Breaking News

ဧရာ(မန္တလေး) - အနောက်တိုင်းဒဿနက Ethics အမြင်




ဧရာ(မန္တလေး) - အနောက်တိုင်းဒဿနက Ethics အမြင်

(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၂၀

အနောက်တိုင်း ဒဿနမှာ Ethics နှင့်စပ်လျဉ်းတဲ့ အမြင်သုံးမျိုး ရှိတယ်။

❋ ပထမအုပ်စုက ကိုယ်ကျင့်တရားဆိုတာ (အကျိုးဆက်ကို ကြည့်မနေဘဲ) မကောင်းမှု ရှောင်, ကောင်းမှုဆောင်ရမယ့် တာဝန်ဝတ္တရား ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကို Deontological Ethics လို့ ခေါ်လေ့ ရှိပါတယ်။ ‘deon’ ဆိုတာက လိုက်နာရမယ့် ဝတ္တရားကို ဆိုလိုတာပါ။ ဂျာမာန် ဒဿနပညာရှင် Immanuel Kant ရဲ့ အတွေးအခေါ်ကို အခြေခံလို့ Kantian Ethics လို့လည်း ခေါ်လေ့ ရှိပါတယ်။

❋ ဒုတိယအုပ်စုကတော့ ကိုယ်ကျင့်တရားဆိုတာက ရလာမယ့် အကျိုးဆက်ကို အခြေခံပြီး အမှား-အမှန်ကို ဆုံးဖြတ်တာ ဖြစ်လို့ Consequentialism လို့ ခေါ်လေ့ ရှိတယ်။ အင်္ဂလိပ် အတွေးအခေါ်ပညာရှင် Jeremy Bentham တို့ John Stuart Mill တို့က ဒီအုပ်စုမှာ ပါတယ်။

❋ ဂရိအတွေးခေါ် ပညာရှင် အရစ္စတိုတယ်ရဲ့ “ချမ်းသာသုခ (eudaimonia) ဆိုသည်မှာ သူတော်ကောင်းတရားနှင့် အညီ ကျင့်ကြံပြုမူခြင်းပင် ဖြစ်သည်” ဆိုတဲ့ အယူအဆကို အခြေခံပြီး မိမိသန္တာန်မှာ စိတ်နှလုံး ဖြူစင်ကောင်းမွန်ရေးကို ပဓာနထားတဲ့ Virtue Ethics ကတော့ တတိယအုပ်စု ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကို အနောက်တိုင်း ရှုထောင့်ကနေ လေ့လာသူတွေက ဗုဒ္ဓရဲ့ ကိုယ်ကျင့်အဘိဓမ္မာက ဘယ်အုပ်စုထဲမှာ ပါသလဲဆိုတာကို ဝေဖန်ဆန်းစစ်ပြီး စာတမ်းတွေ ပြုစုကြပါတယ်။ မိမိရဲ့ အမြင်ကတော့ ဗုဒ္ဓအဆုံးအမကို အနောက်တိုင်း ဒဿနရဲ့ အမြင် သုံးမျိုးလုံးကနေ ကြည့်လို့ရတယ်လို့ ယူဆပါတယ်။

နေတ္တိကျမ်းလာ စာဖတ်နည်းနဲ့ သုံးသပ်ကြည့်မယ်ဆိုရင် Consequentialism က အကျိုးတရားဆိုတဲ့ #ဖလ (fruit) ရှုထောင့်, Virtue Ethics’ က အကျိုးရစေနိုင်မယ့် အကြောင်းတရား, နည်းလမ်းဆိုတဲ့ #ဥပါယ (mean) ရှထောင့်, Deontological Ethics က အကျိုးစီးပွားကို ရစေနိုင်ဖို့ ဆုံးမတိုက်တွန်းတဲ့ #အာဏတ္တိ (Injunction) ရှုထောင့်လို့ ဆိုနိုင်ပါတယ်။

❋ မိဘတွေက အသိဉာဏ် နုသေးတဲ့ သားသမီး ငယ်လေးတွေကို ဆုံးမတဲ့ အခါ “မဆဲရဘူး, လိမ် မပြောရဘူး, လူကြီးသူမကို ရိုသေရမယ်”, “သားသမီးကျင့်ဝတ်, တပည့်ကျင့်ဝတ် ဆိုတာ ဒါတွေပဲ” စသဖြင့် ရှောင်ရန်ဆောင်ရန်တွေကို တာဝန်တခု အနေနဲ့ လုပ်ဖို့ တိုက်တွန်းစေခိုင်းရပါတယ် (အာဏတ္တိ ရှုထောင့်)။ ကလေးတွေကလည်း မိဘကို ချစ်ကြောက်ရိုသေတဲ့ စိတ်နဲ့ပဲ ခိုင်းတာကို လုပ်ကြပါတယ်။

❋ “ဒါတွေ လုပ်ရင် ဒီလို အကျိုးတွေကို ရမယ်” ဆိုတာကို အကျိုးသင့်အကြောင်းသင့် ဆင်ခြင် နားလည်နိုင်တဲ့ အရွယ် ရောက်လာတော့၊ “ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့”လို့ စေခိုင်းတာ မျိုးထက်၊ အကျိုးဆက်တွေကို နားလည်အောင် ရှင်းပြပေးရပါတယ် (ဖလ ရှုထောင့်)။ ဥပမာ “လိမ် မပြောရဘူး” ဆိုပေမယ့် ကိုယ်က အမှန်အတိုင်း ပြောလိုက်လို့ တဖက်သား ဒုက္ခ ရောက်သွားမယ် ဆိုရင် “မှန်တိုင်း ပြောသင့်သလား” ဆိုတာက စဉ်းစားစရာ ဖြစ်လာတယ်။ အကျိုးဆက်ကို မှန်းဆ ဆင်ခြင်နိုင်စွမ်း မရှိခဲ့ရင်တော့ ရှေးလူကြီးသူမတွေ ဆုံးမထားတဲ့ ထုံးကိုပဲ လိုက်နာကြရပါတယ်။

❋ အကယ်၍ ကလေးတွေရဲ့ ရင်ထဲမှာ သူတော်ကောင်းတရားတွေ ကိန်းသွားပြီ ဆိုရင်တော့ မိဘဆရာသမားတွေကနေ ခိုင်းမှ မဟုတ်ဘဲ၊ အကျိုးရလဒ်တွေ ရမှရယ်လို့ မဟုတ်ဘဲ မကောင်းမှုကို ရှောင်ကြဉ်တာ ကောင်းမှုကို လုပ်ဆောင်တာက သူတို့ရဲ့ စရိုက်သဘာဝ ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ စည်းကမ်းချက်တွေ, အကျိုးရလဒ်တွေကို သိပ်ဦးစားပေး မနေတော့ဘဲ၊ "မကောင်းမှုရှောင်, ကောင်းမှုဆောင်" ခြင်းရဲ့ အခြေခံအကြောင်းတရား ဖြစ်တဲ့ စိတ်ထား ဖြူစင် မြင့်မြတ်ရေးကို ရည်မှန်းရပါတယ် (ဥပါယ ရှုထောင့်)။

ပထမအဆင့်မှာ ရတနာသုံးပါး မိဘဆရာသမားတွေကို ကြည်ညိုစိတ်, ယုံကြည်စိတ် သဒ္ဓါတရားနဲ့ ‘ရှောင်ရန် ဆောင်ရန်’ ကို သိအောင် လုပ်ထားတဲ့ #သုတမယဉာဏ်ကို အခြေခံပါတယ်။ ဒုတိယအဆင့်မှာ အကျိုးအကြောင်းကို စဉ်စားဆင်ခြင်နိုင်တဲ့ #စိန္တာမယဉာဏ်ကို အခြေခံပါတယ်။ တတိယအဆင့်မှာတော့ ကိုယ့်ရင်ထဲမှာ သူတော်ကောင်း စိတ်ဓာတ် ကိန်းလာအောင် ပွားများ လေ့ကျင့်တဲ့ #ဘာဝနာမယဉာဏ်ကို အခြေခံပါတယ်။