Breaking News

sno - ဆရာဒဂုန်တာရာ သို့

Photo- Crd

ဆရာဒဂုန်တာရာ သို့
sno
(မိုးမခ) မေ ၁၀၊ ၂၀၂၂

မေလဟာထူးခြားတဲ့ လတလပါ။ ဗကသများအဖွဲ့ချုပ်မွေးဖွားတဲ့လ၊ ဗုဒ္ဓဖွားတဲ့လ၊ ကားလ်မတ်မွေးတဲ့လ၊ ဆရာဒဂုန်တာရာမွေးတဲ့လ ... စသဖြင့်။
၂၀၁၂ မေ ၁၀က ဆရာဒဂုန်တာရာ ၉၃ မွေးနေ့ကို အောင်ပန်းမှာကျင်းပတယ်။
ဗကသများအဖွဲ့ချုပ်က ကိုအောင်မှိုင်းဆန်း၊ ကိုရဲရင့်ကျော်နဲ့ ရတနာပုံ တကသ က ကိုစန်းလွင် တက်ရောက်တယ်။ အခြား ပြည်ဘက်က သမဂ္ဂကျောင်းသားတွေလည်း တက်တယ်။
ကျနော်ကလည်းမန္တလေးကဗျာဆရာများအနေနဲ့ နှစ်စဥ်လုပ်နေကျမွေးနေ့ကိတ်ကြီးနဲ့ပေါ့။ ကဗျာဆရာ ကိုထက်(ရေဦး)က မုန့်ဆရာဆိုတော့ နှစ်တိုင်း အကူညီတောင်းဖြစ်တယ်။
သူ့မုန့်ဖုတ်သမားတွေကို လိုချင်တဲ့ပုံကြမ်းရေးပေးရတယ်။ အများအားဖြင့် သံလွင်ခက်ချီ ဂျိုးဖြူငှက်ပါပဲ။ ခါတရံ ကြယ်နီလေးတလုံး ပါတယ်။ ကိတ်မှာရေးထားတဲ့ စာတွေ၊ ပုံတွေရဲ့ သကြားနှစ်တွေခရင်တွေ မထိခိုက်အောင်၊ မပျက်အောင်ကားစီးရင် ဂရုစိုက်သယ်ရတယ်။ အရိပ်တကြည့်ကြည့်နဲ့ပါပဲ။
ရွှေတောင်ရိုးကားက မန္တလေးကနေ အောင်ပန်း၊ ညကြီးမှ ဝင်တာများတယ်။ ချယ်ရီမှာရပ်တယ်။
အဲဒီနှစ်က ဗကသများအဖွဲ့ချုပ်ကလည်း ဆရာ့အတွက်မွေးနေ့ကိတ်ပါတယ်။ ဘေးတိုက် ကဒေါင်းပုံ နဲ့ ကြယ်ပြာလေးနဲ့။

