Breaking News

အောင်စံအေး - အမေကြီး

အမေကြီး
အောင်စံအေး
(မိုးမခ) မေ ၁၁၊ ၂၀၂၂

 နေလုံးက အနောက်ရိုးမပေါ်ရောက်နေပါပြီ။ မကြာခင်ကွယ်တော့မှာပါ။ ကျိုးတိုကြဲတဲဆံပင်ကိုစုချည်ထားပြီး သနပ်ခါး မထူမပါးလိမ်းထားတဲ့ အသက် (၇၀)ကျော် အဘွားတဦး ရွာအပြင်ကို ဖြည်းဖြည်းချင်း လှမ်းလာနေပါတယ်။ ရွာပြင်သောက်ရေတွင်းမှာတော့ မိန်းမပျိုတသိုက်ရေ ခပ်နေကြတယ်။မီးလောင်ပြင်ကိုဖြတ်တိုက်လာတဲ့လေပွေက အဘွားအိုကို ကျီဆယ်နှုတ်ဆက်သွားပါတယ်။ လှုပ်လီလှုပ်လဲ့ အဘွားအိုက ခန္ဓာကိုယ်ကိုစောင်းလိုက်ရင်း ခေတ္တရပ်နေလိုက်ပါတယ်။ ဒီထက်လေပြင်းရင်တော့ သူလဲကျသွားနိုင်လောက်ပါတယ်။

ဒီရက်တွေမှာ အမေအိုတယောက် ရွာအပြင်ဗန့်ပွေးပင်ကြီးရှိရာကို နေ့တိုင်းရောက်လာလေ့ရှိပါတယ်။ ပြီးတော့ ဗန့်ပွေးပင်ကြီးကိုမှီပြီး သူ့သားပြန်လာမဲ့ အိုးဘိုကျောင်းရှိရာကို လက်ကလေးကာလို့ငေးမောရတာ နေ့တိုင်းအလုပ်ပါပဲ။ သူကမျက်ခမ်းကလည်းစပ်တော့ နေရောင်ပြင်းရင် တယ်မသက်သာလှဘူးလေ။ ဒါကြောင့်နေလေးညိုတဲ့ အချိန်မှလာနိုင်တာ။ တဖုတ်ဖုတ်ကြွေကျနေတဲ့ ဗန့်ပွေးပွင့်တွေထဲကတပွင့်ကို သူကောက်လိုက်ပြီး မွှေးလိုက်တယ်။ ခပ်အီအီအနှံလေးရတော့ သားကိုသတိရစိတ်က ထိန်းမရအောင်ဖြစ်ရပြန်တယ်။ ဝေ့လာတဲ့မျက်ရည်ကို ညာလက်ခုံနဲ့အသာအယာသုတ်လိုက်တယ်။ ခုလို သင်္ကြန်ရက်၀န်းကျင်မှာ တက္ကသိုလ်သွားတဲ့သူ့သားလေးပြန်လာနေကြမဟုတ်လား။ အင်းမှတ်မှတ်ရရ သူ့သားနောက်ဆုံးရွာပြန်ခဲ့တာ ဟိုအရေးခင်းတွေရုတ်ရုတ်သဲသဲဖြစ်ခဲ့တဲ့နှစ်ပဲ။ ခုဆို (၁၀) နှစ်ကျော်ပါပေါ့လား။ အချိန်တွေကလည်းမြန်လိုက်တာ မနေ့တနေ့ကလိုပါလား။

သားပြန်လာတဲ့အခါ သူကြိုက်တတ်တဲ့ သခွပ်ပွင့်ပြုတ်၊ ငါးဖျင်းသလက်အိုးကပ်၊ မန်ကျည်းချည်ရည်၊ ငပိရည်ကြိုလေးနဲ့ဆို ဒီကောင်သိပ်ကြိုက်တတ်တာ။ ရန်ကုန်ရောက်နေတာတောင် စာနဲ့ရေးပြီး လှမ်းပြောတတ်တဲ့ကောင်။ 

မှတ်မိတာပေါ့။ အဲဒီသင်္ကြန်မှာ သူ့သားပြန်လာခဲ့တယ်။ ရွာက ကလေးလူကြီးအကုန်လုံး သူ့သားကိုကြိုခဲ့ကြတာ။ သူကတော့ သူ့သားလက်ကိုဆွဲလို့ အားရှိခဲ့တာပေါ့။ အိမ်ကိုရောက်အောင်မနည်းပြန်ရတယ်။ ဟိုလူကလည်း "မင်းတို့ရန်ကုန်မှာ ကျောင်းသားတွေကို အစိုးရကသတ်တယ်ဆိုကွ" "အရေးအခင်းမှာ မင်းပါသေးလားဟေ့ " စတဲ့တယောက်တပေါက် မေးနေကြတာ သားကလည်းစိတ်ရှည်ရှည်ထားပြီး ရှင်းပြနေရတယ်။ အဲဒီတုန်းကတော့ ကိုယ့်မှာ ၀မ်းသာဂုဏ်ယူလိုက်ရတာ။ ငါ့သားက တယ်တော်ပါလား။ တယ်တတ်ပါလား။ ရွာကလူတွေမေးသမျှ တခုမကျန်ဖြေနေတာများ အမလေး ဦးနုခေတ်တုန်းက အမတ်မင်းကျနေတာပဲ။

သူ့အကိုတွေကလည်း ရန်ကုန်မှာ အခြေအနေမကောင်းရင် ရွာမှာပဲဆက်နေဖို့ပြောကြပါရဲ့ ဒါပေမဲ့ ဒီကောင်ကမရဘူး။ ဒီလောက်မတရားတာလုပ်နေတာ ပြီးတော့ သူတို့ကျောင်းသားအချင်းချင်းညီညွတ်ရမတဲ့။ အဖမ်းခံရတဲ့ကျောင်းသားတွေအတွက် သူတို့တခုခုလုပ်ရမယ်တဲ့။ ဒီကောင်က ငယ်ငယ်ကတည်းက မဟုတ်မခံ ထစ်ခနဲဆို ရန်ဖြစ်တတ်တဲ့ကောင်လေ။ ဒါကြောင့်စိုးရိမ်မိတာ။ ဒင်းကတော့ မအေကို နည်းနည်းမှ စဉ်းစားပုံမရပါဘူး။

အင်း တကယ်က သူမွေးထားတဲ့သားခြောက်ယောက်မှာ ဒီအငယ်ဆုံးကောင်ကိုပဲ ပညာသင်ပေးနိုင်ခဲ့တာ။ ဒါကလည်းသူ့အကိုတွေက ညှာလို့ပါ။ ခက်ခဲတဲ့ တောသူတောင်သားဘ၀မှာ သူ့တို့ညီလေးကိုမနေစေလိုပဲ ပန်ကာအောက်မှာပဲအလုပ်လုပ်စေချင်တဲ့စေတနာက အဓိကပါလေ။ ဒီကောင်ကလည်းဘာမှ ဖြစ်ဖြစ်မြောက်မြောက်မရှိဘူး စာလေးတော်လို့တော်သေးတာ။ သူကလေး(၁၀)တန်းအောင်တော့ ရန်ကုန်ရောက်နေတဲ့သူ့အကို၀မ်းကွဲ မောင်ဉာဏ်ထွန်းဆီပို့ပြီး ကျောင်းထားပေးခိုင်းရတာ။ သူက လိမ္မာတော့ မောင်ဉာဏ်ထွန်းကလည်း စောင့် ရှောက်ရှာပါတယ်။ 

သူ့သားက သီတင်းကျွတ်နဲ့ တန်ခူးလသင်္ကြန်ဆိုရင် အိမ်ပြန်လာနေကျ။ တခါတလေ ရှားမီးကိတ်မုန့်ဆိုလား ပါ လာတတ်တာ။ သူ့သား၀ယ်လာလို့လားမသိတယ်ကောင်းတာပဲ။ ပြီးတော့ ကလေးတွေအတွက် ရှားမီးချိုချဉ်တဲ့။ ရွာကကလေးတွေဆို သူ့သားပြန်လာရင် သိပ်ပျော်ကြတာ။ တခါတလေလည်း သူ့သားသူငယ်ချင်းတွေခေါ်လာတတ်သေးတယ်။ ဒီကောင်ကဒီလိုပဲ ရောက်တဲ့အရပ်အပေါင်းအသင်းသိပ်ပေါတယ်။ ပြီးရင်မေ့သွားတော့တာ။ မင်းက ချီး (ချေး)ကျရာပျော်တတ်တဲ့ကောင်လို့့ပြောတော့ အမေကလည်း ကြံကြံဖန်ဖန်ပြောတတ်တယ်လို့ ဆိုသေးတယ်။

အရေးတော်ပုံကြီးဖြစ်တော့ သူကစိတ်ပူလိုက်ရတာ။ ရန်ကုန်မှာ ကျောင်းသားတွေကိုပစ်သတ်နေသတဲ့။  လမ်းမတွေပေါ်မှာကို ပစ်သတ်ကြသတဲ့။ သားဆီကလည်း ဘာအဆက်အသွယ်မှမရဘူး။ ရွာမှာလည်း ကျန်တဲ့သူ့သားတွေက ဆန္ဒပြကြအုံးမတဲ့။ တပြည်လုံး ထမင်းအိုးလို ဆူနေပါပေါ့လား။ သားတို့မင်းတို့ညီလေးစုံစမ်းကြပါအုံးဆိုတော့ " အမ(အမေ)ရေကျွန်တော်တို့တောင် ဒီမှာဆန္ဒပြနေတာ အမသားပါကို ပါမှာပဲ အများဖြစ်နေတာ ဘယ်နဲ့လုပ်မလဲ ရန်ကုန်ကိုသွားဖို့လဲမဖြစ်နိုင်၊ ဖြစ်နိုင်အုံး ဘယ်မှာလိုက်ရှာရမှာလဲတဲ့" ဟုတ်ပါတယ်လေ။ ခေတ်ကြီးပျက်နေမှ ဘာတတ်နိုင်မှာလဲ။ ဘယ်လိုပဲဖြစ် ဖြစ်သူကတော့ ဘုရားစဉ်ရှေ့မှာ သူ့သားလေးချောချောမောမော အိမ်ပြန်ရောက်ပါစေ။ ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဆုတောင်းနေရတော့တာပါပဲ။
 
အရေးခင်းတွေ ပြီးတော့ရွာကနေမောင်ဉာဏ်ထွန်း ရန်ကုန်တက်တယ်။ သူပြန်လာတော့ သူ့သားနဲ့တွေ့ခဲ့ကြောင်း ဒါပေမဲ့ သူတောခိုတော့မယ်လို့ ပြောကြောင်းနောက်ဆုံးသိရတော့တာပဲ။ အေးလေ တောမခိုရင်လည်း အဖမ်းအဆီးများတော့ ငါ့သားလေး လူဆိုးသူခိုးတွေထားတဲ့ ထောင်ထဲအပို့ခံရမှာပဲ။ ရွာထဲမှာတော့ အတင်းအဖျင်းတွေပြောကြတာပေါ့၊ ဘယ်နဲ့လည်းကျောင်းထားချင်အုံးလေ၊ ခုတော့ သူပုန်ဖြစ်သွားတာပဲမဟုတ်လားတဲ့။ 

ဒင်းတို့ရဲ့ မလောက်လေးမလောက်စား အသိဉာဏ်လေးနဲ့များ ငါ့သားတို့လိုပညာတတ်တွေလုပ်တဲ့အလုပ်ကို ဝေဖန်နေကြသေးတယ်။ ပြန်ပြောချင်လိုက်တာ ညည်းတို့ အမတော်ကြေးဆိုပြီး နှစ်တိုင်း စပါးတွေမတရားတောင်းတတ်တဲ့ နေ၀င်းအစိုးရပြုတ်ကျအောင် ငါ့သားလို ကျောင်းသားတွေလုပ်ခဲ့တာဟေ့လို့။ သားရေ.. အမေသားကိုပြန်မတွေ့ရပေမဲ့ သားတို့လုပ်တာမှန်တယ်လို့အမေယုံတယ်။ အမေက သားလိုစာမတတ်ပါဘူး၊ ဒါပေမဲ့ အမေတို့ကိုနှိပ်စက်နေတဲ့ဒီအစိုးရကို ငါ့သားတို့ ပြုတ်ကျအောင်လုပ်တာ အမေအမြဲထောက်ခံတယ်။ ဘယ်နဲ့ ဂျပန်ခေတ်ကိုလဲဖြတ်ဘူးပါရဲ့၊ ဒီနေ့ခေတ်လောက် လူတွေဒုက္ခရောက်တာ ကြုံမကြုံဘူးပေါင်။

နှစ်တွေကြာခဲ့ပေမဲ့ အဘွားအိုကတော့ သင်္ကြန်ရက်၀န်းကျင်ရောက်တိုင်း ရွာထိပ်က ဗန်းပွေးပင်အောက်လာပြီး သားဖြစ်သူကိုစောင့်မျှော်ဆဲပါ။ နေလုံးကွယ်သွားပါပြီ။ ဒါပေမဲ့ ကောင်းကင်မှာတော့ တိမ်တောက်နေလို့အလင်းရောင်ရှိနေဆဲပါ။ တဖြူးဖြူးတိုက်နေတဲ့ တန်ခူးလေပြေထဲမှာ အဘွားအိုတယောက် အတိတ်ဆီလွင့်မျောနေပုံပါပဲ။ အသက်(၁၂)၀န်းကျင်ခန့် ယောက်ကျားလေးတဦး အဘွားအိုရှိရာကို ရောက်လာပါတယ်။

" အမေကြီးပြန်ရအောင်လေ အဖေက ခေါ်ခိုင်းလိုက်တယ်" အဘွားအိုက ခေါင်းဆတ်ခနဲညိတ်လိုက်ပြီး ရွာဘက်ကို နှေးကွေးတဲ့ခြေလှမ်းများနဲ့ တရွေ့ရွေ့မြေးဖြစ်သူနောက်က လိုက်ပါသွားပါတော့တယ်။ သူ့ရင်ထဲမှာတော့ မနက်ဖြန်သူ့သားပြန်လာမှာမို့ တခေါက်ပြန်လာဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။

 * အမေကွယ်လွန်ပြီး (၁၆) နှစ်ကြာမှသိခဲ့ရတဲ့ အဝေးရောက်သားတယောက်
 (အမေနေ့ကို ဂုဏ်ပြုလျက်)
 
ကျနော်ပြန်မရောက်နိုင်သေးလို့ အမြဲတစေ (အပင်အောက်) မျှော်နေတတ်တယ်လို့ အကိုတယောက်က ကျွန်တော်နဲ့အဆက်အသွယ်ရတဲ့ ပြီးခဲ့တဲ့နှစ်ကပြောမှသိရပါတယ်ဒါကြောင့်..အမေ့ကို လွမ်းပြီးရေးပါတယ်။

အောင်စံအေး
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar