Breaking News

မောင်စွမ်းရည် - အောင်ဝေး ချစ်လို့ ရေးတဲ့ကဗျာ၊ အောင်ဝေး မုန်းလို့ ရေးတဲ့ကဗျာ

မောင်စွမ်းရည် - အောင်ဝေး ချစ်လို့ ရေးတဲ့ကဗျာ၊ အောင်ဝေး မုန်းလို့ ရေးတဲ့ကဗျာ
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၁

မြန်မာခေတ်ပေါ်ကဗျာ (ကာလပေါ်ကဗျာ) လို့ ပြောရင် ‘ခေတ်စမ်းကဗျာ’လို့ ခေါ်တဲ့ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ ကဗျာတွေကို ဆိုလိုတာလို့ နားလည်ထားမယ် ထင်ပါတယ်။ ခေတမ်စမ်း နောက်ဆက်တွဲအဖြစ် နုယဉ်၊ မင်းယုဝေ၊ ငွေတာရီတို့ ပေါ်ထွက်ခဲ့ပါတယ်။ တဆက်တည်းလိုပဲ ခေတ်စမ်းကဗျာတွေရဲ့ ရေးပုံ၊ တွေးပုံ အတော်အတန် ခြားနားတဲ့ ဒဂုန်တာရာနဲ့ ကြည်အေးတို့ရဲ့ ကဗျာတွေ ပေါ်လာခဲ့တယ်။

ဒါပေမဲ့ သူတို့ရဲ့ ကဗျာအမျိုးအစားများဟာ ဆက်လက် မထွန်းကားလာခဲ့ပါ။ ကျွန်တော့်အထင် ပြောရရင် ကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်၊ စစ်ကြီး နှစ်စစ်ကြောင့် ပညာရေးနဲ့ စာပေဟာ အတန်ငယ် နောက်ဆုတ်သွားခဲ့တဲ့အတွက် အဲဒီခေတ် လူငယ်တွေမှာ စာပေဖတ်ရှု ခံစားနိုင်မှု အရှိန်နှေးသွားခဲ့တယ်လို့ ထင်ပါတယ်။

ဆရာတာရာတို့နဲ့ မရှေးမနှောင်း နည်းနည်းနောက်ကျပြီး ပေါ်ထွက်လာတဲ့ ကဗျာတွေ၊ အထူးညွှန်းချင်တာက မန္တလေးတက္ကသိုလ်ထွက် ကဗျာဆရာတွေဟာ အင်နဲ့ အားနဲ့လို့ ဆိုရလောက်အောင် လေး ငါး ဆယ်ယောက်လောက် တဆက်တည်း၊ တစုတည်း ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ဟာ တပြိုင်တည်း ကဗျာဆုတွေ ရကြပြီး ဆုပေး ရွေးချယ်ကြသူတွေက ခေတ်စမ်းစာဆိုကြီးတွေ ဖြစ်နေပါတယ်။ ဒါကြောင့်လား မသိ၊ သူတို့ကဗျာတွေက ခေတ်စမ်းအသံ၊ ခေတ်စမ်းဟန် ပေါက်နေပါတယ်။

ဒဂုန်တာရာ၊ ကြည်အေး တို့နောက် မလိုက်ဘဲ ဇော်ဂျီ၊ မင်းသုဝဏ် နောက်ကို လိုက်နေကြပါတယ်။ ဆိုချင်တာက မြန်မာကာလပေါ် ကဗျာဟာ ‘အီနေတယ်’လို့ ထင်မြင်မိပါကြောင်း ပြောလိုတာပါ။

ဒီအချိန်မှာ ခေတ်ပေါ်ကဗျာ စူးစမ်းလေ့လာမှုတွေ လုပ်လာကြပါတယ်။ ရန်ကုန်မှာ ကဗျာဆရာကြီး မင်းသုဝဏ် ဦးဆောင်ပြီး ဆရာကြီးရဲ့အိမ်မှာပဲ ကဗျာဆရာတွေ စုပြီး ဆွေးနွေးကြပါတယ်။ တင်မိုး၊ မောင်သာနိုး၊ မြဇင်၊ မင်းမော် စသူတွေ ပါဝင်ပါတယ်။ တချိန်တည်းမှာပဲ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းရဲ့ နှစ်စဉ် စာဆိုတော်နေ့ စာတမ်းဖတ်ပွဲတွေမှာ မျက်မှောက်ခေတ် ကဗျာကို လေ့လာမှုတွေ ပြုလုပ်ပြီး စာတမ်းဖတ်ကြပါတယ်။ ကဗျာစာတမ်းတွေကို ကဗျာဆရာများ ဖြစ်ကြတဲ့ တင်မိုး၊ မောင်စွမ်းရည် စသူတို့က ရေးသား တင်သွင်း ဖတ်ကြားခဲ့ကြပါတယ်။ အဓိက ပြောလိုတာက မျက်မှောက်ခေတ် ကဗျာတွေဟာ ‘အီနေတယ်’ ဆိုတာပါပဲ။

တင်မိုး၊ မောင်စွမ်းရည်တို့ ကဗျာဆရာများကိုယ်တိုင်က မျက်မှောက်ကဗျာတွေဟာ ‘အီနေတယ်’ လို့ တသံတည်း ထွက်လာကြပေမဲ့ ‘အီနေရင် ရှေ့ဆက်ပြီး ဘာလုပ်ကြရမယ်ဆိုတာ’ကို ရေရေရာရာ မပြောခဲ့ကြပါဘူး။

ဒါပေမဲ့ နောက်တနှစ်မှာ ဆက်လက်ပြီး မြဇင်နဲ့ မောင်သာနိုးတို့က ‘မြို့ပြခံစားမှု’ (Modern Sensitivity) ဆိုတဲ့စကားကို အဓိကသုံးပြီး ခေတ်ပေါ်ကဗျာကိစ္စ၊ ကဗျာဆန်းသစ်ရေးကိစ္စကို ဆွေးနွေးတင်ပြလာခဲ့ကြပါတယ်။ ဆက်လက်ပြီး ကမ္ဘာ့ခေတ်ပေါ်ကဗျာတွေနဲ့လည်း မိတ်ဆက်ပေးကြပါတယ်။

မောင်သာနိုးက ‘ထင်းရူးရိပ်’ ဆိုတဲ့ ကဗျာ ဘာသာပြန်စာအုပ်တအုပ် ထုတ်လိုက်ပါတယ်။ ဒီအခါမှာ ကမ္ဘာ့ခေတ်ပေါ်ကဗျာများနဲ့ အဆက်ပြတ်သလို ဖြစ်နေတဲ့ မြန်မာလူငယ်ကဗျာဆရာများဟာ အနောက်တိုင်း ခေတ်ပေါ်ကဗျာတွေကို မြည်းစမ်းခွင့်ရရှိလာခဲ့ပြီး ‘မြို့ပြခံစားမှုကဗျာ’၊ ‘ခေတ်ပေါ်ကဗျာ’ တို့ကို တုပစပ်ဆိုလာခဲ့ကြပါတယ်။

‘ကာရန်မဲ့’၊ ‘စကားပြောရစ်သမ်’ ဆိုတဲ့ ကိစ္စတွေကို စမ်းဝါးမိလာကြပါတယ်။ လေ့လာ၊ တုပလာကြပါတယ်။ ဒါပေမဲ့ ‘မြို့ပြခံစားမှု’ ဆိုတဲ့ ခေတ်ပေါ်ကဗျာရဲ့ ဇာစ်မြစ်နဲ့ အတန်ငယ် ကင်းကွာနေကြတဲ့အတွက် အလှမ်းကျယ်၊ အလယ်လပ်သလို ဖြစ်နေဟန်ရှိပါတယ်။ အဓိကမှာ ကမ္ဘာ့စာပေ၊ အနောက်တိုင်းစာပေကို ကိုယ်တိုင် ဖတ်ရှုခံစားနိုင်လောက်တဲ့ ပညာအခြေခံ (အင်္ဂလိပ်စာ ကောင်းကောင်းမတတ်တဲ့ကိစ္စ)ကြောင့် ဖြစ်ပါလိမ့်မယ်။ မြို့ပြခံစားမှု အတုအယောင် ကဗျာတွေပဲ ထွက်ပေါ်နေခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ ယနေ့ လူငယ်ကဗျာဆရာတွေ ယက်ကန်ယက်ကန် ဖြစ်နေရတာ ဘာကြောင့်လဲလို့ အကြောင်းရင်း (တရားခံ)ကို စူးစမ်းကြည့်တဲ့အခါမှာ အချက် နှစ်ချက်ကို သွားတွေ့ရပါတယ်။ ပထမတချက်က မြန်မာပြည်ကိုယ်တိုင်က ခေတ်မီတိုးတက်တဲ့ မြို့ပြနိုင်ငံတနိုင်ငံအဖြစ် မရောက်ရှိသေးတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ စာမရှိ၊ စာမတတ်တဲ့ မြန်မနိုင်ငံသားတွေ အများအပြား ရှိနေပါသေးတယ်။ လူမှုဆက်ဆံရေးကလည်း ရိုးရှင်းတဲ့ ကျေးလက်လူမှုဆက်ဆံရေးပဲ ရှိနေပါသေးတယ်။ ဒုတိယအချက်ကလည်း ပထမအချက်ကို အခြေခံနေတယ် ထင်ပါတယ်။

အဲဒါကတော့ မြန်မာလူငယ် စာပေသမားတွေ စာလေ့လာနိုင်စွမ်း အားနည်းမှုပါပဲ။

အင်္ဂလိပ်စာနဲ့ ကမ္ဘာ့စာပေကို လေ့လာကြရာမှာ အင်္ဂလိပ်စာ ဖတ်နိုင်စွမ်းအားနည်းတဲ့အတွက် ကမ္ဘာ့စာပေနဲ့ ရင်းနှီးကျွမ်းဝင်မှုကလည်း အားနည်းနေကြပါတယ်။

ခုအထိ တင်ပြခဲ့တာဟာ မြန်မာကဗျာဆရာများရဲ့ ဘဝနောက်ခံအကျဉ်းကို စူးစမ်းချက် ဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်က မော်ဒန်ကဗျာဆရာများလို့ ကိုယ့်ဘာသာ သတ်မှတ်ထားသူများဟာ ကြိုးစားအားထုတ်မှုရှိကြပေမဲ့ မြို့ပြခံစားမှုအခြေခံနဲ့ ကမ္ဘာ့စာပေ (မြို့ပြစာပေ) လေ့လာဖတ်ရှုနိုင်စွမ်း အားနည်းကြပါတယ်။

အောင်ဝေးလည်း ဒီပုတ်ထဲက ဒီပဲပေါ့။ ဒါပေမဲ့ နိုင်ငံခြားကိုရောက်ရှိနေတာဟာ ၂၀၀၈ ခုနှစ်ကဆိုတော့ ခုအခါ ၂၀၂၁ ခုနှစ်မှာဆိုရင် ဒွါဒသဟိ - တဆယ့်နှစ်နှစ် ကာလပတ်လုံး ကြာရှိသွားခဲ့ပါပြီ။

ကမ္ဘာ့မြို့ပြနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေထိုင်လာခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီဆိုတော့ မြို့ပြခံစားမှုနဲ့ ထိတွေ့ခံယူခဲ့ရတာလည်း ၁၀ နှစ်ကျော်ခဲ့ပါပြီ။

ကျွန်တော်တို့က နယူးယောက်မြို့မှာ ရပ်ကွက်မြို့နယ်တခုထဲက အခန်းပေါင်း ၁၅၀ လောက်ရှိတဲ့ တိုက်ခန်းကြီးတလုံးမှာ ကိုယ်လို သူလို တောသား မြန်မာနိုင်ငံသားတွေ၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား နိုင်ငံသားတွေ၊ ဘင်္ဂါလီ၊ အိန္ဒိယနိုင်ငံသားတွေ စတဲ့ အာရှနိုင်ငံသားတွေနဲ့ ပေါင်းပြီး နေရတာပါ။ အိမ်ခန်းနဲ့ ဘုန်းကြီးကျောင်းကလွဲပြီး ဘယ်မှမရောက်ပါဘူး။ ကိုဗစ်ကာလဆိုရင် ပိုဆိုးတာပေါ့။

ဒါကြောင့် မြို့ပြခံစားမှုက ကျွန်တော်တို့ကို ထွင်းဖောက်နိုင်ခဲ့ပါတယ်။

အောင်ဝေးတို့က မစ်ရှီဂန်မှာနေတော့ ကိုယ့်အိမ်ထဲမှာပဲ အောင်းပြီးနေတာမဟုတ်ဘဲ တက္ကသိုလ်ကို တက်လိုက်သေးတာပါ။ အမေရိကန် ကျောင်းသားတွေလို နေထိုင် ပြောဆို၊ စားသောက် သင်ယူနေလာတာကိုး။ ခုအခါ အမေရိကန်တက္ကသိုလ်က ဘွဲ့တခုတောင် ရရှိသွားခဲ့ပါပြီ။ ဒါကြောင့် မြို့ပြခံစားမှု ဆိုတာမျိုး သူ့ကိုယ်ထဲမှာ စိမ့်ဝင်နေခဲ့ပါပြီ။ မြို့ပြစာပေကိုလည်း ဘွဲ့ရအောင် ဖတ်ယူ လေ့လာ ခံစားခဲ့ရပါပြီ။

ဒါကြောင့် သူ ကဗျာဖွဲ့တဲ့အခါ မြို့ပြခံစားမှု အပြည့်နဲ့ မြို့ပြခံစားမှု ပုံစံအတိုင်း ဖွဲ့ဆိုတင်ပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ခု တနှစ်၊ နှစ်နှစ်အတွင်းမှာပဲ ကဗျာစာအုပ် နှစ်အုပ် ဆက်တိုက် ရေးထုတ်နိုင်ခဲ့ပါပြီ။ တအုပ်က ‘ချစ်လို့ရေးတဲ့ ကဗျာ’တဲ့။ နောက်တအုပ်က ‘ဒေဝဒတ်ရဲ့ ပစ္စတို’တဲ့။

ပထမကဗျာစာအုပ် ဖြစ်တဲ့ ‘ချစ်လို့ရေးတဲ့ကဗျာ” ဆိုတဲ့ ကဗျာစာအုပ်မှာ စာမျက်နှာ ၆၈ မျက်နှာ ပါတဲ့ ကဗျာစာအုပ်ငယ်လေးတအုပ်မှာ ကဗျာတပုဒ်ပဲ ပါရှိပါတယ်။ ကဗျာစာပိုဒ် ၂၈ ပိုဒ်ကို ခေါင်းစဉ် မခွဲ၊ အကြောင်းအရာ မခွဲဘဲ တဆက်တည်း ရေးထားတာပါ။ မြို့ပြဆန်တဲ့ကဗျာဆိုပေမဲ့ ဗိုလ်ဆန်တယ်လို့ မဆိုလိုပါ။

အောင်ဝေးဟာ မြန်မာပြည်က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာပေ လေ့လာခဲ့သူပါ။ ပင်ကိုစာပ လေ့လာတဲ့ အခြေခံမြန်မာစာအပြင် တက္ကသိုလ်အဆင့် မြန်မာစာကိုပါ လေ့လာဆည်းပူးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကဗျာတွေမှာ မြန်မာမှု ရသနဲ့ ထုံမွှမ်းနေပြီး မြန်မာ့ရိုးရာ ကဗျာဟန်ကို ရန်ကုန်က ခေတ်ပေါ်မြန်မာကဗျာတွေမှာထက် ပိုမိုတွေ့ရှိခံစားရပါတယ်။

သူ့ကဗျာတွေမှာ ပိုဒ်ဆုံး ကာရန်တူလေးတွေ ထပ်ထားတာကြောင့် အချိုးကဗျာဟန်များကို တွေ့ရ၊ ဖတ်ရ၊ ခံစားရပါတယ်။ တခါတရံ ဒွေးချိုးလေးလို၊ တခါတရံ လေးချိုးလေးလို ခံစားရပါတယ်။ ကဗျာထဲမှာလည်း အဘိုး သခင်ကိုယ်တော်မှိုင်း၊ ဇော်ဂျီ၊ မင်းသုဝဏ်တို့ ကဗျာတိုကဗျာစလေးတွေနဲ့ ညှပ်ထားတဲ့အပြင် အိုင်ချင်းစာသားလေးတွေ ဌာပနာထားတာကို တွေ့ရပါလိမ့်မယ်။

ပထမကဗျာစာအုပ်မှာ ‘ချစ်လို့ရေးတဲ့ကဗျာ’ ဆိုတဲ့အတိုင်း အချစ်ဘွဲ့၊ မေတ္တာဘွဲ့များကို ခံစားရေးဖွဲ့ထားတာ တွေ့ရပါတယ်။ မောင်မယ်အချစ်ဘွဲ့၊ သူငယ်ချင်းမိတ်ဆွေ အချစ်ဘွဲ့၊ မိဘမေတ္တာဘွဲ့၊ နိုင်ငံနဲ့ နိုင်ငံခေါင်းဆောင်ကို ချစ်တဲ့ မေတ္တာဘွဲ့ စသဖြင့် အချစ်ဘွဲ့၊ မေတ္တာဘွဲ့တွေကို ရေးဖွဲ့သီကုံးထားပါတယ်။

‘ချစ်လို့ရေးတဲ့ကဗျာ’ တွေ ဖတ်ပြီးပြီးချင်း တမ်းတမိပြီး ကဗျာဆရာ အောင်ဝေးဆီကို လှမ်းမှာချင်တဲ့စိတ် ပေါ်လာတာက ‘မုန်းလို့ရေးတဲ့စာ’ ဆိုတဲ့ အမည်နဲ့ ကဗျာစာအုပ်တအုပ် နောက်ထပ် ရေးပါဦးလို့ တိုက်တွန်းနှိုးဆော်ချင်တဲ့ ခံစားမှုပါပဲ။ ကဗျာဆရာဆီကို အဲသလို ပန်ကြားစာ မရေးရသေးမီ နောက်တအုပ် ဆက်တိုက်ထုတ်လိုက်ပြန်ပါတယ်။

‘ဒေဝဒတ်ရဲ့ပစ္စတို ကဗျာ ၁၀၀’ တဲ့။

ဪ… ငါတော့ ကဗျာဆရာ့ဆီကို စာရေးတာ နောက်ကျသွားပါလားလို့ ကိုယ့်ဘာသာ လက်နှေးတာကို အပြစ်တင်လိုက်မိပါတယ်။ နောက်တအုပ်ကို ထုတ်ဝေသူက ကိုယ့်တူ ကိုယ့်သားရဲ့ စာအုပ်တိုက် ဖြစ်နေပါတယ်။ ဆန်ဖရန်စစ္စကိုက မိုးမခစာအုပ်တိုက်က ထုတ်ဝေသူ ကိုမောင်ရစ်က ထွက်ထွက်ချင်းပဲ ‘ဒေဝဒတ်ရဲ့ပစ္စတို’ကို စာတိုက်က ပို့ပေးလိုက်ပါတယ်။

ကဗျာ ၁၀၀၊ စာမျက်နှာ ၂၀၀ ကျော်။ ရောက်လျှင်ရောက်ချင်းပဲ ဖွင့်ဖတ်လိုက်တော့ ဒေဝဒတ်ရဲ့ ပစ္စတိုဆိုတာ ‘မုန်းလို့ရေးတဲ့ ကဗျာများ’ ဖြစ်နေတာကို အံ့ဩဖွယ်ကောင်းလောက်အောင် တွေ့လိုက်ရပါတယ်။

သူမုန်းတဲ့၊ မြန်မာပြည်သူတရပ်လုံးက ရွံရှာမုန်းတီးတဲ့ စစ်အာဏာရှင်၊ စစ်ဓားပြ၊ ‘စစ်သေနာ’တွေ အကြောင်းကို ရေးဖွဲ့ထားကြောင်း တွေ့လိုက်ရတာပါ။ ‘မုန်းလို့ ရေးတဲ့ကဗျာတွေ’ချည်းပါ။

‘ချစ်လို့ရေးတဲ့ ကဗျာ’ စာအုပ်ထဲက ကဗျာတို အမှတ်စဉ် ၁၁ ကို နမူနာထုတ်ပြပါမယ်။

‘ချစ်လို့ရေးတဲ့ကဗျာ ၁၁’

အမေ့ယာ။
ရွာပြင်မိုးချုပ်
ခွေးသားအုပ်။

ခွေးအုပ်ထိုးဟောင်
ရိုးလရောင်။

ရိုးလရောင်
ရိုးတောင်ခြေရင်း။

အဖိုး မာပါစေ
အဘွား မာပါစေ
ရွာအခြေ မြေတလင်းမှာ
ကောက်ရိုးနံ့သင်း။

ဇွန် ၁၉၊ ၂၀၁၈။

ကဲ… ဒါဆိုရင် တကယ့်ပီဘိ လေးချိုးလေးတပုဒ် မဟုတ်လား။

‘ဒေဝဒတ်ရဲ့ပစ္စတို’ ကဗျာ ၁၀၀ ထဲကလည်း နမူနာ စာမြည်းတပုဒ် ထုတ်ပြလိုက်ပါတယ်။

‘တပ်ဦး’

ပြည်သူကလည်း
ညီတယ်။

သံပုံးကလည်း
မြည်တယ်။

သပိတ်ကလည်း
စည်တယ်။

ကြွေးကြော်သံကလည်း
ပီတယ်။

နွေဦးကလည်း
နီတယ်။

ခေတ်ကလည်း
မီတယ်။

ကဲ… အောင်ပွဲကို
ချီမယ်…

လွတ်လပ်ကဗျာပါ။ ရိုးရာအချိုးကဗျာလည်း မဟုတ်။ လေးလုံးစပ်လင်္ကာလို့လည်း အတိအကျ ပြောလို့မရ။ လွတ်လပ်ကဗျာတွေပါပဲ။ ဒါပေမဲ့ နဘေကာရန်တွေနဲ့ မလွတ်လပ်အောင် လုပ်ထားပါတယ်။

‘ညီတယ်’၊ ‘မြည်တယ်’၊ ‘စည်တယ်’၊ ‘ပီတယ်’ စသဖြင့် နဘေထပ်ထားပါတယ်။
ဒါမျိုးကလည်း ဧကဝဏ္ဏ - မြန်မာဘာသာစကားမို့ ဖန်တီးနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။
အောင်ဝေးက မြန်မာစာဆရာပါ။ စလေအညာက မဟုတ်တဲ့ အကြေရွာက နဘေဆရာပါ။
မုန်းလို့ရေးတဲ့ ကဗျာကို ချစ်စရာကောင်းအောင် နဘေကာရန်လေးတွေနဲ့ အလှဆင်ထားပါတယ်။

အောင်ဝေးပါ။

အောင်ဝေးက ‘ချစ်လို့ရေးတဲ့ ကဗျာ’စာအုပ်တအုပ်နဲ့ မုန်းလို့ရေးတဲ့ ကဗျာစာအုပ်တအုပ်။ နှစ်အုပ် ဆကတိုက် ရေးလိုက်ပါပြီ။

ဒီနေ့ခေတ်မှာ ကိုဗစ်နဲ့ ကိုစစ်တို့ အန္တရာယ်ရောက် မြန်မာစာပေလောကမှာ ကဗျာအသံဆိတ်နေပါတယ်။ ဒီလို ကဗျာကပ်ဆိုက်နေချိန် ပြည်ပ အမေရိကန်ပြည်ထောင်စုမှာနေထိုင်တဲ့ အောင်ဝေးက ကဗျာစာအုပ် နှစ်အုပ်တောင် ဆက်တိုက်ထုတ်လာတာ တွေ့လို့ အထူးဝမ်းသာရပါတယ်။

ပြည်တွင်းကို ဒီကဗျာစာအုပ်ကလေးတွေ ပို့လိုက်ရင် စာအုပ်ဖြန့်ချိသူရော၊ ဝယ်ဖတ်သူရော အန္တရာယ် ကင်းမှကင်းပါ့မလား မသိနိုင်ပါ။ သက်ရှိထင်ရှား ရှိနေတဲ့ ဒေဝဒတ်ကြီးဟာ ပစ္စတို တရမ်းရမ်းနဲ့ ကဗျာဆရာတွေကို ဖမ်းဆီး ထောင်ချရုံမက သတ်လိုက် ဖြတ်လိုက် လုပ်နေတာပါ။

ဒေဝဒတ်ရဲ့ သေနတ်ပြောင်းက ယမ်းမီးခိုး စဲမှသာ ကဗျာပန်းလေးတွေ ပွင့်လန်းနိုင်မှာပါ။
ပြည်သူလူထုက ဒေဝဒတ်ရဲ့ လက်ထဲက ပစ္စတိုကို လုယူပြီး ပင်လယ်သမုဒ္ဒရာထဲကို အမြန်ပစ်ချလိုက်နိုင်ပါစေ။
လေထုမှာ ယမ်းနံ့ကင်းစင်ပါစေသတည်း။

မောင်စွမ်းရည်
၂၀၂၁၊ စက်တင်ဘာ ၃၀

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar