Breaking News

မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး - ၁၆



မောင်မောင်စိုး - မြန်မာ-တရုတ်ဆက်ဆံရေးနှင့် မြန်မာ့အရေး - ၁၆

(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၁
  
တရုတ်နှင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်များ
 
၂၀၁၆ နှစ်ကုန်ပိုင်းမှစ၍ မြောက်ပိုင်းအဖွဲ့များအား တရုတ်တို့က NCA လက်မှတ်ထိုးရန် တိုက်တွန်းသည်။ ၂၀၁၇/၂၀၁၈ ပင်လုံညီလာခံများသို့ အမြာက်ပိုင်းအဖွဲ့များအား တရုတ်တို့က တာဝန်ယူ၍ ပို့ဆောင်ပေးသည်။ ညီလာခံတက်ရောက်ရာတွင် အာရှရေးရာတရုတ်သံတမန်သာမက မြန်မာပြည်‌ဆိုင်ရာ တရုတ်သံအမတ်ပါ ပါဝင်သည်ကိုတွေ့ကသည်။ တပ်က NCA တွင်ပါဝင်ခွင့်ပြုရန်ငြင်းပယ် ထားသော မြောက်ပိုင်း ၃ ဖွဲ့အား ငြိမ်းချမ်းရေးညီလာခံပါဝင်ခွင့်ရန် တရုတ်တို့၏ တွန်းတွန်းတိုက်တိုက် ပြောဆိုမှုကြောင့် ၂၀၁၈ နှစ်ကုန်ပိုင်းတွင် တပ်က ဆွေးနွေးရန် သဘောတူခဲ့သည်ကို တွေ့ရသည်။ သို့သော် ဆွေးနွေးမှုများကတော့ ယနေ့တိုင် အောင်မြင်မှု မရှိသေးပါ။ သို့သော်လည်း တရုတ်တို့အနေနှင့် မြောက်ပိုင်းရှိ တိုင်းရင်းရင်းသားအဖွဲ့များနှင့်ပတ်သက်မှု ထဲထဲဝင်ဝင်ရှိသည်ကို မြင်တွေ့နိုင်သည်။ ထို မြောက်ပိုင်း ၇, ဖွဲ့သာမက တရုတ်နယ်စပ်နားထိ လှုပ်ရှားလာသော ထိုင်းနယ်စပ်အခြေပြု RCSS အဖွဲ့အားလည်း တရုတ်တို့ ထိတွေ့ဆက်စပ်သည်ကို တွေ့ရသည်။
 
သို့သော် ထူးခြားချက်တခုမှာ တရုတ်တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စသည့် အစောပိုင်းကာလက အနောက်နှင့် ကုလသမဂ္ဂကိုယ်စားလှယ်များ ပါဝင်သည်ကို ကန့်ကွက်ခြင်းမရှိသော်လည်း ကန့်သတ်မှုတော့ရှိခဲ့သည်ကို တွေ့ရသည်။ အနောက်တိုင်းသံတမန်အချို့က တရုတ်နယ်စပ်ရှိ KIA ဌာနချုပ် လိုင်ဇာသို့ လာရောက်လည်ပတ်လိုသည်ကို တရုတ်သံတမန်က ကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ၂၀၁၈ ခုနှစ် ပင်လုံညီလာခံလာသည့်ကာလက မြောက်ပိုင်းအဖွဲ့များထဲမှ အချို့အဖွဲ့နှင့် ကုသမဂ္ဂအတွင်းရေးမှူး၏ အထူးကိုယ်စားလည်တွေ့ဆုံခြင်းအား တရုတ်သံအမတ်က သဘောမတူ ကန့်ကွက်သဖြင့်
အဆိုပါအဖွဲ့နှင့် တရုတ်သံအမတ် အချေအတင်ဖြစ်ပြီး သွားရောက်တွေ့ဆုံသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ တရုတ်တို့အနေနှင့် မြောက်ပိုင်းအဖွဲ့များနှင့် ထဲထဲဝင်ဝင်ပတ်သက်မှုရှိပြိး
အနောက်တိုင်း၏ ဩဇာသက်ရောက်မှုကို ကန့်သတ်ရန်ကြိုးစားမှုရှိသည်ကိုတွေ့ရသည်။ တဖက်ကလည်း မြောက်ပိုင်းရှိတိုင်းရင်းသားအဖွဲ့များအနေနှင့် တရုတ်တို့နှင့်ဆက်ဆံမှုရှိသော်လည်း အမှီခိုကင်းစွာရပ်တည်နိုင်ဖို့ ကြိုးစားရပ်ခံနေသည်ဟုဆိုရမည်။
 
၂၀၂၁ လူထုလှုပ်ရှားမှုမှသည် လက်နက်ကိုင်ခုခံစစ်ပုံစံသို့ပြောင်းသွားသောအခါ တိုင်းရင်းသားလက်နက်ကိုင်များအခန်းက ပို၍အရေးပါလာသည်။ မြန်မာပြည်ရှိတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၏အခြေအနေ၊ အင်အားစုဖွဲ့မှု၊ လက်နက်ဘဏ္ဏာအင်အားမှာ တဖွဲ့နှင့်တဖွဲ့မတူပါ။ မဟာမိတ်ဖွဲ့စုဖွဲ့မှုပုံစံလည်းမတူပါ။ လက်ရှိအချိန်တွင် အစိုးရနှင့် NCA ထိုးထားသောအဖွဲ့ရှိသကဲ့သို့၊ အပစ်ရပ်လက်မှတ်ထိုးထားသောအဖွဲ့များရှိသည်။ နားလည်မှုနှင့်အပစ်ရပ်ထားသောအဖွဲ့လည်းရှိသည်။ အပစ်မရပ်သောအဖွဲ့များလည်းရှိသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ၎င်းတို့အခြေစိုက်ရာဒေသနှင့်လက်နက်ကိုင်တပ်များရှိကြသည်။ လက်နက်ကိုင်တိုက်ပွဲအတွေ့အကြုံရှိကြသည်။ 

သို့ဖြစ်ရာ ၂၀၂၁ ခုနှစ် လူထုလှုပ်ရှားမှုမှ လက်နက်ကိုင် ပုံသဏ္ဍာန်ပြောင်းလဲလာသောအခါ အဆိုပါတိုင်းရင်းသားအဖွဲ့များက အရေးပါလာသည်။ လက်နက်ကိုင်ကြမည့်သူများသည် ခိုလှုံရန်၊ စစ်သင်တန်းတက်ရန်၊ လက်နက်ရရှိရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အနည်းနှင့်အများချိတ်ဆက်ရသည်။ အမှီပြုရသည်။ စစ်ရေးတပ်ပေါင်းစုဖွဲ့ကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်လည်း လက်ရှိ မြန်မာနိုင်ငံရေးအကြပ်အတည်းမှ မိမိအဖွဲ့အစည်း၊ မိမိဒေသ၊ မိမိလူမျိုးအကျိုးရှိသည့် ရလဒ်ရရှိအောင် ခြေအနေနှင့်ကိုက်ညီသည့် ပုံစံအမျိုးမျိုးဖြင့် တုန့်ပြန်ကြသည်။ သို့ဖြစ်ရာ လက်ရှိ လက်နက် ကိုင်တိုက်ခိုက်မှုမြင့်တက်လာသည့် အခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အခန်းကဏ္ဍသည် မြင့်တက်လာသည်။ ထို့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုရှိသော တရုတ်တို့သည် အမေရိကန်နှင့် အနောက်ထက်
ပို၍အလေးသာသောအချက်များ ရှိနေသည်။

သို့ဖြစ်ရာ လက်ရှိမြန်မာ့နိုင်ငံရေးအကြပ်အတည်းတွင် တရုတ်တို့အနေနှင့် သူတို့လိုချင်သည့်အခင်းအကျင်းတခုအား တိုင်းရင်းသားအဖွဲ့များမှတဆင့် ဖန်တီးမည်လောဆိုသည့် စဉ်းစားသုံးသပ်မှုများကိုတွေ့ရသည်။ 

၂၀၂၁ အတွင်း ကြူကုတ်ပန်ဆိုင်း၊ မုန်လုံ၊ မုန်းကိုး၊ ဖေါင်းဆိုင်မှသံလွင်မြစ်အထိ မြန်မာတရုတ်နယ်စပ်တလျောက် ကိုးကန့် (MNDAA ) မှ ခြေကုပ်ယူပြီး အခြေချရန်ကြိုးစားလာရာမှ တိုက်ပွဲများ တောက်လျောက်ဖြစ်ပွါးခဲ့သည်။ တရုတ်နယ်ဖက်သို့ ကျည်ဝင်ရောက်သဖြင့် တရုတ်ဖက်မှ မြန်မာတာဝန်ရှိသူ များအား ကန့်ကွက်သည်ကို တွေ့ရသည်။ တရုတ်နယ်စပ် လုံခြုံရေးလေဟာနယ်မြေဖြစ်နေသော ထိုဒေသတလျောက် ကိုးကန့်အဖွဲ့ ဝင်ရောက်၍အခြေစိုက်စခန်းတည်ဆောက်ရန်ကြိုးစားလာခြင်းသည့် ဖြစ်ရပ်တွင် တရုတ်တို့နောက်ကွယ်မှ ပါဝင်မှုရှိနိုင် သလောဟူသည့် စဉ်းစားမှုများတွေ့ရသည်။

ထို့ပြင် ၂၀၂၁ အတွင်း ရှမ်းမြောက်သို့ထိုးဖေါက်ဝင်ရောက်နေသော RCSS တပ်များအား နမ့်ခမ်း၊မူစယ်၊ ကျောက်မဲ၊ သီပေါ၊ ကျေးသီး၊မိုင်းကိုင်ဒေသများ၌ SSPP ၊ TNLA စသည့်မြောက်ပိုင်းမဟာမိတ်များက အင်အားစုစည်းပြီး တိုက်ခိုက်သည့်ဖြစ်ရပ်များ ပေါ် ပေါက်ခဲ့သည်။ ထိုင်းနယ်စပ်တွင် အခြေပြုသည့် RCSS အဖွဲ့ ရှမ်းမြောက်တရုတ်နယ်စပ် သို့ ထိုးဖေါက်နေရာယူခြင်းသည် ပုံမှန်တိုင်းရင်းသားအဖွဲ့ချင်း နယ်မြေပြသနာအငြင်းပွါးမှုအပြင် အနောက်တိုင်းနှင့်နီးစပ်သည့် အဖွဲ့တဖွဲ့အား တရုတ်နယ်စပ်တွင် မထားလိုသည့် တရုတ်၏ သဘောထားနှင့် လက်တံ နောက်ကွယ်က ပါနေသလောဟူသည့် စဉ်းစားမှုများကို ‌တွေ့ရသည်။ မတည်မငြိမ်ရှုပ်ထွေးလာနိုင်သည့် မြန်မာ့နိုင်ငံရေးအချင်းအကျင်းအတွက် ကြိုတင်ပြင်ဆင်နေခြင်းလောဟူသည့် သုံးသပ်မှုများကို တွေ့ရသည်။

တရုတ်နှင့် နစက

တရုတ်တို့သည် မြန်မာအရေးနှင့်ပတ်သက်၍ ထိမ်းထိမ်းသိမ်းသိမ်း ပြောဆိုရပ်ခံနေ သကဲ့သို့ လက်ရှိ နစက နှင့်လည်း မှန်တမ်းကျသည့် ဆက်ဆံရေးကို ထူထောင်ထားသည်။

လက်ရှိအခြေအနေတွင် တရုတ်တို့သည် မြန်မာပြည်တွင်း၌ ၎င်းတို့၏‌ NGO ဖေါင်ဒေးရှင်းများနှင့် လူမှုအကူအညီများပေးခြင်း၊ တရုတ်ပြည်သို့ ပညာတော်သင်များစေလွှတ်ခြင်း၊ မြန်မာပြည်အား ကိုဗစ်ကာကွယ်ဆေးများကူညီခြင်း၊ရောင်းချပေးခြင်းတို့ကိုမှန်တမ်း ပြု လုပ်လျက်ရှိသည်။ သို့သော် နစက ရင်းနှီးမြှုပ်မှုကော်မရှင်လက်ထက်ခွင့်ပြုခဲ့သော ၂.၅ ဘီလျံတန် မီးလင်းချိုင်စီမံကိန်းနှင့်ပတ်သက်၍၎င်း၊ ကျောက်ဖြူ အထူးစီးပွါးရေးဇုံနှင့် ပတ်သက်၍၎င်း မြန်မာပြည်တွင်း မည်သည့်လှုပ်ရှားမှုမှ မတွေ့ရ‌ပေ။

တရုတ်တို့သည် နစက အား ပုတ်ခတ်တိုက်ခိုက်မှု၊ ဆန့်ကျင်ရှုံ့ချမှုများ မပြုလုပ်သကဲ့သို့တရုတ်နှင့် နစက ကြားတွင်း ပူးပူးကပ်ကပ်ဆက်ဆံသည်ကိုလည်း မတွေ့ရပေ။ တရုတ်တို့သည် နစက နှင့်ဆက်ဆံရာတွင် နိုင်ငံရေးတောင်းဆိုမှုတခု ထည့်သွင်းထား၍ ဖြစ်ပုံရသည်။ 

တရုတ်တို့သည် မြန်မာ့အရေးနှင့်ပတ်သက်၍ သတိကြီးစွာထား၍ဆက်ဆံနေသည်ဟု ဆိုရမည်။ ဖေဖဝါရီ ၁ ရက်နေ့နောက်ပိုင်း နစက နှင့် တရင်းတနှီးဆက်ဆံနေသည်မှာ ရုရှားဖြစ်သည်ကို တွေ့ရသည်။ နစက ထိပ်ပိုင်းခေါင်းဆောင်အားလုံးလိုလို ရုရှားသို့ သွားရောက်ခဲ့သည်ကို တွေ့ရသည်။ ရုရှားကထိပ်ပိုင်းခေါင်းဆောင်များ မြန်မာပြည်လာသည်ကိုတော့ မတွေရပေ။ အလယ်အလတ်ခေါင်းဆောင်အချို့လာသည်ကို တော့ တွေ့ရသည်။ သို့သော်နစက ထိပ်ပိုင်းခေါင်းဆောင်များ တရုတ်ပြည်သို့သွားသည်ကိုတော့ မတွေ့ရပေ။
 
ဆက်လက်ဖေါ်ပြပါမည်
မောင်မောင်စိုး

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar