Breaking News

မောင်လူပေ - တရုတ် ဟောင်ကောင် ပြသနာစုံ

မောင်လူပေ - တရုတ် ဟောင်ကောင် ပြသနာစုံ

(မိုုုုုုးမခ) ဇွန် ၁၃၊ ၂၀၁၉

ဟောင်ကောင်က လမ်းတွေမှာ လူတွေသိန်းချီပြီး ဆန္ဒပြနေတာ ကြားမိမယ်ထင်တယ်။ ကျောင်းသားတွေဦးစီးတဲ့ ဆန္ဒပြပွဲဟာ ရက်ကြာလာသလို လူတွေလည်းများတယ်။ လမ်းပေါ်မှာ လူသန်းချီထွက်လာပြီး ဆန္ဒပြတယ်လို့ ဦးဆောင်သူတွေက ဆိုကြတယ်။

မနေ့ကတော့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေနဲ့ထုတယ်။ ရာဘာကျည်နဲ့ပစ်တယ်။ နှစ်ဖက် ထိပ်တိုက်တွေ့တယ်။ လူ(၇၀)ကျော် ဒါဏ်ရာရကြတယ်။

ဟောင်ကောင်ဆိုတာ တရုတ်ပြည်ပိုင်ဆိုပေမဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုးနဲ့ အထူးအုပ်ချုပ်ရေးရတဲ့ နေရာ။ အင်္ဂလိပ်အောက်မှာ နှစ်(၁၅၀)ကျော် ဒီမိုကရေစီနဲ့ အသားကျခဲ့တဲ့နေရာ။ ၂၀၄၇ အထိ ဟောင်ကောင်ရဲ့ ဒီမိုကရေစီကို အာမခံတယ်လို့ တရုတ်က ဂတိပေးခဲ့တဲ့နေရာ။ ဒါကြောင့် တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံရေး အထူးလွတ်လပ်ခွင့်ရ ဒေသ။ ဒါကြောင့် ဟောင်ကောင်သားတွေက တရုတ်အစိုးရကို ဆန့်ကျင်ပြီး ပြောဆိုရေးသားခွင့်ရှိတယ်။ တရုတ်ရဲ့ လူ့အခွင့်အရေးဖေါက်ဖျက်မှုတွေ ဝေဖန်ခွင့်ရှိတယ်။ လွတ်လပ်စွာ ဆန္ဒပြခွင့်ရှိတယ်။

အခုဆန္ဒပြရခြင်းအကြောင်းကတော့ ဟောင်ကောင်က ရာဇဝတ်သားတွေကို တရုတ်ပြည်မှာ တရားစီရင်စေမဲ့ ရာဇဝတ်သား လွှဲပြောင်းမှုဆိုင်ရာ ဥပဒေ အသက်သွင်းလာလို့ ဖြစ်တယ်။ ဟောင်ကောင်က တရုတ်အစိုးရကို ဆန့်ကျင်နေသူတွေကို ရာဇဝတ်သားလို့ သတ်မှတ်ပြီး တရုတ်ပြည်အပို့ခံရမှာ သေချာနေလို့ ကျောင်းသားတွေဦးဆောင်ပြီး အကြီးအကျယ် ဆန္ဒပြနေတာဖြစ်တယ်။ နိုင်ငံရေးသမားကို မဖမ်းပါဘူးဆိုတဲ့ အာဏာရှင်တရုတ်အစိုးရကိုယ်စားလှယ် အုပ်ချုပ်ရေးမှုးရဲ့ ဂတိစကားကို သူတို့မယုံကြဘူး။

မြန်မာပြည်မှာ အရင်စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေရဲ့လုပ်နည်းအတိုင်းပေါ့။ အစိုးရဆန့်ကျင်သူမှန်သမျှ ရာဇဝတ်သားချည်းပဲ။ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးလို့ နိုင်ငံတကာကို အရှက်မရှိလိမ်။ ထောင်ဒါဏ်တွေ နှစ်ပေါင်းများစွာချမှတ်။ သေမှပြန်ထွက်လာနိုင်မဲ့ အခြေအနေ။ ဒီလိုအနေအထားတွေကို ဟောင်ကောင်မှာ တရုတ်အစိုးရက ဖန်တီီီးနေတယ်။

တရုတ်ပြည်အစိုးရကလည်း အခုနှစ်တွေမှာ ဇာတိရုပ်က ပြလာပြီ။ တိန့်ရှောင်ဖိန်ရဲ့ ပြုပြင်ရေးတွေထဲမှာ သမ္မတသက်တမ်း နှစ်ကြိမ်ပဲလို့ပါတယ်။ စီကျင်းပင်က အဲဒါကို ရအောင်ဖျက်ပြီး ထာဝရသမ္မတ အာဏာရှင်ဘဝ ခံယူတယ်။ အမျိုးသားရေးတရားဟောတယ်။ကြည်း ရေ လေ စစ်တပ်တိုးချဲ့တယ်။ တောင်တရုတ်ပင်လယ်ကို သူပိုင်တဲ့နေရာလို့ ကြေညာတယ်။ စစ်စခန်းတွေဆောက်တယ်။ သူ့သြဇာမနာခံသူတွေကို ရာဇသံပေးထားတယ်။ ဟောင်ကောင်သားတွေက တရုတ်ပြည်မကြီးအစိုးရကို မယုံကြည်နိုင်။ ၂၀၀၄ ကလည်း ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ပြည်သူတွေရွေးချယ်တင်မြှောက်ခွင့်ရုပ်သိမ်းပြီး ပြည်မကြီးက တိုက်ရိုက်ခန့်ထားလို့ ဆန္ဒပြမှုဖြစ်၊ တရုတ်ပြည် တီယမ်မင်ရင်ပြင် ကျောင်းသားအရေးအခင်းနှစ်လယ်ဆန္ဒြပပွဲတွေဖြစ်ခဲ့တယ်။

အခုဟောင်ကောင်ဆန္ဒပြပွဲကလည်း ဖြေရှင်းလို့ရတဲ့အခြေအနေ မမြင်ရ။ ဘယ်အထိ ဆက်ဖြစ်မယ်တော့ ပိတ်ကားပေါ်မှာပဲ ရှုစားကြပါ။

 (လောလောဆယ် အထက်ပါဥပဒေကြမ်းကို ဆိုင်းငံ့ထားလိုက်ရပါကြောင်း၊ ပိတ်ဆို့ပြီး ဆန္ဒပြသူများဖက်က အသာစီးရသလိုုဖြစ်နေပါကြောင်း - အယ်ဒီတာ၏ ဖြည့်စာ)