လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားများ ထိခိုက်မှု အများဆုံး
မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၁၆ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၃
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားများ ထိခိုက်မှု အများဆုံး
နိုဝင်ဘာလ ၇ ရက် မိုးမခ၏ မြန်မာနွေဦးခရိုနီကယ် နေ့စဉ်မြင်ကွင်းဆောင်းပါးမှာ အခုလို ရေးခဲ့တာကို အရင် ကောက်နုတ်ပြချင်ပါတယ်။
စစ်ကိုင်းတိုင်းက ခရိုင်မြို့ တမြို့ဖြစ်တဲ့ ကောလင်းမြို့ဟာ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေအနေနဲ့ ပထမဆုံး သိမ်းယူနိုင်တဲ့ မြို့ဖြစ်လာခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ အောက်တိုဘာ ၂၇ ရက်က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးလို့ခေါ်တဲ့ စစ်ဆင်ရေးထဲက လို့မဆိုနိုင်သော်လည်း ၁၀၂၇ စစ်ဆင်ရေးလုပ်ဆောင်နေတဲ့ အခြေအနေ အပေါ်အခွင့်ကောင်းယူပြီး တိုက်ခိုက်ခဲ့တဲ့ သဘောလို့ဆိုနိုင်ပါလိမ့်မယ်။
ကောလင်းမြို့ဟာ ၂၀၁၉ ခုနှစ်မတိုင်ခင်က ကသာ ခရိုင်ထဲက မြို့နယ်ဖြစ်ပေမယ့် အဆိုပါနောက်ပိုင်းတော့ ခရိုင်အဆင့် တိုးမြှင့်ခဲ့ပြီး ခရိုင်မြို့ဖြစ်လာတာပါ။ မြစ်ကြီးနား-မန္တလေး ရထားလမ်းပေါ်မှာ တည်ရှိပြီး ဧရာဝတီမြစ်ရဲ့ အနောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။ မြို့အနေနဲ့ လူဦးရေ ၂ သောင်းဝန်းကျင် သာရှိပေမယ့် မြို့နယ်တခုလုံးအနေနဲ့တော့ ၁ သိန်းခွဲလောက်ရှိတဲ့ မြို့နယ် ဖြစ်ပါတယ်။
တောင်ဘက်မှာ ချပ်သင်း၊ ကျွန်းလှ အစရှိတဲ့ မြို့တွေရှိပြီး မြောက်ဘက်မှာ ဝန်းသို၊ ပင်လယ်ဘူး၊ အင်းတော်တို့ ရှိပါတယ်။ အခုလို ခရိုင်ရုံးစိုက်ရာ ဖြစ်တဲ့ ကောလင်းမြို့ကို သိမ်းယူလိုက်ခြင်းဟာ PDF တပ်ဖွဲ့တွေအဖို့ စိတ်ဓါတ်ရေးရာအရ တက်ကြွဖွယ်ရာ ဖြစ်ပြီး မြို့ကို ဘယ်လို ထိန်းသိမ်းကာကွယ်မလဲ၊ မြို့ပေါ်မှာ နေထိုင်ကြတဲ့ သူတွေအနေနဲ့ မြို့ပေါ်မှာ ဆက်လက်နေထိုင်ကြမလား၊ သို့မဟုတ် စစ်ရေးအရ ပြန်လည်သိမ်းယူဖို့ တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အလားအလာကြောင့် အခြား မြို့တွေ ရွာတွေမှာ တိမ်းရှောင် နေထိုင်ကြရမလား စတဲ့အနေအထားတွေလည်း စဥ်းစားစရာရှိလာတာ ဖြစ်ပါတယ်။
အဲသည်ဆောင်းပါးမှာပဲ နိုင်ငံတကာက တော်လှန်စစ်တွေ ကျုးကျော်စစ်တွေမှာ စစ်အင်အားကြီးသူတွေက လက်တုန့်ပြန်တိုက်ခိုက်ကြပုံကို အခုလို ရေးပြခဲ့ပါတယ်။
ဆီးရီးယား၊ ယူကရိန်းနဲ့ ဂါဇာဒေသစစ်ပွဲကြီးတွေမှာ - စစ်အင်အားကြီးသူတွေက ရန်သူကို ဘယ်လို တုံ့ပြန်ချေမှုန်းတတ်ကြသလဲဆိုတာကိုလည်း သင်ခန်းစာယူစရာအနေနဲ့ လေ့လာပြီး ရှေ့အတွက် ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ အာဏာရှင်အာဆတ်က သူ့ဆန့်ကျင်သူတွေ၏ မြို့ ရွာ တွေကို ပြာပုံဆိုက်အောင် ဗုံးမိုးရွာ၊ အမြောက်မိုးရွာခဲ့ပါတယ်။ အာဆတ်၏ မဟာမိတ် ရုရှားစစ်အာဏာရှင် ပူတင်ကလည်း ယူကရိန်းကို လေကြောင်း၊ အမြောက်၊ ဒုံးကျည် အင်အားအသာနဲ့ ကျူးကျော်ခဲ့တာ ဖြစ်ပါတယ်။ ဂါဇာမှာ အစ္စရေးစစ်တပ်က လက်နက်အင်အားအသာစီးနဲ့ ဂါဇာမြို့တော်ကို အုတ်ပုံအတိဖြစ်အောင် တိုက်ခိုက်နေတာ မျက်မြင်ပါပဲ။ ပြည်သူတွေအားလုံးဟာ အိုးအိမ်စည်းစိမ်တွေအကုန် လက်လွတ်ပြီး အသက်ဘေးလွတ်ရာ ပြေးလွှားနေကြရတာ မြင်နိုင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အမြောက်လက်နက်တွေ သုံးပြီး အဝေးကနေ ပြည်သူတွေကို ကျေးလက်တွေကို ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးနေသလို လေကြောင်းအတွက် လက်နက်များ ထပ်မံဖြည့်ဆည်းနေတာ ကြားသိနေရပါတယ်။
ယခု နိုဝင်ဘာ ၁၇၊ ၁၀ ရက်ကျော်အကြာမှာ - စကစ စစ်တပ်က တော်လှန်စစ် တွန်းလှန်စစ်ဆင်နွဲနေတဲ့ မြို့ရွာတွေဆီကို လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ အဝေးကနေ ပစ်ခတ် ချေမှုန်းမှုတွေ စတင်လုပ်လာတာတွေ တွေ့ရှိနေရပြီ ဖြစ်ပါတယ်။
ချင်းပြည်နယ်ဘက်က သတင်းတွေက ဖော်ပြထားရာမှာ - နိုဝင်ဘာလ (၁၆) ရက်မှာ CDF-Mindat က စကစရဲ့လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အခုလို အသိပေးဆိုပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့တွင် စစ်ကောင်စီမှ မင်းတပ်ခရိုင်၊ တိုက်နယ် ၁၀ ရှိ မကွီအိမ်နူးမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးမှုများ ရှိခဲ့ပါတယ်။ နိုဝင်ဘာလ (၁၄) ရက်နေ့တွင်လည်း မင်းတပ်မြို့နယ်၊ တိုက်နယ် ၁ ရှိ ပိန်ရိန်းရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူနေအိမ် (၄) လုံး ပျက်စီးခဲ့ပါတယ်" လို့ ဆိုပါတယ်။
နိုဝင်ဘာလ (၁၅) ရက်ညကလည်း မင်းတပ်မြို့နယ်နှင့် ထိစပ်လျက်ရှိသည့် မတူပီမြို့နယ်၊ ဝေလူးရွာကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူများ သေဆုံးမှုရှိခဲ့ပြီး ပျက်စီးမှုများအား အသေးစိတ် မသိရသေးဘူး လို့ ဆိုပါတယ်။ ကျောက်ထု အမြောက်တပ်မှလည်း လက်နက်ကြီးများ ယနေ့မနက်ပိုင်းမှ စတင်ကာ မင်းတပ် - ကျောက်ထုကြားသို့ ရမ်းသမ်းပစ်ခတ်နေလျက်ရှိကြောင်း သတင်းရရှိပါတယ်။ နောက်ပိုင်းသတင်းတွေအရ - မတူပီမြို့နယ် ဝေလူးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ် ၈ ဦး အပါအဝင် ၁၁ ဦးသေဆုံးတယ်လို့ မဇ္ဈိမသတင်းက ဖော်ပြပါတယ်။
နောက် စစ်ကိုင်းတိုင်းအတွင်း စခန်းသိမ်းတိုက်ပွဲတွေကို တော်လှန်ရေးအင်အားစုတွေက စတင်လာရာမှာ စစ်ကောင်စီ၏ နောက်ပိုင်းမှ လေကြောင်းတိုက်ခိုက်မှုတွေ တုန့်ပြန်လာပါတယ်။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၂ ဦး ထပ်မံသေဆုံးခဲ့ရတယ် NUG အမှတ် ၁ စစ်ဒေသက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့က တံတားဦးကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်တစင်းက ထီးချိုင့်မြို့နယ်မှာ ရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အင်းတိန်ရွာက ၂ဦး၊ အလယ်တောရွာက ၁ဝ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ခံလိုက်ရတဲ့ရွာတွေက အလယ်တောရွာ၊ အင်းတိန်ရွာ၊ လေသာရွာနဲ့ ပိန္နဲကုန်းရွာတို့ ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့တုန်းကလည်း ထီးချိုင့်မြို့နယ် ကိုးတဲကျေးရွာက စာသင်ကျောင်းနဲ့လူနေအိမ်တွေကို စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ အသက် ၁ဝ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၃ ဦး စုစုပေါင်း ၄ဦးသေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ မြတောင်ရဲစခန်းအနီးမှာရှိတဲ့ လူနေအိမ်တွေနဲ့ ထီးချိုင့်မြို့နယ် ကြက်သွန်ခင်းရွာ အမှတ် ၂ ရပ်ကွက်က လူနေအိမ်တွေကို မီးရှို့းဖျက်ဆီးခဲ့တာလည်း ရှိပါတယ်။
NUG ဘက်ကတော့ အခုလို စစ်ရှိန်မြင့်လာတဲ့အခြေအနေကို ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ပြည်သူကို ပြန်ကြားပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ သတင်းမှာ - စစ်ရှိန်မြှင့်သည့်နေရာများတွင် ပြည်သူလူထု အထိအခိုက်လျော့နည်းရေးအတွက် ပြည်သူလူထုလက်စွဲအား မြေပြင်သို့ ကျယ်ပြန့်စွာရောက်ရှိရေး စီမံဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းမှ နိုဝင်ဘာ ၁၆ ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ပြည်သူ့လက်စွဲဆိုတဲ့ အချက်အလက်များ ဖြနိ့ဝေနေတယ်လို့ ပြောကြားထားပြီး အချို့ သတင်းဓာတ်ပုံများမှာ ရုပ်ပုံများပါတဲ့ စစ်ပွဲအတွင်း ပြင်ဆင်ရန်၊ ဆောင်ရန် ရှောင်ရန်အချက်အလက် စာရွက်တွေ ဝေငှတာ၊ ပိုစတာသဖွယ် ကပ်ထားတာတွေ တွေ့ရတယ် ဆိုပါတယ်။ သည်ထက် ပိုကျယ်ပြန့်စေချင်တယ်လို့လဲ အချို့က မှတ်ချက်ပေးပါတယ်။
စစ်ရှိန်မြှင့်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက စကားလုံးသုံးနှုန်းလာချိန်မှာ စစ်ကောင်စီဘက်ကတော့ ၎င်းတပ်သားများ၊ မိသားစုများနဲ့ ထောက်ခံကာကွယ်နေသူများအပေါ် ပိုမိုတင်းကြပ် တင်းမာသည့် ဆက်ဆံရေးတွေ ထားရှိလာတာကို တွေရတယ်လို့ စောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။ လက်နက်ချ အလင်းဝင်တာထက်၊ အလံဖြူထောင်ကြတာမျိုး မလုပ်ကြဖို့ သူတို့၏ နောက်လိုက်တွေကို ခြိမ်းခြောက်တာ သတင်းမှားတွေဖြန့်ချိတာမျိုးတွေ လုပ်လာပါတယ်။ စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေး ပြည်သူ့ဆက်ဆံရေးအဖွဲ့တွေ ကွန်ရက်တွေကနေ စစ်သားတွေ မိသားစုတွေ စစ်တပ်ထောက်ခံသူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုင်းရင်းသားတွေက ရက်စက်စွာ သတ်ဖြတ်နေတယ်လို့ သတင်းမှားတွေကို ဖြန့်ချိတာ တွေ့ရပါတယ်။ လက်နက်ချ အလင်းဝင်လိုသူတွေ ပိုမိုများပြားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေ၏ စည်းရုံးရေးလုပ်နေသူအဖွဲ့အစည်းတွေက ထုတ်ဖော်ပြောလာကြတာလဲ တွေ့ရပါတယ်။ စစ်ကောင်စီ၏ နောက်ကျောက သေနတ်တွေကို ကြောက်လို့ လက်နက်ချ အလင်းဝင်လို့ မရရင်လည်း သူတို့ဘာသာသူတို့ တိမ်းရှောင်ထွက်ပြေးဖို့ကိုလည်း စဉ်းစားနေပုံရတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ စစ်ရှောင်တွေကို မြန်မာပြည် နေရာအနှံ့မှာ တွေ့ရှိနေရပြီမို့ စစ်ရှိန်မြှင့်နေတာကို ပြည်သူတွေ ခံစားနေရတာ ထင်ရှားပါတယ်။
စစ်ရှောင်သတင်းတခုမှာ - အင်းတော်မြို့နဲ့ မိုင်ပေါင်း ၃၀ ကျော်လောက်ဝေးတဲ့ ထီးချိုင့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရခိုင့်တပ်တော်(AA) တပ်၊ ဒေသကာကွယ်ရေးတပ်တွေက နိုဝင်ဘာလ ၇ ရက်နေ့က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီးနောက် အလားတူ အင်းတော်မြို့ကို တိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့် ကြိုတင်ပြီး တိမ်းရှောင်သွားကြတာလို့ ဒေသခံတွေကဆိုပါတယ်။
Kachin News Group မှာ ဖော်ပြထားတာက - “ဒီကနေ့နဲ့ဆိုရင်တော့ ခြောက်ရက်ဆက်တိုက်ရှိပြီပေါ့ မြို့ကနေ ထွက်သွားတဲ့သူတွေနေ့တိုင်းကိုရှိတယ်။ ကားလမ်းတွေလည်းပိကြပ်လို့နေတာကားတွေ ဆိုင်ကယ်တွေနဲ့ မြို့ဆိုရင်တိတ်ဆိတ်လို့နေတာပါ့။ အခုမြို့ပေါ်လူဦးရေ လေးပုံ ပုံလိုက်ရင် တစ်ပုံလောက်ပဲ ကျန်တော့မှာ အများပိုင်းကတိမ်းကြကုန်ပြီ အခုကျန်နေတဲ့လူတွေလည်း နည်းနည်းချင်းဆီတိမ်းနေကြပြီ”လို့ အင်းတော်မြို့ခံ အသက် ၂၉ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
လေကြောင်းစစ်ဆင်ရေးတွေကြောင့် ပြည်သူတွေမှာ အကျပ်အတည်း အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတာကို လွိုင်ကော် စစ်ပွဲသတင်းတွေကနေလည်း မြင်တွေ့နေရပါတယ်။ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က မြို့ပေါ်ကို လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်နေမှုများကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်သို့ စစ်ဘေးတိမ်းရှောင်ကြသူများသည် တောင်ကြီးဒေသခံများက တည်းခိုနေထိုင်ခွင့်မပြု၊ လက်မခံသောကြောင့် လှည့်ပြန်နေကြရကြောင်း စစ်ရှောင်များမှ မဇ္ဈိမကိုပြောသည် လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေး၏ ပြည်တွင်းစစ် မီးလျှံသည် နောက်တဆင့်သို့ တက်သွားပြီလို့ ဆိုနိုင်ပါတယ်။
ယခင်က တွန်းလှန် ခုခံစစ်ဆိုနေရာက တပ်ပေါင်းစုတွေ မဟာမိတ်တွေနဲ့ ချိန်ကိုက်ညီ တစုတစည်းတည်း တပြိုင်နက်တည်း တချိန်တည်း တိုက်ခိုက် သိမ်းပိုက် ချေမှုန်းတဲ့ စစ်ဆင်ရေးတွေ လုပ်လာတဲ့ အဆင့်တခုကို ရောက်လာပါတယ်။ စစ်စခန်းတွေ မြို့ရွာတွေကို သိမ်းပြီး ဘယ်လို ထိန်းထားကြမလဲ၊ စစ်ပွဲကြားထဲ ထိခိုက်နစ်နာမှု အများဆုံး ခါးစည်းခံရမယ့် ပြည်သူတွေနဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဘယ်လို ကာကွယ် စောင့်ရှောက်ပေးကြမလဲ။ ပြီးတော့ သည်လို အပြောင်းအလဲကာလ မတည်ငြိမ်သည့်ကာလမှာ ဘယ်လို ဆောက်တည်ရာ အားအင် ပြန်ယူရာ အခြေအနေတွေ ဖန်တီးပေးကြမလဲဆိုတာက တော်လှန်ရေးအင်အားစုအသီးသီးက ခေါင်းဆောင်တွေအတွက် မေးခွန်းတွေ စိန်ခေါ်မှုတွေ ဖြစ်နေပါပြီ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar