Breaking News

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၃)

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၃)

မိုးမခ ၊ ဇွန် ၁၈ ၊ ၂၀၂၅



ပြိုင်လာနဲ့အုန်း၊ ရှုံးကိုရှုံးမည်

စုသည်မှာကား၊ ပြည်သူများက

တအားထောက်ခံကြသည်ကို။ ။


စုကဗျာများ စစုတော့ လေး ငါး ဆယ် ပုဒ် လောက်ကနေ အပုဒ် ၂၀ လောက် သုံးလေးဆယ်လောက် ရမယ်လို့သာထင်ခဲ့တယ်။ နောက်တော့ များများလာတယ်။ ဒီတော့ ၈၀ ကိုမှန်းတယ်။ စု ၈၀ ပြည့် ကဗျာ ၈၀ ဟေ့လို့ ကြွေးကြော်ကြည့်တယ်။ ကဗျာ ၈၀ ပြည့်ပြန်ပြီ။ ၁၀၀ ကျော် မလား ဖတ်ခေါ်ထားကြည့်တယ်။ ပြီးခဲ့တဲ "စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၂)" မှာ ၁၀၀ ပြည့်ပြီလေ။ နောက်ထပ်လည်း စုကဗျာတွေ ထပ်လာနေဆဲပါ။ ဒီတော့ အပိုင်း ၁၂ စပါပြီ။ ကျနော် စုကဗျာတွေ ဆက် ဆက် စု စု သွားမယ်။ ၈၀ ပြည့်နေ့အထိ အကြိုကဗျာများပေါ့။ ၁၉ ရက် လွန်သွားရင် ၈၀ ပြည့်လွန် ကဗျာမွန်များပေါ့နော။


(၁၀၁)

ရာစုနှစ်ခုရဲ့ ဘုရင်မ

🌹🌹🌹🌹🌹🌹

ပန်းတွေက လွမ်းတဲ့သူ

သူပဲ ရှိပါတယ်။

သူကြိုက်တဲ့ ပန်းဝေဝေ

ပေးလိုသူတွေ မျှော်နေကြ

မေတ္တာပို့ကြ ဆုတောင်းကြ

ဂုဏ်ပြုကြ တမ်းတကြ

အားလုံးက ချစ်သည်လေ။

ရိုးဖြောင့်တဲ့ စိတ်ထားကြောင့်

အများက ချစ်ရသူ

သရဖူမရလည်း ဦးညွှတ်ကြ

လေးစားကြ ကြည်ညိုကြ

သူက..

ရာစုနှစ်ခုရဲ့ ဘုရင်မ။ ။

#ထိန်လင်း

၁၇၊ ၆၊ ၂၀၂၅

(လူထုခေါင်းဆောင် အသက် ၈၀ ပြည့်အဖြစ် စာလုံး ၈၀ ဖြင့် သီဖွဲ့ပါသည်။)


(၁၀၂)

#အချစ်စစ် (ကိုဉာဏ်)


အမေ့ကိုချစ်တယ် ချစ်တယ်ဆိုပြီး

တွေးချင်ရာတွေး လုပ်ချင်ရာလုပ်

အရှုပ်တွေ မဖြစ်စေနဲ့။

အမေ့ကိုချစ်တယ် ချစ်တယ်ဆိုပြီး

မင်းဘာလဲ ငါဘာလဲ အတ္တစွဲတွေအတွက်

အဖွဲ့တွေ မကွဲစေနဲ့။

အမေ့ကိုချစ်တယ် ချစ်တယ်ဆိုရင်

လက်တွေကို ခိုင်ခိုင်တွဲ

ရဲရဲကြီး ရှေ့ကိုရှောက်

ပန်းတိုင်က စောင့်နေတယ်။ ။

ကိုဉာဏ်

Former ABSDF

အမေစု ၇၈ နှစ်ပြည့် မွေးနေ့ ဂုဏ်ပြုကဗျာ


(၁၀၃)

💦#မိုးသက်ကြွေ_လေနဲ့အတူ

မှန်းဆ လွမ်းပါသည်

🌹တိမ်တွေည်ို လာရင်း

ရင်မှာပြိုတော့မယ်

💦ကျွန်တော် လွမ်းကြောင်း

တိမ်တွေဆီက ကြားပါရဲ့လား

🌹တိမ်တွေ ငိုတော့

မိုး ဖြစ်သတဲ့လား!

ငါတို့ ငိုတော့

တိမ် ဖြစ် သ လား

လွမ်းရုံ လေးဆို

ဖွဲဖွဲ ဖြောက်ဖြောက်

ရောက်တတ် ရာရာ တွေးရင်း

ဆွေရိပ် လေး ဆင်လို့

ဝေးသွားတော့

မိုးပြေးလေးပေါ့

တချိန်က

မေရဲ့ပြတင်းက ကြည့်ရင်

ကန်ရေပြင်မှာ

မိုးစက်လေးတွေ ဝိုင်းစက် စက်

ပွက် ပွက် ပြ

ကခုန် သလိုလို~မြင်နေ ရမှာ~~

ခုဆို

တစ်ပွက် ပွက်တိုင်း

ရင်ထက် လှပ်လှပ်

မပြတ် တဲ့ မိုးက

တ စွေ စွေ

တချိန်က

ကိုယ့် ထီးလေး ကိုယ်တိုင် မိုး

လောကဓံထဲ တိုးတဲ့~မေ

ခုခါ

ကျနော်ဆို

တကိုယ်ရေထဲ အလွမ်းခက်

မိုးစက်တွေ ဖြိုင် ဖြိုင် အလယ်

ကွယ်ကာ မဲ့စွာ

မျက်နှာ ထက်မှာ

မိုး တစ် စက် စက်

ဆက် တိုက် ကြွေ••

ကျွန်တော် လွမ်းနေ ကြောင်း

တိမ်တွေဆီက ကြားပါရဲ့လား မေ

မိုးသားနဲ့တိမ်တွေ

ည်ို လာပြန်ပြီ~မေ

အို ချစ်ရသူ ~မေ

ဟိုးအရှေ့မှာ မိုးတွေ အုပ်လိုက်

အော်ပြေးလာပြီလေ

ဂျိုးဂျိုးဂျိမ်းဂျိမ်

ခြိန်းရင်မရွားဘူးဆို

ခုတော့

ရှိုက်ကြီး တငင်

ရွာချလိုက် ပြီ ချစ်မေ••••

ပြို ကျ နေ တဲ့ ကဗျာရဲ့ရင်ထဲ

မျှော်လင့်ချက် မိုးစက်တွေရယ်

လေအဝှေ့ ဝေးခဲ့ကြလည်း

ဝေးပြီးတစ်နေ့ ပြန်တွေ့ကြမယ်မေ

ချစ် မေ မေ

မိုးစက် ဖြေပြေ

ကျန်း မာပါစေ~~

" #ငြိမ်းချမ်းဇေ"

၁၇:၆:၂၀၂၅

သန်းခေါင်ယံ

မိုးသည်းချိန်


(၁၀၄)

နှစ် ၈၀ ယွန်းပဝါ

===🙏===

ရွှေလည်တိုင်မှာ

ပန် - နိုင် - မြဲမြဲ

လှပနေဆဲ … နှစ် ၈၀ ပဝါ။

ကြွေလွင့် - အကျဉ်းစံ

အသက်ရှင်ကျန်ဆဲ

တွန်းလှန်မြဲ

အမေ့ရင်ထဲမှ ခံစားသိရှိ

ရေတွက်မိခြင်း

အဖြူရောင်အစက်အပျောက်

သူရဲကောင်းအယောက်စီတိုင်းအတွက်

ချည်သိုင်း - ခိုင်မြဲ

လေးစားနေဆဲ … နှစ် ၈၀ ပဝါ။

ရုန်းရ - ကန်ရ

နွံတွင်းကျလည်း ရုန်းကန်ဆဲပဲ …

နွံကို အနှစ်

အမြစ်တွယ်ရင်း ရှင်သန်ခြင်းကို

ပျို မျစ် ပြု မူ

ပြည်သူနှင့် ရပ်

လွတ်လပ်ပွင့်လာ ကြာပန်းပမာသို့

ဒေါင်းမို့ - အိုးဝေ

တွန်သံစေဖို့ …

ခွပ်ဒေါင်း ခွပ်ခိုက်

လုံ့လစိုက်မြဲ

ကြိုးစားနေဆဲ … နှစ် ၈၀ ပဝါ။

ခွပ်ဒေါင်း နိုင်ပြီး

ကဒေါင်း - ကချိန် - နောင်တစ်ချိန်မှာ

ကမ္ဘာကြီးဆီ

တိမ်ပန်းချီ တစ်လွှာ

ယွန်းပန်းချီတစ်ချပ်

မြန်မာပြည်ဘက်မှ လှပစေမည်

ယုံကြည်နေဆဲ … နှစ် ၈၀ ပဝါ။

ပြည်သူ ကူလို့

ကိုယ်ထူမှ ကိုယ်ထ ရမယ့်နိုင်ငံမှာ

ပြည်သူကျန်လျှင်

နိုင်ငံတည်မည်

အမေ ဒေါ်အောင်ဆန်းစုကြည်

ကျန်း ခန့် သာ လို့ မာ ပါ စေ ( ဇီ )။

ကဗျာရေးသူ - ကြည်ဟိန်း

၀၈:၁၉ မနက်၊ သောကြာနေ့။

၀၆ ဇွန် ၂၀၂၅


(၁၀၅)

🌹80 နှင်းဆီ🌹

ရဲရဲနီသွေး

ရင့်ရင့်စွေးကာ

အချင်းပြည့်ဝ

အဆင်းလှသူ

ကမ္ဘာ့ စံနမူ

ဂုဏ်ယူဝင့်ကြွား

ပြည့်စွမ်းအား.....

#ဆုကြယ်စင်

#for80mom


(၁၀၆)

မွေးနေ့ဆိုတာမင်္ဂလာ... (ခင်မို့မို့နီ)

အကြိမ်တရာမက တိုင်စေရာ

မိခင်နိုင်ငံ အဓွန့်ရှည်စွာ

တည်စေရှည်ကြာ မင်္ဂလာပါ......။

***မင်္ဂလာ ရှိဖို့ အစဉ်အားထုတ်နေသူ

မင်္ဂလာရှိဖို့ ပြုမူ နေထိုင်သူ

မင်္ဂလာ ရှိဖို့ ပြောဆို စီစဉ်တတ်တဲ့သူ

မင်္ဂလာ ရှိဖို့ တွေးဆ ရွက်ဆောင်ပေးနေသူ

မင်္ဂလာတရားနဲ့အညီ လက်တွေ့ ကျင့်ကြံနေထိုင်သူ။

***သူ...သူ...သူ ဆိုတဲ့လူက ပိန်ပိန်လှပ်လှပ်လူ့ခန္ဓာနဲ့

မိန်းမတယောက်ဖြစ်သူ

သူ ဆိုတဲ့လူက အပြင်လျာသွယ်လျ စိတ်ခွန်အားတွေ

ပြည့်ဝနေတဲ့လူ

သူ ဆိုတဲ့လူက ရင်ပြင်လှိုဏ်တခုလုံး စာနာစိတ်နဲ့ ပြည့်ဝနေတဲ့သူ။

***သူဆိုတဲ့ မိန်းမက ဘာကိုမှမကြောက်တတ်တဲ့သူ

သူဆိုတဲ့မိန်းမက မဟုတ် မမှန် မစာနာခြင်းကို စက်ဆုပ်တတ်တဲ့သူ

သူဆိုတဲ့မိန်းမက လူလုပ်လက်နက်ကိုမကိုင် စာနာစိတ်ဖြင့် ခရီးကြမ်းလျှောက်နေသူ

သူ ဆိုတဲ့မိန်းမက ကွေးညှစ်လာမယ့်လက်ညှိုးထက် ဆန့်တန်းထိုးဆတ်လာမယ့်

တငေါက်ငေါက်လက်ညှိုးမျိုးကိုသာ ဂရုထားတတ်တဲ့သူ

သူ ဆိုတဲ့မိန်းမက ကမ္ဘာတလွှား ဘယ်နေရာသွားသွား ဝံ့ဝံ့စားစား ခေါင်းမော့ထားတတ်သူ

သူ ဆိုတဲ့မိန်းမက ပိုင်ဆိုင်သမျှ သက်ရှိသက်မဲ့ တွယ်တာခြင်းကင်း လွှတ်ချထားခဲ့သူ

သူ ဆိုတဲ့မိန်းမက သိမ်းပိုက်ရမယ့်အရာ၊ စွန့်လွှတ်ရမယ့်အရာကို ခွဲခြားရှုမြင်တတ်တဲ့သူ

သူ ဆိုတဲ့မိန်းမက ခွင့်လွှတ်ပစ်လိုက်ဖို့၊ မေ့ထားပစ်တတ်ဖို့

မချွင်းမချန်အရယူသိမ်းပိုက်လိုက်နိုင်ဖို့ကို မမေ့၊မချန်၊မလွှတ်စတမ်း

တဆံခြည် တဗီဇနာမျှမက စေ့စေ့စူးစူးပြုနေတတ်တဲ့သူ

သူ ဆိုတဲ့မိန်းမက စိတ်အားသတ္တိကောင်းလှသူ

သူ ဆိုတဲ့မိန်းမက သတိသမ္ပဇဉ် အစဉ်ဉာဏ်ယှဉ်တတ်တဲ့သူ

သူ ဆိုတဲ့မိန်းမက မေတ္တာပြည့်လျှမ်း ချမ်းချမ်းမြမြ ဝင်းပနေတဲ့သူ

သူ ဆိုတဲ့ မိန်းမက ပြည်သူ့အတွက်သာ ရှေ့ရှု ဆင်ခြင်သူ။

***တစ်ဦးတည်းအတွက် မင်္ဂလာ မယူ

တစ်ယောက်ချင်းစီအတွက် တွေးပေးတတ်သူ

တစ်ယောက်ချင်းစီအတွက် ပြည့်စုံစေလိုသူ

တစ်ယောက်ချင်းစီအတွက် ဝမ်းသာစေလိုသူ

တစ်ယောက်ချင်းစီအတွက် ကြည်သာ ချမ်းမြေ့စေလိုသူ

တစ်ယောက်ချင်းစီအတွက်ဘဝတွေ ပြင်နေသူ

တစ်ယောက်ချင်းစီအတွက် အသိတွေ မှန်စေလိုသူ

တစ်ယောက်ချင်းစီအတွက် အမြင်တွေ တည့်စေလိုသူ

တစ်ယောက်ချင်းစီအတွက်အတွေးတွေ ကောင်းမွန်စေလိုသူ

တစ် ယောက်ချင်းစီအတွက်စိတ်တွေ ပြင်ပေးနေသူ

တစ်ယောက်ချင်းစီအတွက် မှန်ကန်ကောင်းမွန်တဲ့ဘဝတွေ ရစေလိုသူ

တစ်ယောက်ချင်းစီအတွက် မင်္ဂလာတွေ ရှိစေ ပြည့်စေလိုသူ

မွေးစကလေးမှ အရွယ်လွန်အိုမင်း တစ်ယောက်မကျန် နှလုံးစိတ်ဝမ်း

အေးစေ ချမ်းမြေ့စေလိုသူ

ပညာရှာသူလူငယ်များ စိတ်အေးလက်အေး သင်ယူစေလိုသူ

ကမ္ဘာအတွင်းလှည့်လည်သွား အများသူတကာပမာ လူသားပီပီ နေစေလိုတဲ့သူ။

***တစ်ယောက်တည်း ရှေ့ကပြေး

တစ်ယောက်တည်း မမောမပမ်း

တစ်ယောက်တည်း ခရီးကြမ်း

တစ်ယောက်တည်း အံ့မခမ်း။

လုံကွင်းထမီကိုဆည်း ဒေါက်ဖိနပ်တဒေါက်ဒေါက်စီးလျက်

မတ်မတ်မားမား အမြဲလျှောက်တတ်သူ။

***ကူသူအများ မောသော်ငြား

သူကား မမောနိုင်မပမ်းနိုင်အား။

ကူသူအများ အာရုံထွေပြား

သူကား တစူးစား စိတ်ကိုထား။

ကူသူအများ ယောင်တိယောင်ဝါး

သူကား ခရီးရောက်ဖို့ လမ်းမပျောက်အား။

ကူသူအများ မိန်းမူးသွား

သူကား ဖြောင့်ဖြောင့် တည့်တည့်စိတ်မွန်များ။

ကူသူအများ ကြမ်းရိုင်းငြား

သူကား နူးညံ့လှပနှလုံးသား။

ကူသူအများ မေ့လျော့ငြား

သူကား ထာဝစဉ် မေတ္တာပွား။

သူ...သူ...သူဆိုတာ

" အောင်ဆန်းစုကြည် " ဆိုတဲ့ အာဂမိန်းမ တကယ့်လူသား။ ။

(ခင်မို့မို့နီ)

(နိုင်ငံ့မိခင်အမေစု မွေးနေ့ ၁၉.၆.၂၀၁၉

၇၄-နှစ်ပြည့်မှ အသက် ၁၂၀-ကျော် ရှည်ပါစေသော်)


(၁၀၇)

#ပန်းသက်ရှည် (မောင်စိန်ဝင်း(ပုတီးကုန်း))

သူတို့မြတ်နိုးတဲ့

ဆံထုံးပေါ်

သူတို့မပျော်ရတာကြာပေါ့

ပြန်လာရင်အဆင်သင့်

သူတို့ပွင့်ရင်း ပန်းသက်ရှည်

လွမ်းမျက်ရည်နဲ့ ငိုမဆုံး။ ။


(၁၀၈)

မြင့်မြတ်သူ (ထိန်လင်း)

🦚🦚🦚🦚

တိုင်းနိုင်ငံ နဂိုချစ်စိတ်နဲ့

ပျိုမျစ်တဲ့ သူ့ဘဝကို

နှစ် လ တွေ များစွာ ပေးအပ်

ချစ်တတ်ပလေ။

မရှုဆိတ် မနာလိုသူတွေက

ဘယာပို ဒေါမာန်ယစ်ပေမယ့်

သူချစ်တဲ့ မွေးမြေကောင်းစေဖို့

ဒေါင်းမိခင် ခိုင်ခိုင်ရပ်

မြင့်မြတ်သလေ။ ။

#ထိန်လင်း

၁၅၊ ၆၊ ၂၀၂၅


(၁၀၉)

အမေစုရဲ့ခေါင်းစဉ်မဲ့ကဗျာ (ရန်ပြေ)

ထွန်းတောက်လာမယ့် ကြယ်လေးတွေရဲ့

နှလုံးသားထဲ ထာဝရစွဲမြဲစေခဲ့....

နွေဦးပန်းတို့ရဲ့ အကြင်နာရပ်ဝန်းထဲမှာ

သူမ မေတ္တာမျိုးစေ့တွေ ပြန့်ကျဲခဲ့တာ

တောင်ပေါ် မြေပြန့် ဒေသ အစုံပေါ့....

ဒီတစ်ကြိမ် ကွယ်သွားရင်

ဘယ်တော့မှ ပြန် မထွန်းလင်းလာတော့မယ့်

လမင်းလိုမျိုး အေးမြခြင်းအလင်းပိုင်ရှင် အမေ...

အမေတွေက အမေလို့

ယုယစွာ ပြန်ခေါ်ဆိုကြတယ်...

အဖွားတွေက အမေလို့

ကြင်နာစွာ ပြန်ခေါ်ဆိုကြတယ်...

သားသမီးတွေက အမေလို့

ချစ်မြတ်နိုးစွာ ခေါ်ဆိုကြတယ်...

မြေး မြစ်အရွယ်တွေက မေမေ ဖွားဖွားလို့

တမ်းတမ်းတတ ခေါ်ဆိုကြတယ်....

ဒါတွေဟာ နှလုံးသားမှ ထွက်ပေါ်လာသော

ချစ်ခြင်းမေတ္တာတို့ရဲ့ အနက်ရှိုင်းဆုံး သံစဉ်ပါ....

မေမေတဲ့...

ခေါ်လို့လဲ မဝ

ချစ်လို့လဲ မဝ

လွမ်းလို့လဲ မဆုံး

စကားလေး နှစ်လုံးထဲနဲ့

ကမ္ဘာကို တုန်လှုပ်စေခဲ့တယ်....

ချစ်သော အမေ ကျန်းမာနေပါစေ...🙏💐

//ရန်ပြေ...(အမေ့သား)

၁၅,၆,၂၀၂၅


(၁၁၀)

၈၀ပြည့်မွေးနေ့ဆုတောင်း (ကြည်ဟိန်း)


ဘုရားကိုလည်း

……………………. ကြည်ညိုတယ် …

အမေ့ကိုလည်း ရိုသေတယ်။

နှစ်ရှစ်ဆယ်

အရေပြားဟာ

မြန်မာပြည်သားတွေအတွက်

လှိုင်းကြက်ဖတွေ တွန့်

အမေ အများကြီး စွန့် - ခဲ့ - ပြီး - ပြီ …

အရိုးချည်း ကျန်တောင်

အရိပ်ပေးကာ

ငြိမ်းချမ်းရေးကို ဆောင်ကြဉ်း ချင်သေးရဲ့

အို - အမေရယ် … ပန်း - လှ - ပါ - ပြီ …။


လူ့အသက်ထဲ

…… ထောင်သက်ကို - နှုတ်

ရွက်စုတ် ပြက္ခဒိန်လို

ပိန်ပိန်ပါးပါး ကလေး

အမေ့ မြေးတွေနှင့်အတူ

နေချို နွေးလို့

ရေချို အေးပါစေ အမေ။

လရိပ် ချိုချို

သံချို အေးအေး

သားမြေးတွေနှင့်

သင့်ရာ ပုံပြင်

ကျောပြင် ပွတ်ရင်း

သား -မြေး ချစ်ခြင်းမှာ

အဖွား၏ ချစ်ခြင်း အမတေ

ပြီးပြည့်စုံပါစေ

ချစ်သောအမေ မာပါစေ။ ။


ကဗျာရေးသူ - ကြည်ဟိန်း

၀၁:၀၂ နေ့လည်၊ စနေနေ့။

၂၄ မေ ၂၀၂၅


အမေစုကဗျာ အပုဒ် ၁၁၀ ရှိပြီ။ စု ၈၀ ကမ်ပိမ်းအတွက် ဗွီဒီယိုတွေ တင်နေရင်းက ဒီအပိုင်း ၁၂ ကို လာရေးတာပါ။ အပိုင်း ၁၃ အတွက်လည်း စုကဗျာ ဟောင်းသစ် ရေးခြစ်ပို့လာကြပါဦးနော်။ စုက ၈၀ ကဗျာက ၁၁၀ နောက်ထပ်လည်း ရှိသေးတယ်လို့သာ ပြောလိုက်ပါမယ်။


ရင်ကိုကော့ထား၊ ထောင်သို့သွားသည့်

သားတို့အမေ၊ ဘယ်မှာနေလဲ

မသိပဲနှင့်၊ သဲသဲလှုပ်ပေ

ကဗျာတွေနှင့်၊ ပန်းချီဆင့်ထား

သီချင်းများသီ၊ ချစ်ကြသည်လေ

အမေဝမ်းမြောက်ပါလေတော့။ ။







Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar