မောင်လူရေး - လူမှုအစေးဖြစ်မှ ဘာသာရေး
မောင်လူရေး - လူမှုအစေးဖြစ်မှ ဘာသာရေး
(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၂
ဘာသာရေးဆိုတာ ကြာရင် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း ဖြစ်လာတာပဲ။ အဲဒီလို ရိုးရာဖြစ်သွားမှလည်း ကြာကြာခံတာလေ။ အနုပညာအဖြစ်ပါ တဆက်တည်း ပေါက်ဖွားလာရင်တော့ အထွတ်အထိပ်ရောက်ပြီပ။ ပုဂံတို့ဘာတို့ကြည့်ပ။ အဲဒီတော့ ဘာသာရေးနဲ့ ရိုးရာယဉ်ကျေးမှုအနုပညာတွေဟာ တသားတည်းကျသွားချိန်မှာ ရပ်ရွာလူ့အဖွဲ့အစည်းလဲ အတူပါဝင်ဟန်ချက်ညီညီ မျှမျှတတ လှပလာတော့တာပါဘဲ။
အဲဒီလူ့အဖွဲ့အစည်း ညီညွှတ်မျှတလှပနေမှုဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့ တကိုယ်ကောင်းအယူအဆတချို့ကြောင့် ပျက်စီးသွားတတ်ပါတယ်။
ဥပမာ ဘုရားပွဲ ဆိုပါတော့၊ တနှစ် တခါ ငရဲရှာ လူ့ရွာဘုရားပွဲဆိုပြီး ကုသိုလ်တပဲ ငရဲပိဿာမဖြစ်စေနဲ့၊ ပွဲမထည့်နဲ့၊ ဘုရားဆွမ်းတော်တင်၊ ဘုန်းကြီးဆွမ်းလောင်း၊ လှူစရာရှိတာလှူ၊ ပီးဘီပေါ့။ ကျန်တာ အပိုတွေ၊ အကုသိုလ်တွေဆိုပြီးလုပ်လိုက်တော့ လူတွေက ဒီဘုရားပွဲအကြောင်းပြုပြီး လာလည်ဖို့၊ လာပွားဖို့၊ လာစားဖို့၊ ပွဲကြည့်ဖို့၊ ဟိုဖိတ်ဒီဖိတ်ဖိတ်ထား၊ အဝေးရောက်တွေ ပြန်လာကြဖို့ပြင်ထား၊ ဒီဘုရားပွဲမှာ ဘာနဲ့ဘယ်လိုနွှဲလိုက်ကြမယ်ဆိုပြီး အားခဲထား၊ လူငယ်တွေကလဲ ကကြ ဆိုကြ တီးကြ မှုတ်ကြဖို့ တို့ထားတာတွေ၊ ပိုးဖို့ပန်းဖို့ ကြံထားတာတွေ၊ အကုန်သွားရော။ လူအိုနည်းနည်းနဲ့ ကျဲကျဲပီးသွားရာကနေ တဖြည်းဖြည်းနဲ့ ဘုရားပွဲကို ဘယ်သူမှ အာရုံမရတော့။ ရှင်ပြုအလှူပွဲလဲ အဲလိုဖြစ်လာ။ သာသနာ့အမွေခံဖို့ကအဓိက၊ မင်းတို့ဟာက ဘုန်းကြီးလှူရန်ထက် ဆိုင်းဖိုး ဘိသိက်ဖိုးကများ၊ ဘာညာနဲ့ ဟော တဖြည်းဖြည်းမိသားစုအလှူများလာ။ ဗျို့ဟစ်တဲ့အခန်းကဏ္ဌပျောက်လာ၊ လူမှုရေးအစေးခြောက်လာ၊ ရပ်ရေးရွာရေးဆွေးနွေးခန်းနည်းလာ၊ ရပ်မှုရွာမှု လက်ဆင့်ကမ်းဂွင် ကျဲလာ။ အပြန်အလှန်ကူညီလုပ်ဆောင်မှုလျော့လာ။
လူတွေအတွက် ထည့်မတွက်။ တနှစ်လုံးလုပ်နေရတဲ့အလုပ်ဂွင်နားချိန် ရပ်မှုရွာမှု လူမှုတွေ၊ ရိုးရာနဲ့တွဲတဲ့ပျော်ပွဲတွေ၊ ကိုယ့်ယဉ်ကျေးမှုအနုပညာနဲ့ အားလုံးပါဝင် အရသာရှိရှိဆင်နွဲရမယ့်ပွဲတွေ ပျောက်ပျောက်လာတော့ လူငယ်တွေလဲ အနုပညာဖန်တည်းခွင့်ပျောက်၊ အငြိမ့်တွေ ဇာတ်တွေလဲ တီးလုံးဘဲတိုက်ရမလိုလို၊ ကားလိပ်ပဲ ရောင်းရမလိုလို၊ ဆိုင်းပညာတွေလဲ တဖြည်းဖြည်းကော။ ဘိသိပ်လဲ အိပ်ပြီ၊ မဏ္ဌပ်ဆရာတွေလဲဂန့်။
ဘုန်းကြီးတွေက ကထိန်လဲ အေးကထိန်ဆိုလုပ်လာကြ၊ ပူတာ ဆူတာ ကထိန်မဟုတ်ပေါ့။ ဝါဆိုလဲ ဝါဆိုမို့။ ထုံးစံအတိုင်း ဘုန်းကြီးသင်္ကန်းလှူတာကအဓိက၊ ကျန်တာ ဘာမှမဟုတ်။ အရပ်ဇာတ်ကဖို့ ပြဇာတ်ကဖို့ေတွ စဉ်းစားမနေနဲ့။ သီချင်းတိုက်ဖို့ လုပ်မနေနဲ့။ အဲဒါ ငရဲ၊ ငရဲတောင် ရှယ်ငရဲဆို ဖြဲ။ သင်္ကြန်တောင် ရေပက်တာ လုံးလုံးတားမရလို့၊ အသာကြည့်နေရတာ။ သင်္ကြန်သီချင်းနဲ့ သံချပ်မေပျာက်တာဘဲ ကံကောင်း။ နတ်လဲ နတ်မို့၊ ရိုးရာလဲ ရိုးရာမို့၊ သရဏဂုံပျက်တယ်၊ ဘာညာနဲ့ နတ်ဒိုးတောင် သူများတို့တတွေကာကွယ်ထားလို့ မပျောက်တာ။ ဘုန်းကြီးများက သူတို့ပြုနေလို့ သူတို့ဝိနည်း မလိမ့်တပတ်ဓိုရ်နေလို့ ဒီသာသနာနုနေတယ်ထင်နေတာ။
ဘာသာဆိုတာ ရိုးရာနဲ့ ဓလေ့နဲ့ ယဉ်ကျေးမှုနဲ့ အနုပညာနဲ့ချိပ်ဆက်ထားလို့သာ တာရှည်ခံတာလေ။ အဲဒါတွေအကုန်လုံးက ရပ်မှုရွာမှုဖြစ်၊ အဲဒီကနေ လူမှုဖြစ်လာလို့ လူ့အရေးဖြစ်ပြီး လူထဲ တည်နေတာ။ အပြန်အလှန်အားဖြင့် အဲဒီပွဲလမ်းတွေကဘဲ လူ့အဖွဲ့အစည်းသဟဇာတဖြစ်မှု ညီညွတ်မှု ရုင်းပင်းကူညီမှု၊ ရပ်ရွာအားရှိမှုကို ထိန်းကျောင်းထားတာ။ လူတွေက ဘုန်းကြီးစားဝတ်နေရေးသက်သက်ချည်း ရိုးရိုးနေ့စဉ်ပုံမှန်အပြင် နေ့ထူးနေ့မြတ်ရှယ်သတ်သတ်ထိုင်ပံ့ပိုးပေးနေရမယ်ဆိုရင် ဘယ်အဆင်ပြေတော့မလဲ။ လူတွေဘဝနေမှုလဲ ကြည့်ကြအုံးမှပေါ့။ မမြင်ရတဲ့ငရဲနဲ့ ဖြဲတာ လျှော့။ နိဗ္ဗာန်နဲ့ ပိတ်ကန်တာလဲ လျှော့ကြအုံးဘုရား။ ကိုယ့်လူ့အဖွဲ့အစည်းက ကြောင်တောင်တောင်ဖြစ်နေပြီ။ ကိုယ်က ပွဲရဲ့အစိတ်အပိုင်းတခုအနေနဲ့ရှိနေ ပါဝင်နေရရင် ကိုယ်တောင် နေရထိုင်ရတာ စိတ်ရောကိုယ်ပါ အဆင်ပြေတယ်မဟုတ်လား။ လူတွေ စိတ်ရောကိုယ်ရော အဆင်ပြေစေဖို့လဲ ရှိသေးတယ်လေဘုရား။ ကိုယ်ဟောတာလေး တင်းပါးလုပ်ပြန်ဆိုရင်တော့ မဟန်သေး။
မောင်လူရေး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar