Breaking News

မောင်မောင်စိုး ▪ မော်စီတုံး

မောင်မောင်စိုး ▪ မော်စီတုံး
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၂၂

မော်စီတုံးအား ဆိုးသည်ဟု မြင်ကြသူများရှိသကဲ့သို့ ကောင်းသည်က ၇၀ % ၊ ဆိုးသည်က ၃၀ % ဟု သုံးသပ်ကြသူက‌တော့များသည်။ မည်သို့ပင်ဖြစ်စေ တရုတ်ပြည်သစ်နှင့်မော်စီတုံးကို ခွဲမရ။ မော်စီတုံး၏ အဓိကအားသာချက်များနှင့်ပတ်သက်၍ မိမိအမြင်ကတော့ အောက်ပါအတိုင်းဖြစ်သည်။ 

ပထမအချက်အနေနှင့် အကွဲကွဲအပြားပြားဖြစ်နေပြီး ရန်သူပတ်လည်ဝိုင်းနေသည့် တရုတ်ပြည်ကြီးအား တစုတစည်းထဲ စုစည်းနိုင်ခြင်းဖြစ် သည်။ ၁၉၀၀ ခုနှစ်အစောပိုင်း တရုတ်ပဒေသရာဇ်စနစ်ပြိုကွဲပြီး သမတနိုင်ငံထူထောင်ခဲ့သော်လည်း တရုတ်ပြည်နယ်ပယ်အသီးသီးတွင် စစ်ဘုရင်များခေါင်းထောင်ထနေသည်။ ထို့အတူ နယ်ချဲ့နိုင်ငံ ၈ နိုင်ငံလောက်က တရုတ်၏နယ်မြေအစိတ်အပိုင်းအချို့အား အသီး သီးထိမ်းချုပ်ပြီး ချယ်လှယ်စီးပွါးရှာနေကြသည်။ နောက်ပိုင်းတွင် ဂျပန်က အလုံးအရင်းနှင့်ကျူးကျော်ဝင်ရောက်ပြီး နန်ကျင်းလူသတ်ပွဲကဲ့သို့သော ရက်စက်မှုများနှင့် တရုတ်ပြည်ကိုသိမ်းပိုက်ရန် အားထုတ်ခဲ့သည်။ 

ဤသို့သောအခြေအနေတွင် မော်စီတုံးသည် တရုတ်ပါတီနှင့်တပ်အားခေါင်းဆောင်ပြီး စစ်ပွဲကိုနိုင်အောင်တိုက်ခဲ့သည့်အပြင် တရုတ်ဒီမိုကရက်တစ်အင်အားစုများကိုပါ ဖိတ်ခေါ်စည်းရုံးပြီး တရုတ်ပြည်အား တစည်းတလုံးထဲ စုစည်းပြီး တရုတ်ပြည်သစ်ကို ထူထောင်နိုင်ခဲ့သည်။ မကာအို၊ဟောင်ကောင်နှင့် ဖေါ်မိုဆာကျွန်းတို့အပ တရုတ်ပြည်အစိတ်အပိုင်းအားလုံး တစုတစည်းထဲ စုစည်းနိုင်ခဲ့ခြင်းသည် မော်စီတုံး၏ အောင်မြင်မှုဖြစ်သည်။ ကြီးမားသော၊ ကျယ်ပြန့်သော၊ လူဦးရေများပြားသော တိုင်းပြည်တခုအား၊ အစိတ်အမွှာမွှာကွဲပြားနေသော၊ သူတလူငါတမင်းနှင့်စစ်ဘုရင်များ မင်းမူနေသော၊ ပြည်ပရန်သူပတ်လည်ဝိုင်းနေသော တိုင်းပြည်တခုအား တစုတစည်းတည်းထဲဖြစ်အောင် စည်းရုံးတည်ထောင်နိုင်ခဲ့သော မော်စီတုံးသည် အာဂလူဖြစ်သည်ဟုဆိုမည်။ 

ဒုတိယအချက် တည်ထောင်ထားသောတိုင်းပြည်အား ကြံ့ကြံ့ခံခံရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်ရှုံး၍ ဖေါ်မိုဆာကျွန်းသို့ ထွက်ပြေးသွာသောကျန်းခဲ့ရှိတ်အစိုးရသည် နိုင်ငံရေးအရ ကုလသမဂ္ဂလုံခြုံကောင်စီနေရာအား အမေရိကန်၏ ကျောထောက်နောက်ခံဖြင့် အနှစ် ၂၀ ကျော်ရယူထားသည်။ စီးပွါးရေးအရ ကျန်းခဲ့ရှိတ်အစိုးရသည် တရုတ်ဗဟိုဘဏ်ရှိ နိုင်ငံပိုင် ရွှေများ၊ အဖိုးတန်ရတနာများကို တိုင်ဝမ်သို့ သယ်ဆောင်ရွှေ့ ပြောင်းသွားသည်။ သို့ဖြစ်ရာ အနှစ် ၂၀ ကျော် နိုင်ငံရေးအရ ကမ္ဘာဇာတ်ခုံမှ ဖယ်ရှားခံထားရခြင်းကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ပြီး နောက်ဆုံး ကမ္ဘာကုလသမဂ္ဂနှင့် နိုင်ငံတကာတွင် ‌‌နေရာပြန်ယူနိုင်ခဲ့သည်။ ကူမင်တန် အစိုး ရ၏ ဘဏ္ဏာရေးအရ ဖြတ်တောက်မှု ၊မောင်ပိုင်စီးမှုအားလည်း ခံနိုင်ခဲ့သည်။ ထိုအနှစ် ၂၀ ကာလတွင် အနောက်၏ ပိတ်ဆို့မှုသာမက ၁၉၆၀ ခုနှစ်ကာလများတွင် ဆိုဗီ ယက်ယူနီယံနှင့် သဘောထားကွဲလွဲပြီး ရုရှား၏ ဖြတ်တောက်မှုဒဏ်ကိုလည်း ရင်ဆိုင်ခဲ့ရသေးသည်။ ထို့ပြင် ထိုအခက်အခဲများကြားက ကိုရီယားကျွန်ဆွယ်စစ်ပွဲကိုလည်း ဆင်နွှဲခဲ့ရသေးသည်။ ဤအကြပ်အတည်းကာလကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ခြင်းသည်လည်း သူ၏အောင်မြင်မှုဖြစ်သည်။ 

တတိယအချက်မှာ ယဉ်ကျေးမှုတော်လှန်ရေးနှင့်ပတ်သက်၍ဖြစ်သည်။ယဉ်ကျေးမှုတော်လှန်ရေးနှင့်ပတ်သက်ပြီး ဆိုးဝါးမှုများကို ယနေ့တိုင်ပြောမကုန်နိုင်ကြသေးပေ။ သို့သော် ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ‌မော်စီတုံး အောင်မြင်အောင်လုပ်ခဲ့အချက်ကိုလည်း ယနေ့တိုင်မည်သူမျှ ဖျက်ဆီးနိုင်ခြင်းခြင်းမရှိပေ။  တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးအတွင်း မော်စီတုံးရယူခဲ့သည့်အချက်မှာ တရုတ်ပြည်တွင်း တရုတ်ပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုအခန်းကို ခိုင်မာစေခဲ့ခြင်းဖြစ် သည်။ ဤအချက်ကို ယနေ့တိုင် မည်သူမှဖျက်မရနိုင်သေးပေ။ လွတ်မြောက်ရေးစစ်ပွဲကာလက ရဲ ဘော်ဟောင်းများ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ဖယ်ရှားခံရ၊ သေဆုံးကုန်ရသည့်အဖြစ်အပျက်များရှိခဲ့သည်မှာ အမှန်ဖြစ်သည်။ လက်တွေ့နိုင်ငံရေးကို ဖေါ်ဆောင်သည်နှင့် အာဏာနိုင်ငံရေးကို ရှောင်လွှဲ၍မရပေ။ တရုတ်ပြည်ကွန်မြူနစ်ပါတီစဖွဲ့ကထဲက ပါဝင်ခဲ့သူ၊ ကျင်းကန်းတောင် လယ်သ မား ပုန်ကန်မှုကို အောင်မြင်စွာ ဦးစီးခဲ့သူ မော်စီတုံးသည်လည်း ၁၉၃၅ စွင်းယီအစည်းကာလထိ ဘေးဖယ်ခြင်းခံရပြီး ဆိုဗီယက်ပြန် ဘော်ရှီဗစ်များကြီးစိုးနေခဲ့ဘူးသည်။ အဆင့်တဆင့်ချင်း မတူသည့်နိုင်ငံရေးအမြင်ရှိသူ ဖယ်ရှားခံခြင်းသည် ထူးဆန်းလှသည်မဟုတ်ပေ။ လက်တွေ့နိုင်ငံရေးသည် အာဏာနိုင်ငံရေးဖြစ်သည်။ မည်သို့ဖြစ်စေ မော်စီတုံးသည် တရုတ်ပြည်ကို တရုတ်ကွန်မြူနစ်ပါတီလက်ထဲ အောင်မြင်စွာထားနိုင်ခဲ့သည်။ 

ဤအချက်သုံးချက်သည် မော်စီတုံး၏ အကြီးမားဆုံးအောင်မြင်မှုဖြစ်သည်။ မော်စီတုံးအကြောင်းကို ပြန်ပြောင်းတွေးဖြစ် ရေးဖြစ်သည်က အကြောင်းရှိသည်။ အကြောင်းကတော့ များမကြာခင်က တရုတ်မိတ်ဆွေတယောက်ပြောသည့် "မင်းတို့ ဗမာပြည်ရဲ့ အဓိကပြသနာက မော်စီတုံးမရှိတာဘဲ" ဆိုသည်ကို ပြန်ကြားယောင်နေ၍ဖြစ်သည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar