက မလုံလောက်သေးဘူးဆိုတဲ့သဘောလည်း ဖြစ်ပါတယ်။ 
စစ်ကောင်စီအနေနဲ့ ရုရှားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို အလေးပေးလုပ်ဆောင်နေပြီး တရုတ်နိုင်ငံရဲ့ ခပ်ခွာခွာ ရှိတဲ့အနေအထားကို စစ်ကောင်စီဘက်က အကဲခတ်သဘောပေါက်ထားပြီး ရုရှားနဲ့ ပိုနီးကပ်အောင် တိုးပြီးဆက်ဆံရေးတွေ တည်ဆောက်နေတာတွေ့နိုင်ပါတယ်။ 

နိုင်ငံတကာ သံတမန်အရေး ဖိအားပေးမှုတွေက အာဆီယံအနေနဲ့လည်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို လာမယ့်သီတင်းပတ်မှာလုပ်မယ့် အစည်းအဝေးတွေမှာ နိုင်ငံရေးအရ တာဝန်ယူသူတွေ မဖိတ်ဖို့ ဆုံးဖြတ်ထားခဲ့တာက စစ်ကောင်စီကို အသိအမှတ်ပြုမှု မျက်နှာစာမှာ ထိုးနှက်လိုက်သလို ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။ 

ဒါတွေကတော့ နိုင်ငံတကာ သံရေး၊ တမန်ရေး ဖိအားတွေလျော့ဖို့ ကြိုးစားမှု၊ အကယ်၍ မလျော့ပါးသွားရင်လည်း သံတမန်အရ အံတုရင်ဆိုင်ရေးတွေကို စစ်ကောင်စီဘက်က ပြင်ဆင်ထားလိမ့်မယ်လို့ မှန်းဆနိုင်ပါတယ်။ 

အခုလို ကာလမှာ မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်ခြေက သုညနီးနီး ဖြစ်နေတာမို့ ပြည်တွင်း နိုင်ငံရေးပြဿနာမှာ အနိုင်အရှုံးရဲ့ အဆုံးအဖြတ်က ပြည်တွင်းမှာပဲလို့ စစ်ကောင်စီဘက်က နားလည် ခံယူထားတာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ပြည်တွင်းမှာ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေကို အနိုင်ရဖို့အတွက်ကို သံတမန်ရေးထက် ပိုအားစိုက်လုပ်လိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။ 

ဒီမိုကရေစီ အင်အားစုတွေအနေနဲ့လည်း တဖက်က သေနင်္ဂဗျူဟာ၊ မဟာဗျူဟာကို ခန့်မှန်းအကဲဖြတ်ပြီး ကိုယ့်ရဲ့ မှန်ကန်တဲ့ မဟာဗျူဟာကိုလည်း ချမှတ်ထားဖို့ လိုမယ်ထင်ပါတယ်။ နိုင်ငံတကာမှာ NUG အသိအမှတ်ပြုခံရရေး၊ တရားဝင် အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရရေးတွေက အရေးပါသလို ပြည်တွင်းမှာ ရှိတဲ့ အင်အားစုတွေကို စုစည်းမှုတခုအောက် ဘုံသဘောတူညီမှု၊ ဘုံအကျိုးစီးပွားတရပ်အောက်မှာ စုစည်းထားနိုင်ဖို့ အရေးကြီးပြီး အကယ်၍ လက်နက်ကိုင်တိုက်ခိုက်ဖြုတ်ချရေးသည်သာ တခုတည်းသော နည်းလမ်းလို့ ယူဆခဲ့ရင် ဒေသအလိုက် ပြန့်ကျဲနေတဲ့ ပီဒီအက်ဖ်တွေကို စုစည်းနိုင်ရေး၊ မြန်မာနိုင်ငံရဲ့ နှစ် ၇၀ ကျော်ပြည်တွင်းစစ်မှာ လက်နက်ကိုင်တိုက်ပွဲ အတွေ့အကြုံလည်းရှိ အခြေခံနယ်မြေလည်းရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အခုထက်ပို နီးစပ်တဲ့ ပူးပေါင်းမှုတွေ လုပ်ဖို့လိုအပ်မယ်လို့ ထင်ပါတယ်။ 

စစ်တပ်က ပဲ့ထွက်လာတဲ့ အင်အားစုတွေ၊ စီဒီအမ်လုပ်ဆောင်မှုတွေကို မျှော်လင့်ပြီး မိမိရဲ့ လက်နက်ကိုင် တပ်တွေ ပုံမပေါ်လာနိုင်ရင်လည်း အောင်ပွဲက အလှမ်းဝေး ရှည်ကြာနေမယ်လို့ ထင်ပါတယ်။ 
အင်အားစုတွေကို စုစည်းမှု အင်အားတိုးပွားလာအောင် စည်းရုံးမှု၊ အနာဂတ်ရဲ့ နိုင်ငံဖွဲ့စည်းမယ့် ပုံသဏ္ဍန်အပေါ်သဘောတူညီမှု ရပြီး စုစည်းမှုတွေ လုပ်ဖို့လိုအပ်မယ်လို့ မြင်ပါတယ်။ 

လက်နက်ကိုင် လမ်းစဥ်က အရံလို့ ယူဆထားပြီး နိုင်ငံတကာ ဖိအား၊ သံတမန်ဖိအားက အဓိကလို့ ယူဆထားခဲ့ရင်တော့ အထက်ကနဲ့ မတူပဲ တမျိုးဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သံတမန်ရေး၊ ကုလမှာကိုယ်စားပြုမှု အပြည့်အဝရရှိရေးအပြင် အခြားသော နိုင်ငံတကာအစိုးရတွေရဲ့ တခုတည်းသော တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုမှု ရရှိရေးကို ပိုမိုကြိုးစားဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ 

ဆိုလိုရင်းကတော့ သံတမန်ရေးနဲ့ ပြည်တွင်း လက်နက်ကိုင် လမ်းစဥ် တခုခုမှာ ဘယ်ဟာက အဓိကလည်း ဆိုတာကို ကွဲကွဲပြားပြား ရွေးချယ်ထားပြီး အဲဒီရွေးချယ်မှုအနဲ့အညီ မဟာဗျူဟာ၊ နည်းဗျူဟာ တွေချမှတ်စေချင်တဲ့ သဘောဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar