Breaking News

လင်းသက်ငြိမ် - ကြယ်ကြွေလမ်းကလေး


ကြယ်ကြွေလမ်းကလေး
လင်းသက်ငြိမ်
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၂၀

( ၁ )
ညနေခင်းတစ်ခုမှာ စိတ်ကူးထဲ ကဗျာ ဆရာကို သတိရလာတာနဲ့ မြို့ရဲ့အနောက်ဘက်မှာ တည်ရှိတဲ့ လမ်းကလေးဆီ ဆိုင်ကယ်နဲ့ထွက်လာခဲ့မိတယ်။ ကဗျာဆရာဟာ ကွယ်လွန်ခဲ့ပြီးပါပြီ။ ကျော်ကြား ထင်ရှားလွန်းတဲ့သူမဟုတ်ပေမဲ့ ရင်းနှီးခင်မင်သူတစ်ယောက်အနေနဲ့ ကဗျာဆရာကို ကျွန်တော် မကြာခဏ သတိရမိတာ လွန်မယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ မြို့ကလေးရဲ့ လက်ချိုးရေတွက်လို့ရတဲ့ ရှားပါးကဗျာရေးသူစာရင်းထဲ အပါအဝင်ဖြစ်တဲ့ ကဗျာဆရာ။
မြို့ကလေးမှာ ကဗျာအကြောင်း၊ စာအကြောင်းပြောလို့ရတဲ့ တစ်ယောက်တည်းသော ကဗျာဆရာ။ ကဗျာဆရာနဲ့ကျွန်တော် မြို့ကလေးထဲကဗျာတွေ ကြဲဖြန့်ခဲ့ကြတယ်။ မြို့ကလေးရဲ့လှောင်ရယ်သံတွေကို ရင်ကော့ခေါင်းမော့လို့။
ကဗျာဆရာကို ကဗျာဆရာမှန်း မြို့ကလေးကလူတွေ သိကြပေမယ့် ကျွန်တော့်ကိုတော့ ကဗျာရေးမှန်း လူတွေ သိပ်မသိကြပါဘူး။

( ၂ )

မြို့ကြီးတစ်မြို့ကနေ မအောင်မမြင်ဆုတ်ခွာလာတဲ့ ကျွန်တော်နဲ့မြို့ကလေးမှာ ကဗျာဆရာအဖြစ် လူသိများတဲ့ ကဗျာဆရာနဲ့ တွေ့ဆုံဖြစ်ခဲ့ကြတာကလည်း ကဗျာနဲ့ပတ်သက်ပြီး တွေ့ဆုံဖြစ်ကြတာပဲ ဖြစ်ပါတယ်။ သူက အီလက်ထရောနစ် ဆိုင်ကြီးတစ်ဆိုင်မှာ အရောင်းစာရေးလိုလို၊မန်နေဂျာလိုလို။လူပုံက ထွားထွား၊ အရပ်ကမြင့်မြင့်၊သားသားနားနားသပ်သပ်ရပ်ရပ် ဝတ်စားတတ်တဲ့ ကဗျာဆရာ။

ကဗျာဆရာက ဘာသာခြားဆိုပေမဲ့ ဗုဒ္ဓဘာသာထဲကူးပြောင်းခဲ့တယ်လို့လည်း ကျွန်တော်တို့ ခင်မင်ပြီးတဲ့နောက်မှ သိခဲ့ရတယ်။ ကဗျာဆရာနဲ့ကျွန်တော် စာအုပ်ဆိုင်ကလေးတစ်ဆိုင်မှာ စတင်တွေ့ဆုံခဲ့ရတာပဲဖြစ်ပါတယ်။ မှတ်မှတ်ရရ ကျွန်တော့်ကဗျာတစ်ပုဒ်ကို မဂ္ဂဇင်းကြီးတစ်ခုက ရှေ့ပိုင်းမှာစတင် အသုံးပြုခဲ့တဲ့အချိန်ပေါ့။ စာအုပ်ဆိုင်က အန်တီကြီးက ကျွန်တော်ကဗျာရေးမှန်းသိသွားပြီး ကဗျာဆရာနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ လူသက်ရော၊ ကဗျာရေးသက်ပါ ကျွန်တော့်ထက်ကြီးတဲ့ကဗျာဆရာပါ။

( ၃ )
       
ဆုံတွေ့ပြီးတဲ့ချိန်ကနေ နောက်ဆုံးအချိန်အထိ ကဗျာဆရာနဲ့ကျွန်တော် တပူးတွဲတွဲရှိနေတတ်တယ်။ ညနေခင်းတွေမှာ ရီဝေလေ့ရှိတဲ့ ကဗျာဆရာနဲ့အမြည်းစားရင်း ကွမ်းယာဝါးရင်း။
နေ့လယ်ခင်းလက်ဖက်ရည်ဆိုင်ထိုင်ရင်း ကဗျာဆရာနဲ့အတူ ရှိခဲ့တယ်။ ပြောဖြစ်တဲ့စကားတွေက ကဗျာအကြောင်း၊ ကဗျာဆရာတွေအကြောင်းက လွဲလို့ ဘာများဖြစ်ရဦးမှာတဲ့လဲ။
ကဗျာနေ့ကဗျာရွတ်ပွဲ၊ အမေနေ့၊ စာပေဟောပြောပွဲတွေ၊ စာအုပ်ကလေးတွေကို ကျွန်တော်တို့စီစဥ်ခဲ့ကြတယ်။ ကျွန်တော်တို့ အတူတူ နာကျင်ခဲ့၊ အတူတူပျော်ခဲ့၊အတူတူငိုကြွေးခဲ့ဖူးပါတယ်။

သူနဲ့ပတ်သက်ပြီး အဝေးရောက်မြို့သား ကဗျာဆရာတစ်ယောက်နဲ့လည်း ညီအစ်ကိုဖြစ်ခဲ့ရပါသေးတယ်။ နေ့တွေ၊ ရက်တွေကြားမှာ ဘဝရပ်တည်မှု မခိုင်မာတဲ့ကျွန်တော်က ကုန်စုံဆိုင်ကြီးရဲ့ အလုပ်သမားဘဝကနေ၊စာအုပ်အငှားဆိုင်ကလေးတစ်ဆိုင်ဖွင့်ဖြစ်တယ်။ ညနေတိုင်း ကဗျာဆရာ ရောက်ရောက်လာတယ်။ သူလည်းသူ့အလုပ်မှာ အဆင်မပြေတဲ့အကြောင်းတွေကို မကြာခဏ ပြောနေရင်းကနေ မြို့နဲ့လှမ်းတဲ့ ရွာကလေးရဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သင်္ကန်းဝတ်တယ်။ လူထွက်ပြီးတော့လည်း အဲ့ဒီဘုန်းကြီး ကျောင်းလေးဟာ သူ့ဝပ်ကျင်းဖြစ်လာခဲ့တယ်။

( ၄ )
ကဗျာဆရာနဲ့ကျွန်တော်ရဲ့အမှတ်တရတွေထဲက တစ်ခုကို ထုတ်ပြောရရင် မြို့ကလေးမှာ ပထမဆုံးကျင်းပဖြစ်တဲ့ အမေနေ့ အခမ်းအနားတစ်ခုကို ထုတ်ပြောပြချင်ပါတယ်။

အခမ်းအနားစဖို့သတ်မှတ်ထားတဲ့ အချိန်ထက်တစ်နာရီခွဲကျော်ကျော်လောက်အထိ ပရိသတ်ဘယ်သူမှရောက်မလာ။ ဟောပြောဖို့ ဖိတ်ထားတဲ့ ဆရာတွေကလည်း လည်တမော့မော့နဲ့စဖို့အဆင်သင့်မဖြစ်သေးဘူးလားဆိုတဲ့အမူအရာတွေနဲ့ မျှော်စောင့်လို့။ ဘယ်လိုလုပ်ရမယ် မသိဘဲ လူဗလာဖြစ်နေတဲ့ ခန်းမကြီးထဲ ချွေးပြန်နေကြတဲ့ ကျွန်တော်နဲ့ကဗျာဆရာ။

နောက်ဆုံး ကဗျာဆရာကအကြံရပြီး မြို့ထဲက အဆောင်တွေမှာရှိနေတဲ့ ကျောင်းသားတွေကို သွားခေါ်ကြမယ် ဆိုတာနဲ့ ကျွန်တော်တို့ထွက်ခဲ့ကြ။ အဆောင်ပိုင်ရှင်တွေကလည်း စိတ်လိုလက်ရရှိကြတော့ ကားတွေငှားပြီး ကလေးတွေကိုခေါ်လာခဲ့တော့မှ ခန်းမထဲလူတွေ ပြည့်လျှံသွားတော့တယ်။ ဟောပြောမယ့်ဆရာတွေလည်းရယ်နိုင်ပြုံးနိုင်ကြတော့တယ်။ လူတွေပြည့်နေတဲ့ခန်းမကိုကြည့်ပြီး ကျွန်တော်နဲ့ကဗျာ ဆရာပြိုင်တူ မျက်ရည်ကျခဲ့ကြတယ်။ ငိုနေတဲ့တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ပြီးလည်း ပြိုင် တူ ရယ်ဖြစ်ခဲ့ကြတယ်။

( ၅ )

ကျွန်တော့်စာအုပ်အငှားဆိုင်လေးဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်ပြီး ငွေကြေးအကြပ်အတည်းဖြစ်နေတဲ့အချိန်။ မင်းအဆင်ပြေမှပေးမပေးနိုင်ရင်လည်း မပေးနဲ့တော့လို့ ပြောပြီးပိုက်ဆံတွေလာပေးတဲ့ ကဗျာဆရာရဲ့ရုပ်ပုံကိုလည်း အခုထိ မမေ့သေးပါဘူး။ ကဗျာဆရာကွယ်လွန်တဲ့နေ့က ကမ္ဘာ့ကဗျာနေ့ဖြစ်ပါတယ်။
အဲ့ဒီနေ့ဟာ မြို့ကလေးနဲ့အဝေးတစ်နေရာမှာ ကျွန်တော်ရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်။

သူကွယ်လွန်မယ့်ညက ကျွန်တော့်စာအုပ်ဆိုင်ကိုရောက်လာတဲ့အကြောင်း ဆိုင်မှာရှိတဲ့ ကျွန်တော့်ညီမက ပြန်ပြောပြလို့ သိရပါတယ်။ ကျွန်တော့်ကို မေးတော့ မရှိဘူးလို့ ပြောလိုက်တယ်တဲ့။
ကဗျာဆရာက ဆိုင်ထဲကိုမဝင်တော့ပဲ ဆိုင်ရှေ့ကနေ လှည့်ထွက်သွားခဲ့တယ်တဲ့။ အဲ့ဒီညဟာ မြို့ကလေးနဲ့အဝေးတစ်နေရာမှာ ကဗျာဆရာတွေ အများကြီးရှိတဲ့ ကဗျာရွတ်ပွဲမှာ ကျွန်တော်ရှိနေခဲ့တဲ့ အချိန်ပေါ့။ နောက်တစ်နေ့မနက်ခင်းရဲ့တယ်လီဖုန်းမြည်သံဟာ ကျီးပြိုသံတွေနဲ့အတူ ကျွန်တော့်ဆီ ဝင်ရောက်လာခဲ့တယ်ပေါ့ကဗျာဆရာ။

( ၆ )   
အတွေးတွေနဲ့ဆိုင်ကယ်ကိုမောင်းနှင်လာရင်း ကဗျာဆရာအက်စ်ဆီးဒင့်ဖြစ်ခဲ့တယ်ဆိုတဲ့နေရာကို ကျွန် တော် ရောက်လာခဲ့ပြီ။
အခုတော့ လမ်းဟာ ကတ္တရာတွေနဲ့ညီညာဖြောင့်ဖြူးလို့နေပါပြီ။ လမ်းဘေးက ယူကလစ်ပင်တွေလည်းကြီးထွားနေကြပြီ။ လမ်းပေါ်မှာလည်း လူတွေ၊ ယာဥ်တွေ နိစ္စဓူဝ စုန်ဆန်ကူးသန်းနေကြဆဲ။ ထုံးဖွေးဖွေးစေတီကလေးတွေ၊ လယ်တဲကလေးတွေ၊ စာသင်ကျောင်းကလေးတွေ၊ အဝါတစ်လှည့် အစိမ်းတစ်လှည့် လယ်ကွင်းတွေကလည်း အရင်အတိုင်း လည်ပတ်ဆဲ။ လေတဖြူးဖြူး ပြေးဆော့လာတော့ ယူကလစ် ရွက်ကြွေတွေက မျက်နှာကိုလာမှန်တယ်။ လမ်းဘေးရေမြောင်းထဲမှာ ရေတွေငြိမ်သက်လို့။ ဒီလမ်းမှာ ။ ဒီလမ်းပေါ်မှာ ကဗျာဆရာ ကျဆုံးခဲ့တာပေါ့။ ခင်ဗျားနေ့စဥ်ဖြတ်သန်းခဲ့တဲ့ လမ်းကလေးဟာ ခင်ဗျားကျဆုံးရာ စစ်မြေပြင်ဖြစ်ခဲ့တာပေါ့ ကဗျာဆရာ။

( ၇ )

ညဟာ မှောင်မည်းနေမှာပေါ့။ လမ်းဟာ ဖုန်တထောင်းထောင်း ထနေမှာပေါ့။ တရားမဝင်ကားကြီးတွေ ဝေါခနဲ ဝေါခနဲ ဖြတ်မောင်းနေမှာပေါ့။ နွားလှည်းကလေးက လမ်းဘေးချပြီး ဖုန်တွေ ရှင်းအောင် ရပ်စောင့်နေမှာပေါ့။ နွားလှည်းဟာ ဟိုခေတ်ကတည်းက မီးမပါတော့ ဒီဘက်ခေတ်အထိလည်း မီးမပါဘူးလေ။ ကားကြီးကိုရှောင်ပြီး လမ်းဘေးချမောင်းလာတဲ့ ဆိုင်ကယ်ဟာ နွားလှည်းနဲ့ ချိန်းဆိုထားသလို တိုးတိုက်မိ။ သေပြီလေ။ ကွဲရှလွယ်တဲ့အသက်တစ်ချောင်းဟာ ဖျပ်ခနဲကျိုးကြေသွား။ ကဗျာဆရာ သေဆုံးသွားခဲ့ရရှာပြီ။
အဲဒီညဟာ မတ်လထဲကညတစ်ခုပါ။ အဲဒီညဟာ ကမ္ဘာ့ကဗျာနေ့ဆိုတဲ့ ကဗျာဆရာတွေ ကဗျာရွတ်နေတဲ့ညပါ။ ကဗျာရွတ်သံတွေ နေရာအနှံ့မြည်တမ်းနေတဲ့ အချိန် ကဗျာဆရာတစ်ယောက် လူ့ဘဝကနေ ထွက်ကျသွားခဲ့တယ်။ သေခြင်းဟာ ဘယ်လိုမြည်သံမျိုးနဲ့ကျရောက်လေ့ရှိသလဲ။ ယာဥ်နှစ်စင်းတိုးတိုက်မိတဲ့ အသံမှာ ကဗျာဆရာ တစ်ယောက်ကြွေကျသွားခဲ့ရပေါ့။

( ၈ )

ဘုန်းကြီးကျောင်းစာသင်ခန်းလေးထဲက မြေဖြူတချောင်း အလိုလိုဖျတ်ခနဲကျိုးသွားသေးလား။ စာသင်ခုံတွေ ဆတ်ခနဲ တုံသွားသေးလား။ နာရီသံတွေ ရုတ်တရက် ထမြည်သွားလား။ ကဗျာဆရာရဲ့ စာအုပ်တွေကကောာ လေတိုက်သလို ဖျတ်ခနဲလှန်သွားလား။ ကျောင်းခေါင်မိုးထက်ကနေ ညဉ့်ငှက်တကောင် ဂီးခနဲ အော်သွားလား။ နိမိတ်ဆိုးနဲ့ညဟာ ကဗျာဆရာအတွက် တိကျသွားခဲ့ရှာတယ်ပေါ့။ မဥ္ဇူရီစာအုပ်ဆိုင်ထဲ ကျနော်မရှိတော့ ခင်ဗျားလှည့်ပြန်သွားတယ်တဲ့။

အဲ့ဒီအချိန် ခင်ဗျားဘာ တွေးသွားခဲ့သေးလဲ။ ငါ့အလောင်းကို ဒီကောင်မမြင်ရတော့ဘူးလို့စိတ်မကောင်းဖြစ်သွားခဲ့လေမလား။ မြို့ရဲ့လမ်းတွေ ဆိုင်ကယ်ဘီးနဲ့ကြိတ်ပြီးအနုပညာခမ်းနေတဲ့ မြို့ကို နောက်ဆုံးအကြိမ် ဆဲရေးသွားခဲ့သေးလား။ ကဗျာဆရာဆို သောက်ရူးလို့ထင်တဲ့ မြို့ကလူတွေ ကဗျာဆရာရဲ့ အသုဘကိုလိုက်ပို့ကြသတဲ့ဗျာ။ ခင်ဗျားကြည့်ပြီး ရယ်မောနေမှာ သေချာတယ်။ ခင်ဗျားရဲ့အသုဘဟာအတော်ကြီးစည်ကားခဲ့တယ်တဲ့ တဆင့်စကားနဲ့ကျွန်တော် ပြန်ကြားရတယ်။

(၉)

ခင်ဗျား နောက်ဆုံးနေသွားခဲ့တဲ့ရွာကလေးနဲ့ဘုန်းကြီးကျောင်းကလေးကိုဆိုင်ကယ်ကိုရပ်ပြီး ငေးကြည့်မိတယ်။ ကဗျာဆရာ။ အဲ့ဒီ ကျောင်းကလေးထဲကိုခင်ဗျားကွယ်လွန်ပြီးတစ်လပြည့်တဲ့နေ့မှာ ကျွန်တော်တို့ရောက်သွားဖြစ်ကြတယ်။ ကျွန်တော့်ကိုမြင်တော့ ခင်ဗျားရဲ့ဆရာတော်က ငိုတယ်။ ကျွန်တော်မငိုမိအောင် ထိန်းခဲ့တယ်။

ခင်ဗျားရဲ့စာအုပ်တွေယူသွားပါတဲ့ ဆရာတော်ကမိန့်တယ်။ ကျွန်တော်က ကျောင်းကိုပြန်လှူခဲ့လိုက်တယ်။ ခင်ဗျားကျေနပ်လိမ့်မယ်လို့လည်း ကျွန်တော်ယုံတယ်။ ခင်ဗျားရဲ့ဒိုင်ယာရီစာအုပ်ကလေးကိုတော့ ခင်ဗျားကောင်မလေးလို့ ယူဆရတဲ့ မိန်းကလေးတစ်ယောက် ယူသွားတယ်တဲ့။

ကဗျာဆရာရဲ့တစ်ပိုင်းတစလက်ရေးကဗျာစာအုပ်နှစ်အုပ်ကို ကျွန်တော်ယူပြီး သိမ်းထားခဲ့ပါတယ်။ ကဗျာ ဆရာရှိခဲ့တဲ့အကြောင်းကို မြို့ကလေးက လူတွေ ဘယ်အချိန်ထိမှတ်မိနေကြမှာလဲ။ ရွာကလေးက လူတွေကကော အခုထိကဗျာဆရာကို သတိရနေကြဆဲလား။ အခုဆို ကဗျာဆရာ ဘယ်နေရာမှာ ရှိနေမလဲ။

(၁၀)

သေခြင်းတရားဆိုတာ လေယာဥ်ပျံတစ်စင်းကနေ လေယာဥ်ပျံတစ်စင်း ပြောင်းစီးသလောက်ပါကွာ တဲ့။မောင်ချောနွယ်ရေးခဲ့ဖူးတယ်။ ခင်ဗျားပြောင်းစီးတဲ့ လေယာဥ်ပျံက ဘာအရောင်လဲ။ ညနေခင်းတိမ်တွေဟာ အဝါရောင်ကနေ တဖြည်းဖြည်းရွေ့လျားနေလေရဲ့။

ငှက်တွေ ဘယ်ဆီပြန်နေတယ် ကျွန်တော်မသိပါဘူး။ ဖုန်မထတော့တဲ့လမ်းပေါ်မှာ ဆိုင်ကယ်တွေ မီးဖွင့်ပြီးမောင်းနှင်ပြီး ကျွန်တော့်ဘေးကနေ ဖြတ်ကျော်သွားကြတယ်။ သူတို့ကို ကျွန်တော်မသိပါဘူး။ ကဗျာဆရာကွယ်လွန်သွားတဲ့လမ်းကလေးကို သတိရလို့ လာကြည့်နေမိတဲ့ လူတစ်ယောက်ကိုလည်း ဘယ်သူမှ မသိကြပါဘူး။
နေဝင်တိမ်တို့ အစွမ်းကုန်တောက်ပနေကြပေါ့။

မကြာခင်ဆိုမှောင်တော့မယ်။ လမ်းကလေးပေါ်မှာ အခု နွားလှည်းတွေမမောင်းတော့ဘူး၊ ဖုန်တွေလည်း မထ တော့ဘူး ကဗျာဆရာ။

မှိန်မှိန်ဖျော့ဖျော့ပဲလင်းလင်း
ထိန်ထိန်တောက်တောက်ပဲလင်းလင်း
ကြယ်ဟာ ကြယ်ပါပဲ

မြင်နိုင်သည်ဖြစ်စေ
မမြင်နိုင်သည် ဖြစ်စေ
ကြယ်ဟာ ကြယ်ပါပဲ

ကဗျာဆရာ ကွယ်လွန်ခဲ့တဲ့လမ်းကလေးကို ကြယ်ကြွေလမ်းကလေးလို့ တိုးတိတ်စွာ ကျွန်တော် နာမည်ပေးခဲ့မိပါတယ်ကဗျာဆရာ။

*ကောလင်းသားကဗျာဆရာ မြူမင်းလွင်(ကောလင်း) သို့ သတိတရ ရေးဖြစ်ခြင်းဖြစ်ပါတယ်။

လင်းသက်ငြိမ်
၂၀၂၀