အခမ်းအနားကို မဟာဂန္ဓာရုံမှာပဲကျင်းပတယ်ထင်ပါတယ်။ ကျနော့်အဖို့ ဆရာ့မွေးနေ့နဲ့ လူထုအမေမာ မွေ့နေ့နှစ်ခုဟာ မဖြစ်မနေတက်တာများတာမို့ အဖြစ်ပျက်တွေပြန်ပြောတဲ့အခါတိုင်း မျက်စိလည်နေတတ်ရပါတယ်။ ဘယ်နှစ်က ဘယ်လိုလေဆိုတာမှာ ရောထွေးနေတတ်ပါတယ်။
အခမ်းအနားကျင်းပပြီးတော့ ပြန်ကြတယ်။ ဆရာမသင်းမြစန္ဒီရဲ့စျေးနားကအိမ်ကလေးဆီ ကျနော်တို့လည်း ပြန်တယ်။ ကျနော်က အများအားဖြင့် အိမ်ပေါ်မှာတည်းတာများပါတယ်။ တချို့နှစ်တွေမှာတော့ တည်းခိုခန်းမှာတည်းပါတယ်။
ပြန်ရောက်တော့ ဆရာက သူ့အခန်းလေးထဲ နားနေတာများပါတယ်။ ရေဒီယိုသံတကျီကျီက ဆရာ့အခန်းထဲကနေ ကြားနေရတတ်ပါတယ်။
ကိုအောင်မှိုင်းဆန်းက ကျနော့်ကိုလက်တို့ပြီး ကပ်ပြောတယ်။ ဆရာနဲ့တွေ့ချင်၊ စကားပြောချင်တာဘယ်လိုလုပ်ရမလဲ၊ မန္တလေးမှာလုပ်မယ့်ဆဲဗင်းဂျူလိုင်နှစ် ၅၀ ပြည့်အတွက်လည်း ပြောချင်တာ၊ ခဗျားက ဆရာနဲ့ရင်းနှီးတော့ ကူဦးပေါ့။ 
အဲ့တာဖြင့် ခဏနေဦး၊ ကျနော်သွားကြည့်လိုက်ဦးမယ်ဆိုပြီး ဆရာ့အခန်းထဲ မယောင်မလည်နဲ့ဝင်လိုက်တယ်။
ဆရာက ရေဒီယိုဖွင့်ထားတယ်။ အိပ်နေတာလား မအိပ်တာလား မကွဲပြားဘူး။ ခပ်တည်တည်ပဲ ဆရာ ဆရာလို့ ခပ်တိုးတိုးအာလုပ်ပြုပြီး လက်ကလေး သွားကိုင်ဖြစ်တယ်။ ဟုတ်ကဲ့ တဲ့၊ ဆရာက။
ကျနော်ဘယ်သူပါပေါ့၊ မန္တလေးက ဗကသများအဖွဲ့ချုပ်ကရဲဘော်တွေက ဆရာ့ကိုတွေ့ချင်၊ စကားပြောချင်လို့ပါဆရာပေါ့။ ဆရာ့ကို တွေ့ခွင့်တောင်းပေးဖို့ ပြောခိုင်းလို့ပါဆရာပေါ့။ ဟုတ်ကဲ့ ကျနော်တွေ့ချင်ပါတယ် ကိုစံညိမ်းဦးတဲ့။
ကျနော့်ဘဝမှာ ဆရာ့လို ဖြူစင်တာ၊ ရိုးရှင်းတာ၊ သိမ်မွေ့တာ၊ ညင်သာတာ၊ မာန်မထားတာ၊ ထိုသို့ပုဂ္ဂိုလ်မျိုး မတွေ့ဖူးပါဘူး။
ဂုဏ်အရ၊ သမိုင်းတန်ဖိုးအရ၊ အနုပညာအရ၊ ဖြတ်သန်းမှုအရ၊ နိုင်ငံရေးအရ ဆရာ့​ခြေဖျားလောက်မရှိတဲ့ လူများသည်ပင်၊ သူတို့သာမာန်ဖြတ်သန်းမှုကလေးမျှနဲ့အင်မတန် ဘဝင်လေဟပ်ကြတာများတာမို့ ဆရာ့လိုလူကိုတွေ့ရတဲ့အခါ အင်မတန် ကြည်နူးရပါတယ်။
ဆရာ့ရဲ့ လူငယ်တွေအပေါ်ထားတဲ့စိတ်အမွန်နဲ့ မာန်မထားမှုကိုအံသြ ကြီးစွာဖြစ်ရပါတယ်။ ကြည်ညိုရပါတယ်။

ကျနော်လည်း ကိုအောင်မှိုင်းတို့ကို လှမ်းခေါ်ပြီး ဆရာနဲ့ချိတ်ဆက်မိကြတယ်။

ကိုအောင်မှိုင်းဆန်း၊ ကိုရဲရင့်ကျော်၊ ကိုစန်းလွင်တို့က မကြာခင် ဇူလိူင် ၇၊ ၂၀၁၂ မှာရောက်မယ့် ဆဲဗင်းဂျူလိုင် နှစ်၅၀ ပြည့်အတွက် ပြောကြတယ်။
ဆရာကဆဲဗင်းဂျူလိုင် နှစ်ငါးဆယ်ပြည့်ကျင်းပရေးကိစ္စတွေ မေးမြန်းတယ်။

"ခင်ဗျားတို့ လုပ်နိုင်တုန်းလုပ်ပေးပါ.. ကျွန်တော်တတ်နိုင်တာ ကူပါ့မယ်။ ဖြစ်နိုင် ကျွန်တော်ဆီတောင် လုပ်စေချင်သေးတယ် ”
''ကျင်းပရေးကော်မတီ၏နာယကအဖြစ် တာဝန်ယူပေးဖို့ကိုလည်း လိုလိုလားလားပါဝင်မည်ဖြစ်ကြောင်း ''ဆိုတယ်။

ဆရာ့မျက်နှာမှာ၊ ဆရာ့လက်ဖဝါးမှာ၊ ဆရာ့အသံမှာ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကို ခံစားရပါတယ်။
ဆရာ့ရဲ့ ရော့ရဲပျော့တွဲနေတဲ့ လက်ဖျံသား၊ အရေပြားအောက်မှာ မာကျောသော ဗကသကျောင်းသားဟောင်းစိတ်ဓာတ်လို လက်ဖျံရိုးလှလှကို ကျနော်မြင်နေရပါတယ်။ ထိစမ်းမိပါတယ်။

တကယ်တော့ ဆရာက ၉၃ နှစ်၊ ကျန်းမာရေးက သိပ်မဟုတ်ချင်တော့ပါဘူး။ လူကြီးနာလို့ပြောရမယ့်သဘာဝတွေဖြစ်နေပါပြီ။
ကျနော်က ကိုအောင်မှိုင်း၊ ဆရာတက်ဖြစ်ရင်တော့ အတိုင်းထက်အလွန်ပဲဗျ၊ တက်မယ်ဆိုရင်ဆရာ့ကို ဘယ်လိုစီစဥ်မလဲ၊ ကားဆိုလည်း ကိုယ်ပိုင်ကားကောင်းကောင်းနဲ့မှ၊ ဒါမဟုတ် လေယာဥ်ဘာညာနဲ့မှဗျ၊ အရွယ်အရ ကျန်းမာရေးအရ ဆိုပြီး ပြောဖြစ်ကြတယ်။

တကယ်တမ်းကျင်းပတော့ အခက်ခဲကတော်ရုံမဟုတ်ကြပါ။ မန္တလေး၊ မြဝတီမင်းကြီးကျောင်းမျာ အခမ်းအနားပြင်ဆင်တဲ့ညတင် လုပ်ကိုင်နေတဲ့ရဲဘော်တွေကိုဝင်ဖမ်းပါလေရော။ ဦးသိန်းစိန်အစိုးရလက်ထက်ပေါ့လေ။
မနက်ပိုင်းကျင်းပခွင့်တော့ရခဲ့ပါတယ်။ တထိတ်ထိတ်နဲ့တက်ကြရပါတယ်။ ဆရာလည်း ဇွန်၊ ဇူလိုင်ထဲမှာ ကျန်းမာရေးအတော်ကျနေတာမို့ သဝဏ်လွှာပဲပါးနိုင်ရှာပါတယ်။
ဆရာကရေဒီယိုသတင်းကတဆင့် ဆဲဗင်းဂျူလိုင် နှစ် ၅၀၊ သတင်းကို သိနေပါပြီ။ သမိုင်းအာဃာတ ကြီးကြတယ်ဗျာလို့ မှတ်ချက်ပြုကြောင်း ကြားရပါတယ်။
ကျနော်၊ ဝင်းဇော်လွင်၊ ကိုမင်းအိမ်ကျော်၊ ကိုသစ်ငြိမ်း၊ ဆရာ့ဆီတခေါက်ရောက်တယ်။ ကိုသစ်ငြိမ်းကောင်းမှု၊ သူက ဆရာ့ကိုမှတ်တမ်းရိုက်ဖို့လာတာ ကျနော်တို့ပါ ရောက်ဖြစ်တယ်။
ဆရာက
'မနေ့က သခင်ဗဟိန်း လာသေးတယ်။ ပြန်သွားပလား မြင့်မြင့်စိန်'
'နေ့လယ်က သခင်သန်းထွန်း လာတယ်မဟုတ်လား၊ ရှိသေးလား မြင့်မြင့်စိန်''စသဖြင့် တနေ့တမျိုး။
ဆရာ့ခဗျာ အာရုံတွေလွဲ၊ သတိတွေချွတ်ယွင်းဖြစ်တာ ကောင်းကာစ၊ ပြန်သက်သာကာစလို့ ဆရာမသင်းမြစန္ဒီ(ဒေါ်မြင့်မြင့်စိန်)ကပြောပြတယ်။ ကျနော်တို့ရောက်တဲ့အချိန်ဟာ။
ကျနော်ဟာ ဆရာကိုပိုချစ်မိတယ်။ ဆရာ့ကို လေးနက်စွာနမ်းမိတယ်။ လူအိုနံ့သင်းသင်းမှာ ကိုယ့်အဘိုးရင်းတယောက်လိုခံစားရတယ်။
ဆရာ့ကို ''ကျဆုံးလေပြီးသောပန်းပွင့်များ''ကဗျာ၊ ဖတ်ပြဖြစ်တယ်။ ဆရာ ကျနော့်လက်ကိုတင်းတင်းဆုပ်ကိုင်ထားတယ်၊ ဖျစ်ညှစ်တယ်။ အချိန်တခုကြာထိမလွှတ်ဘူး။''ဦးလေး လက်ကိုလွှတ်တော့ ကိုစံညိမ်းဦးတို့ ပြန်ရဦးမှာ..''ဆိုပြီး ဆရာမက ခွာယူရတယ်။ ကိုသစ်ငြိမ်းက ကင်မရာကိုတည်ပြီးရိုက်တယ်။

ကိုမင်းအိမ်ကျော်က ဆရာ့ကိုခုတင်ပေါ်တင်၊ ခြင်ထောင်ချပေးတယ်။ ကျနော်တို့တည်းခိုရာအခန်းဆီပြန်ခဲ့ကြတယ်။
ဒီလိုနဲ့ ၂၀၁၃ ၊ သြဂတ်ထဲ ဆရာကြွေလွင့်တယ်။ မျက်ရည်ကျတယ်။ ငိုရတယ်။
ခုပြန်ပြောဖြစ်တာတွေက ဘယ်တော့မှမေ့မရတော့တဲ့ မြင်ကွင်းတွေ၊ သတိရမှုတွေ၊ အစိတ်အပိုင်းတွေထဲက တခုပါပဲ။
ဆရာ့တန်ဖိုးက ကျနော်တို့ မှန်းဆမရနိုင်အောင်ရှိပါမယ်။ ကျနော့်အဖို့ကတော့ ချစ်ခြင်းမျှသာ ပြောဝံ့ပါတယ်။
sno
မေ ၁၀၊၂၀၂၂
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar