Breaking News

အေးငြိမ်း - ငါးပိချက်ဋီကာ

ဓာတ်ပုံ - ကုမုဒြာအွန်လိုင်း


အေးငြိမ်း - ငါးပိချက်ဋီကာ

(မိုးမခ) ဇွန် ၁၃၊ ၂၀၁၉
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)


(၁) အရှေ့တောင်အာရှသားတို့သည် ညီအစ်ကိုများဖြစ်ကြသည် ဆိုခြင်းအကြောင်း
အရှေ့တောင်အာရှမှ လူများမှာ လူမျိုးစုကြီးတစ်ခုတည်းမှ ဆင်းသက်လာ၍လားမသိ။ စားပုံသောက်ပုံ၊ နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံ၊ ဝတ်ပုံစားပုံချင်း သိပ်မကွာလှပါ။ မျက်နှာပေါက်များမှာလည်း အတော်ဆင်သည်။ အမှတ်တမဲ့ဆိုလျှင် ဖိလစ်ပိုင်တစ်ဦးကိုတွေ့ပါက မြန်မာဟု ထင်ရသည်။ ကျွန်ုပ်ကိုလည်း မြန်မာဟု မထင်ကြ။ မလေးလူမျိုးဟုသာ ထင်ကြ၏။

အာရှသားမှန်လျှင် ထမင်းကိုသာ အဓိကထား စားကြ၏။ လူမျိုးကိုလိုက်၍ ဟင်းချက်ပုံချင်းကွဲသွားသော်လည်း သိပ်တော့ မကွဲပြား လှပါ။ မလေးရှားနှင့် အင်ဒိုနီးရှားမှာ ဘာသာစကားချင်းလည်း တူသလို လူချင်းလည်းတူသည်။ အစားအသောက်လည်း သိပ် မကွဲပြားလှ။ ထို့အတူ မြန်မာ (အထူးသဖြင့် ရှမ်း၊ မွန်) နှင့် ထိုင်းမှာလည်း အတော်ဆင်တူလေသည်။

တူသမှ ဘယ်အနောက်နိုင်ငံမှာမှ မရှိနိုင်သော ငါးပိချက် ချက်တာချင်းပါ တူလေသည်။ အထူးသဖြင့် ထိုင်းငါးပိနှင့် မြန်မာငါးပိမှာ တူသလို မလေးငါးပိချက်နှင့် အင်ဒိုငါးပိချက်မှာလည်း အတော့်ကိုတူ၏။ သို့သော် မလေးနှင့် အင်ဒိုငါးပိချက်များကို ငါးပိချက်ဟု ခေါ်ခြင်းထက် ငြုပ်သီးထောင်းဟုခေါ်ခြင်းက ပိုသင့်လျော်ပါမည်။ သူတို့အဆာမှာ ငါးပိမပါဟု ထင်ပါသည်။ သို့သော် မြန်မာပါးစပ် နှင့် အတော့်ကို ကိုက်၏။ သူတို့ ငြုပ်သီးထောင်းမှာ ကျွန်တော်ကြိုက်နှစ်သက်သော အစားအစာများထဲတွင် တစ်မျိုးအပါအဝင် ဖြစ်၏။ ထိုင်းငါးပိမှာမူ ပုဇွန်ငါးပိဖြစ်ပါသည်။ မြိတ်ဘက်မှ မျှင်ငါးပိနှင့်အလွန်တူလှ၏။

သို့သော် ဒေသကိုလိုက်၍ အနည်းငယ်တော့ ကွာသပေါ့။ မြန်မာနိုင်ငံအတွင်းမှာတောင်မှ တစ်နေရာနှင့် တစ်နေရာမတူပါ။ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ငါးပိရ မရ ကျွန်တော်မသိပါ။ ကချင်ပြည်ကိုမူ တစ်ခေါက်ကလေးတောင်မှ ကျွနု်ပ် မရောက်ဖူးပါ။ ထို့ကြောင့် ကချင်အစားအစာများ မည်ကဲ့သို့ရှိသည်ကိုလည်း မသိပါ။

ငါးရှားလှသော အညာဘက်တွင်တော့ ငါးပိအစား ခရမ်းချဉ်သီးကိုသာ ခရမ်းချဉ်သီး ငါးပိချက်ဟု ချက်ပါသည်။ ငါးပိဟုသာ နာမည်တပ်သော်လည်း တကယ့်တကယ်တွင် ငါးပိမပါပါ။ ခရမ်းချဉ်သီးကို ကြိုထားတာဖြစ်ပါသည်။

မြန်မာပြည်အောက်ပိုင်း မြိတ်ဘက်တွင် ငါးပိကို ဂွေးနှင့်လုပ်သည်။ ဂွေးဆိုသည်မှာ ပုဇွန်မျှင်သေးသေးကလေးများကို ခေါ်သည် ဆို၏။ ပုဇွန်မျှင်ကလေးများနှင့် လုပ်တာဖြစ်သဖြင့် ၎င်းကို မျှင်ငါးပိဟု ခေါ်၏။ ငါးဖြင့်လုပ်သော ကျွနု်ပ်တို့ဘက်မှငါးပိကိုတော့ ငါးငါးပိ (ငါးငပိ ဟု အသံထွက်) ဟုခေါ်ပါသည်။ မျှင်ငါးပိကို စိမ်းစားငါးပိဟုလည်း ခေါ်သေးသည်။ စိမ်းစားငါးပိဖြင့်ချက်သော ငါးပိချက်ကိုတော့ ကျွနု်ပ် သိပ်ခံတွင်းမတွေ့လှပါ။

မြန်မာပြည်အတွင်းမှ ကျွနု်ပ်ကြိုက်သည့် တိုင်းရင်းသားအစားအစာများကို ပြပါဆိုလျှင် ရခိုင်ငါးပိထောင်းသည် ထိပ်ဆုံးမှ ဖြစ်ပါ လိမ့်မည်။ ပြောရလျှင် ရခိုင်အစားအစာ တော်တော်များများကို ကျွနု်ပ်ကြိုက်၏။ ထမင်းကို အစပ်မပါဘဲမစားနိုင်သူ ကျွနု်ပ်အဖို့ ဆွေမျိုးမေ့အောင်စပ်သော ရခိုင်အစားအသောက်များကို ကြိုက်တာ သိပ်တော့မဆန်းပါလေ။ ထမင်းပွဲ၌ စပ်သည့်ဟင်းမပါလျှင် ကျွနု်ပ်က ငြုပ်သီးစိမ်းကို အတောင့်လိုက် ကိုက်စား၏။

(ဆရာကြီးမင်းသိင်္ခ၏ ဝတ္ထုတစ်ပုဒ်၌ " ငှက်ပျောဖက်နှင့် ထုပ်ပေးလိုက်သော ချစ်တီးထမင်းထုပ်ကို ဝယ်လာပြီး ဘုရားကုန်းပေါ်၌ စား၏။ ငြုပ်သီးစိမ်းကို ဂျွတ်ကနဲကိုက်လျက် ဆားနှင့်တို့ကာ ထမင်းဖြူဖြူတွင် မြှုပ်စားရတာလည်း အလွန်အရသာရှိလှပေ၏" ဟုပါလေရာ ကျွနု်ပ်လည်း သွားရေတမြားမြားဖြစ်ပြီးသကာလ သူညွှန်းသလို ထမင်းဖြူဖြူ၊ ပူပူနွေးနွေးတွင် ငြုပ်သီးစိမ်း အတောင့်လိုက်ကိုကိုက်၊ ဆားတို့ကာ မြှုပ်စားလေရာ မျက်ရည်များကျလျက် လျှာတန်းလန်းထွက်ခဲ့ဖူးလေ၏။ ဤကား စကားချပ်)

(၂) ရန်ကုန်မှ မလိမ္မာသော ငါးပိချက်များ
ကျွနု်ပ်ငယ်စဉ်က ဝတ္တုများတွင် ငါးပိလိမ္မာချက်ဟု ဖတ်ရလေရာ ငါးပိကို ဘယ်လိုလိမ္မာအောင်များ ချက်လိုက်ပါလေ့မတုံး ဟု နားမလည်နိုင်အောင် ဖြစ်ရ၏။ သူတို့ဟာက ငါးပိလိမ္မာဆိုတော့ ငါတို့စားနေတာက ငါးပိမိုက်ပေါ့ဟု ကျွနု်ပ်မှာ ခပ်ကြောင်ကြောင် တွေးမိလေသော ဟူသတတ်။

နောက်တော့မှ ရန်ကုန်သားတို့ပြောသည့် ငါးပိလိမ္မာချက်ဆိုသည်မှာ ကျွနု်ပ်တို့တော၌ ကျကျနနချက်စားသည့် ငါးပိချက်မျိုးကို ခေါ်တာဖြစ်ကြောင်း သိရလေ၏။ သေသေချာချာချက်သည့် ငါးပိချက်ကို ငါးပိလိမ္မာချက်ဟုဆိုလျှင် အဘယ်ငါးပိချက်သည် မလိမ္မာသည့် ငါးပိချက် ဖြစ်ဘိသနည်း။

ထမင်းဆိုင်မှန်လျှင် ငါးပိချက်နှင့် အတို့အမြှုပ်ပါစမြဲ။ သို့သော် မိတ်ဆွေတို့သိကြသည့်အတိုင်း ထမင်းဆိုင်မှ ငါးပိချက်ဆိုသည်မှာ ငါးပိချက်ဖြစ်သည်ဆိုရုံမျှ ချက်ထားတာ ဖြစ်၏။ ငါးပိအညံ့စားကိုကြိုကာ ငြုပ်သီးထည့်၊ အချိုမှုန့်ခပ်ထားတာ ဖြစ်၏။ ငံတူးနေပြီး ဘယ်လိုမှ စားလို့မကောင်း။ အချို့ငါးပိချက်များမှာမူ ငါးပိပင်မပါ။ ငံပြာရည်ကိုကြိုကာ ငြုပ်သီးမှုန့် ဖြူးထားတာသာ ဖြစ်လေသည်။ သူတို့ကလည်း သူတု့ိအကြောင်း သိပါသည်။ ဘယ်လိုမှ စားမကောင်းသည့် ငါးပိချက်ဖြစ်သည့်အတွက် အများကြီးထည့်ထားလည်း ကုန်မှာမဟုတ်ဟု တွက်ဆကာ ငါးပိချက်ခွက်ကို မက်ဒေါ်နယ်ဆိုင်မှ အချဉ်ခွက်လောက်နှင့်သာ ထည့်ထားတာဖြစ်၏။ သို့တိုင် ထိုအချဉ်ခွက်ထဲမှ ငါးပိရည်မှာ ဘိုးဘိုးအောင် ဝလုံးများလို ကုန်နိုင်တယ်ရယ်လို့ ရှိတာမဟုတ်။ ထိုငါးပိချက်များသည်ကား မလိမ္မာသော ငါးပိချက်များ ဖြစ်ချေ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

ရန်ကုန်သားတို့၏ ငါးပိလိမ္မာချက်မှာ လိမ္မာချင်သာ လိမ္မာရမည်။ ဝါးတောကွင်းက ငါးပိချက်များနှင့် ယှဉ်လိုက်လျှင် နံ့သာဆီနှင့် အီးလိုကွာသည်ဟု ကျွနု်ပ်ပြောလျှင် လွန်သည်ဟု မိတ်ဆွေတို့ မထင်လိုက်ပါလေနှင့်။ ကျွနု်ပ်ပြောတာလွန်သည်ထင်လျှင် ရန်ကုန်သူစစ်စစ်ဖြစ်သည့် မအေးနှင်းယု ကို မေးကြည့်ပါ။ သူ မမ ချက်သည့် ငါးပိချက်ကို ကောင်းကောင်းစားဖူးပါသည်။

ဝါးတောကွင်းမှ အိမ်ရှင်မများမှာမူ ပိုက်ဆံမရှိ၍ ငါး စသည်တို့ မထည့်နိုင်သည့်တိုင် ငါးပိချက်ကို စားကောင်းအောင် ချက်တတ်ကြ လေသည်။

(၃) ကျွနု်ပ် ငါးပိချက်ကြိုက်ပုံအကြောင်း
ဦးဘခွေးမှာ စစ်သားလူထွက်ဖြစ်၏။ ၁၉၇၀ ခုနှစ်များတဝိုက်က ဗကပများကို အပြုတ်တိုက်ချိန်တွင် စစ်ကြောင်းနှင့်ပါလာကာ ကျွနု်ပ်တို့ရွာ၌ စခန်းချ၏။ ထို့နောက် ကျွန်ုပ်တို့ရွာမှ အပျိုကြီး ဒေါ်မြမေနှင့် ချစ်ကြိုက်ကာ လက်ထပ်လျှက် စစ်ပြီးသည့်အခါ ကျွနု်ပ်တို့ရွာ၌ပင် လာရောက်အခြေချ နေထိုင်သူဖြစ်၏။

"အေးငြိမ်းငယ်ငယ်တုံးက ငါးပိချက် အရမ်းကြိုက်တဲ့ကောင်။ ထမင်းစားပြီးလို့ ငါးပိချက်တွေများကျန်ရင် အကုန်သောက်ပစ်တယ်" ဟု ဦးဘခွေးက ဆိုလေသည်။ ထိုစဉ်က ကျွနု်ပ်မှာ အသက် ၇ နှစ်သားခန့်သာရှိသေးသည်ဖြစ်၍ သူပြောတာဟုတ်မဟုတ် မမှတ်မိတော့ပါ။ သူပြောတာ ဖြစ်နိုင်ပါသည်။ ဆောင်းရာသီမနက်စောစော ကောက်ညှင်းကျည်တောက်ကို ငါးပိချက်နှင့် တို့စားရသည့်အရသာကို ယနေ့ထိ မမေ့နိုင်ပါ။

ကျွနု်ပ်ရန်ကုန်ပြန်သည့်အခါ မမတို့ကို ဘာတွေများ ထူးထူးထွေထွေ ချက်ခိုင်းထားသည်ဟု မိတ်ဆွေတို့ ထင်ပါသနည်း။
ကျွနု်ပ်အထူးမှာသည်မှာ ငါးပိချက်နှင့် ချဉ်ဟင်းသာ ဖြစ်ပါသည်။ ရန်ကုန်တွင် ရှိနေစဉ်ကာလများအတွင်း၌လည်း ကျွနု်ပ် မက်မက် စက်စက် စားသည့်ဟင်းလျာမှာ ငါးပိချက်နှင့် ဟင်းညို၊ ဒါမှမဟုတ် ချဉ်ဟင်းသာ ဖြစ်လေသည်။

ငါးပိချက်အပြင် နောက်ထပ် ကျွနု်ပ်၏ ဖေးဘရိတ် ဟင်းလျာများမှာ ငြုပ်သီးထောင်း၊ ငါးပိနှင့်ငြုပ်သီးကို ရောနယ်ကာ စလောင်းဖုံး တွင် ကပ်ကာကင်သည့် ငါးပိဖုတ်၊ ခရမ်းချဉ်သီးနှင့် ငါးပိဖုတ်ကို ရောထောင်းထားသည့် ခရမ်းချဉ်သီးထောင်း စသည်တို့ ဖြစ်၏။

ဝက်သား၊ အမဲသား၊ ကြက်သား စသည့်အသားများကို စားသည့်တိုင် သဟာလောက် ကျွနု်ပ် မကြိုက်နှစ်သက်တတ်ပါ။
သက်သတ်လွတ်သမား မဟုတ်ပေမင့် အသီးအရွက်ဟင်းများကိုသာ ကျွနု်ပ် ပိုမိုနှစ်ခြိုက်တတ်ပါသည်။ မမချက်ပေးသည့် ငါးရံ့ဟင်း ကတော့ အလွန်စားလို့ကောင်းလှ၏။ သို့တိုင် ငါးရံ့ဟင်းမှာ ပထမနေရာသို့ ရောက်မလာပါ။ ငါးပိချက်နှင့်ယှဉ်လိုက်လျှင် ဒုတိယ နေရာ၌သာ ရှိပါသည်။ ကြက်သားဟင်းချက်လျှင်မူကား ကျွနု်ပ်ကို ရန်စသည်ဟုပင် ယူဆပါသည်။

မမချက်သော ငါးပိချက်မှာ အလွန်စားလို့ကောင်းလှ၏။ သို့တိုင် သူက ဝါးတောကွင်းမှ မရင်နုချက်ပေးသည့် ငါးပိချက်အိုးကပ်က ပိုစားကောင်းသည်ဆိုကာ တကူးတက မှာစားရပါသေးသည်။ သူပြောတာမည်မျှမှန်သည်ကို ကျွနု်ပ်မထောက်ခံလို။ အခွင့်ရက မိတ်ဆွေတို့ကို အိမ်ခေါ်ကာ ထိုငါးပိချက်အိုးကပ်နှင့် ထမင်းကျွေးလိုက်ချင်လှပါ၏။

ဦးကြီးဖိုးထောင်ရှိစဉ်က သူ့ဇနီး အရီးမလှတင်က "ဘာဟင်းတွေများ ချက်လိုက်ရပါ့မလဲနော်" ဟု ဟင်းချက်စရာမရှိ၍ ငြီး၏။ ထိုအခါ ဦးကြီးက ဘာပြောသည်ထင်ပါသနည်း။

"ငါးပိရယ်၊ မြေပုံသီးရယ်ရှိနေတာတောင် ဘာဟင်းချက်ရဦးမလဲငြီးနေသေးတယ်။ တယ်လဲ ဂွကျတဲ့သူတွေပဲ၊ ဟင်းဟင်းဟင်း" ဟူ၏။ ဦးကြီးကား ရိုးရိုးသားသားနေသည်၊ ရိုးရိုးသားသားပြောသည်၊ ရိုးရိုးသားသား စားသည်။ အလွန်ချစ်စရာ ကောင်းလှ၏။

ကျွန်ုပ်တို့မှာ ငါးပိချက်ရှိလျှင် တခြား ဘာဟင်းလျာမှမလို။ ထမင်းပေါ် ငါးပိချက်ဆမ်းကာ နယ်ဖတ် တုတ်လိုက်ကြတာသာ ဖြစ်ပါသည်။

(၄) လေးမျက်နှာဘက်မှ ငါးပိ

ကျွနု်ပ်ရန်ကုန်ရောက်တော့ ရန်ကုန်က ဈေးများတွင်ရောင်းနေသည့် ငါးပိများကိုကြည့်ပြီး မသတီ ဖြစ်မိကြောင်း ဝန်ခံပါသည်။ ရန်ကုန်ငါးပိမှာ ကျွနု်ပ်တို့ဘက်က ငါးပိများနှင့် လားလားမှ မပတ်သက်ပါ။

အခြားဒေသများတွင်တော့ မပြောတတ်။ လေးမျက်နှာဘက်တွင်တော့ ငါးပိကို ငါးနှင့်လုပ်သည်။ ငါးဆိုသမှ တကယ့် ငါးစစ်စစ်နှင့် လုပ်တာဖြစ်၏။ ငါးပိလုပ်တာကို မြင်ဖူးရုံ၊ ကြားဖူးရုံကလွဲပြီး ဂဃနဏ၊ ခြေခြေမြစ်မြစ် ကျွနု်ပ် မသိပါ။ သို့သော် လေးမျက်နှာတွင် နေသူဖြစ်သဖြင့် ငါးပိဘယ်လိုလုပ်သည်ဆိုသည့် ဗဟုသုတလောက်တော့ ရှိပါသည်။

ကျွနု်ပ်တို့ဘက်မှ ငါးပိလုပ်ပုံကို အကြမ်းဖျဉ်းပြောရလျှင် ငါးကလေးဖြစ်စေ၊ ငါးကြီးဖြစ်စေ ငါးများကို ချေးဖောက်ပါသည်။ ထို့နောက် ဆားနယ်ပြီး ထောင်းကာ နေလှန်း၏။ ထို့နောက် ထပ်ထောင်းပါသည်။ နောက်နေထပ်လှန်းပါသည်။ ဤကဲ့သို့ ထောင်းလိုက် နေလှန်းလိုက်နှင့် နောက်ဆုံး စီးပိုင်နေသည့် ငါးပိကို ရပါသည်။ ထိုငါးပိများကို တစ်ပိဿာလုံးများလုံးကာ ရောင်းပါသည်။ ထိုငါးပိများကိုပင် စဉ့်အိုးများထဲတွင်သိပ်ကာ နှစ်ပေါက်အောင် စားကြပါသည်။ ဘာ ပရီဆာဗေးရှင်းမှမလို။

လေးမျက်နှာနှင့် ပန်းတောကြီးကြားတွင် ဧရာမအင်းကြီးရှိ၏။ မိုးရာသီတွင် ထိုအင်းကြီးထဲ၌ ရေပြည့်နေပါသည်။ ထိုအင်းကြီးထဲမှ ရွာများမှာ နင်းကြမ်း၊ ဆင်သေ၊ ကြီးပေါက်ကုန်း၊ မြင်းကုန်း စသည်တို့ ဖြစ်၏။ ထိုရွာများတွင် နေသူတို့၏ အဓိက သက်မွေး ဝမ်းကျောင်းအလုပ်မှာ ထိုအင်းထဲတွင် ငါးဖမ်းခြင်း၊ ငါးပိငါးခြောက်လုပ်ခြင်း၊ ဆောင်းတွင်းဘက် ရေကျသွားပြီး အင်းထဲတွင် မြေသားများ ပေါ်လာသည့်အခါ ကိုင်းလုပ်ခြင်း စသည်တို့ ဖြစ်၏။

မြင်းကုန်းရွာမှထွက်သော ငါးပိမှာ နာမည်ကြီးဖြစ်၏။ နာမည်ကြီးသလောက်လည်း ကောင်းပါသည်။ ထိုငါးပိစားပြီး ကျွန်ုပ်တို့ လူလားမြောက်လာခြင်းဖြစ်၏။ ငါးပိကောင်းပြီဆိုလျှင် ကြိုလိုက်ကတည်းက အနံ့မှာ နံမနေ။ မွှေးထွက်လာသည်။ ငါးပိကြိုသည့် အနံ့နှင့်ပင် ဗိုက်ဆာလာပါလိမ့်မည်။

ကျွနု်ပ်တို့ကျေးလက်တောရွာများတွင် ဟင်းကျွေး အလွန်ရှားပါသည်။ တောထဲမှရသည့် အသီးအနှံ၊ အသားငါးများကိုသာ ဟင်းလုပ်စားကြရ၏။ တစ်ခါတစ်ရံ ဝက်ပေါ်သည်၊ နွားပေါ်သည်။ ဧည့်သည်သောင်သည်လာသည့်အခါ ကြက်သားစားရသည်။ မိုးတွင်းဘက်တွင် ငါး၊ ဖား၊ ပုဇွန်လုံး၊ မြွေသား၊ ခရု စသည်တို့ စားရတတ်၏။ သို့တိုင် ပင်တိုင်ဟင်းလျာမှာ ငါးပိချက် ဖြစ်၏။

ငါးပိချက်ကလည်း ရာသီကိုလိုက်၍ ပြောင်းသွား၏။ နွေရာသီတွင် ငါးပိကို ငြုပ်သီးခြောက်နှင့် ချက်၏။ မိုးတွင်းဘက်တွင် ငါးပိချက်မှာ ပိုစားကောင်းသည်။ ချောင်းများ၊ အိုင်များမှ ငါးများရသဖြင့် ငါးပိချက်ကို ငါးနှင့်ချက်၏၊ ဆင်ခရမ်းချဉ်သီး ထည့်၏။ ငါးပိချက်ကို ခေါင်းတို၊ ငါးကြီး၊ ငါးပြေမ စသည်တို့နှင့် ချက်ပါသည်။ ငါးပြေမမှာ အလွန်အရိုးများလှ၏။ သို့သော် စားရတာ လေးလေးပင်ပင်ရှိသည်။

ဆောင်းတွင်းကျတော့ ငါးပိချက်ကို မြေပုံသီးနှင့် ချက်သည်။ မည်ကဲ့သို့ပင် ရာသီများပြောင်းသွားပါစေ။ ငါးပိချက်ကတော့ သူ့အရသာနှင့်သူ၊ စားလို့ကောင်းနေတာချည်းသာ ဖြစ်၏။ ခရမ်းချဉ်သီး၊ နွေပဲသီးများနှင့်ချက်သော ချဉ်ဟင်းမှာ ငါးပိချက်နှင့် အလွန်လိုက်ဖက်လေသည်။

(၅) ၂၁ ရာစုငါးပိ
ငါးပိထဲတွင် မြေသြဇာများထည့်သည် ဆိုသည့်သတင်းကိုကြားရတော့ ကျွနု်ပ် အလွန် ဝမ်းနည်းမိလေသည်။ အစားအသောက်များထဲတွင် ဖော်မလင်များထည့်သည်ဆိုတော့ ကျွနု်ပ်၏ ဝမ်းနည်းမှုမှာ ဟိုဘက်ကို နှစ်ဘူတာလောက်ပင် ကျော်သွားလေ၏။ ထိုသူများသည် ကိုယ်ဘာလုပ်လို့ လုပ်နေတယ်ဆိုတာများရော သိကြပါ၏လော။

နောက်ပြီး ဘာတဲ့။ ငါးပိကို ယင်မနားအောင်လို့ ယင်မနားဆေး ဆိုလား။ ဖြန်းကြသည် ဆို၏။ ၎င်းတို့ပြောသည့် ယင်မနားဆေးမှာ အဘယ်ဖြစ်သည်ကို အထွေအထူးတွေးနေစရာမလို။ ပိုးသတ်ဆေးများဖြစ်ကြောင်း မပြောဘဲနှင့် သိပါသည်။ ထိုသူများ၏ အသိပညာမဲ့မှု၊ မိုက်မဲမှုကိုတော့ ကျွနု်ပ်မှာ ဘယ်လိုပြောရမှန်းပင် မသိအောင် ဖြစ်ရပါတော့သည်။

သို့သော် ကျွနု်ပ်တို့ဘက်မှ ငါးပိများမှာမူ မူလ လက်ဟောင်းအတိုင်းရှိနေလိမ့်ဦးမည်ဟု ယူဆပါသည်။ လေးမျက်နှာနှင့် ကင်းကွာနေတာ အတော်ကြာပြီဆိုတော့ အတပ်မပြောရဲပါ။ ယခုတက်လာသည့် မျိုးဆက်သစ်များမှာ သူ့ထက်သူ လူစွမ်းကောင်းချည်း မဟုတ်ပါလော။

ဟိုတစ်နေ့ကတောင် အမျိုးသမီးက ပင်နင်ဆူလာမှ ငါးပိထောင်း ဝယ်လာသေးသည်။ ကျွနု်ပ်လည်း စားသပေါ့။ နောက်မှ FDA မှ ထုတ်ပြန်သည့်စာရင်းထဲတွင် ပါနေကြောင်း တွေ့သဖြင့် ရင်နာနာနှင့် လွှင့်ပစ်လိုက်ရပါသည်။ FDA စာရင်းအရ မြန်မာတစ်နိုင်ငံလုံး လိုလိုမှ ထုတ်သည့်ငါးပိမှန်သမျှ ဓာတုဆေးများနှင့် မကင်းကြောင်း တွေ့ရလေသည်။ ကျွနု်ပ် အလွန်စိတ်ပျက်မိ၏။

မည်သို့ပင်ဆိုစေကာမူ။
ငါးပိချက်စားရတာတစ်ခုတည်းနှင့်ပင် ကျွနု်ပ်ကတော့ မြန်မာဖြစ်ရတာကို ကျေနပ်နှစ်သိမ့်မဆုံးပါကြောင်း ပြောကြားရင်း ကျွနု်ပ်၏ ငါးပိချက်ဋီကာကို နိဂုံးချုပ်အပ်ပါသတည်း။

အစားအစာများအတွင်း ပေါက်ကရလုပ်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၃ ဇွန်၊ ၂၀၁၉
ဋီကာ = အကျယ်ချဲ့ထွင်ရေးသားခြင်း