Breaking News

အေးငြိမ်း - Something is better than nothing



အေးငြိမ်း - Something is better than nothing

(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၉
(သူ့ဖေ့စ်ဘွတ်ကနေ ယူပါသည်)

(၁)

ကျွန်တော်ငယ်စဉ်က အလွန်ကြီးကျယ်သူဖြစ်၏။
ပုဆိုးလျှော်လျှင် တစ်ဖက်စကို ၅ ချက်ဆောင့်လျှင် အခြားတစ်ဖက်စကို ၅ ချက်ဆောင့်၏။ တစ်ချက်မှ မပိုစေရ။
အဝတ်လှန်းလျှင် စောင်းရွဲ့နေပါက အလွန်စိတ်ဆိုး၏။ ပုဆိုးလှန်းလျှင် ဟိုဘက်အစ၊ သည်ဘက်အစ ညီနေမှ ကြိုက်သည်။
အိမ်သာများညစ်ပတ်နေလျှင် မတက်တတ်။
တစ်ခါသား ကျောင်းပြန်ဖွင့်၍ ရန်ကုန်ပြန်လာစဉ် အိမ်သာသွားလိုသောကြောင့် ကြည့်မြင်တိုင်ဘူတာ၌ အိမ်သာအတွင်း ဝင်မိ၏။
အိမ်သာတွင်းမှ အခြေအနေကို မြင်လိုက်ရစဉ်ခဏ ကျွန်ုပ်မှာ ကျွန်ုပ်အသက်ရှင်နေသမျှ ကာလပတ်လုံး ဤနေရာသို့ မည်သည့် အခါမှ ခြေဦးမလှည့်တော့ဟု ဆုံးဖြတ်ချက်ကို ချမိလေသော ဟူ၏။
ထို့ပြင်လည်း ခြေညောင်းချင်သာ ညောင်းရမည်။ ညစ်တီးပတ်တတ် နေရာများတွင် ထိုင်ဘို့ရာ အလွန်ဝန်လေးတတ်သူဖြစ်၏။

ကျွန်ုပ်တို့ကျောင်းသားဘဝက လေးမျက်နှာမှ ရန်ကုန်လာဘို့ဆိုတာ လွယ်ကူလှသည့် ခရီးမဟုတ်။
လေးမျက်နှာကနေ မနက်အစောကြီးထ၊ စက်လှေနှင့်အိုင်သပြုသို့လာရ၏။ အိုင်သပြုဆိပ်ကမ်းမှ မှောင်နှင့်မည်းမည်းတွင် ဟင်္သာတသို့ထွက်မည့် ကားဂိတ်သို့လာရ၏။ ထို့နောက် ပထမကမ္ဘာစစ်လက်ကျန် ကုန်တင်သည့် လော်ရီကားကြီးများကို အိတ်စ်ပရက်စ်အမှတ်နှင့်စီးကာ ဟင်္သာတသို့လာရ၏။ ထို့နောက်တစ်ဖန် နွေရာသီဆိုလျှင် ဟင်္သာတမြို့ပေါ်မှ ဆိပ်ကမ်းသို့ ထွက်ခွာမည့် ပထမကမ္ဘာစစ်လက်ကျန် ကုန်တင်အိတ်စ်ပရက်စ်ကြီးများပေါ်သို့ပင် ပြောင်းရွှေ့စီးကြရပြန်၏။
ထို့နောက် နှစ်ထပ်သင်္ဘောကြီးဖြင့် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ သာရဝေါသို့လာကြရ၏။
သာရဝေါမှ ရန်ကုန်သို့မူ ပြည်သူများအား စေတနာထားသောအားဖြင့် အရှုံးခံကာ ပြေးဆွဲပေးနေသည်ဟုဆိုသော (အဲသလောက် လူတွေစီးနေတဲ့ရထားကို အရှုံးပေါ်အောင်ပြေးဆွဲနိုင်ခြင်းအတွက် ကျွန်ုပ်၌သာ လုပ်ပိုင်ခွင့်ရှိမည်ဆိုပါက မြန်မာ့မီးရထားဌာနကြီး အား မြန်မာ့စွမ်းဆောင်ရည်အမြင့်မားဆုံးဆုကို ဂုဏ်ယူဝံ့ကြွားစွာ ပေးမိမည် ဖြစ်လေသည်။) စက်ခေါင်းထိပ်တွင် မမ ဟု ရေထိုး ထားသည့် မြန်မာ့မီးရထားမှ ရထားကြီးဖြင့် လာရ၏။

ပြဿနာမှာ ရထားမဟုတ်။ ရထားပေါ်တွင် လိုက်ပါလာသော ဈေးသည်များ ဖြစ်၏။

ပထမ အသုတ်သည်က စပါမည်။
အသုတ်သည်၏ ခေါင်းပေါ်တွင် ဗန်းကြီးတစ်ခုပါလာ၏။ လက်တွင်မူ စဝယ်ကတည်းက တစ်ခါဖူးမျှ ဆေးဟန်မတူသည့် ရေထည့် ထားသော ပလတ်စတစ်ရေပုံးတစ်ခုကို ဆွဲထား၏။
အသုတ်ထည့်ပေးသော ပန်းကန်များမှာ အနီ၊ အဝါ၊ အပြာ၊ အစိမ်းစသည်ဖြင့် အရောင်စုံလှသည့် ပလတ်စတစ်ပန်းကန်များဖြစ်၏။
အပေါစား ပလတ်စတစ်ပန်းကန်များဆိုတော့ သိတော်မူကြသည့်အတိုင်း အစများထွက်လျက် ဖွာလန်ကျဲနေချေပြီ။
အသုတ်သည်သည် ထိုင်ခုံများအကြား၌ ၎င်း၏ဈေးဗန်းကြီးကိုချကာ ခရီးသည်များအား အသုတ်ရောင်း၏။
မီးရထားထိုင်ခုံများအကြားမှ လျှောက်လမ်းမှာ လူတစ်ယောက် လမ်းလျှောက်ရုံမျှသာရှိရကား ထိုအကြားတွင် အသုတ်သည် အဒေါ်ကြီးက ၎င်း၏ဧရာမ ဈေးဗန်းကြီးချလိုက်သောအခါ လမ်းပိတ်သွားလေ၏။
ထိုအခါ လူအများသည် ထိုဈေးဗန်းကြီးအပေါ်မှ ကျော်ခွ သွားကြရလေသည်။
ထိုသူတို့၏ ပုဆိုး၊ ထဘီ၊ ဖိနပ်စသည်တို့မှ ကျလာမည့်အမှုန်အမွှားများမှာ ဈေးဗန်းထဲမရောက်လျှင် အဘယ်သို့ရောက်ပါမည်နည်း။

နောက်ပြီး အသုတ်ဆိုတော့ လက်ကြီးဖြင့်ပယ်ပယ်နယ်နယ် နယ်ရ၏။
ယခုခေတ်တွင်မတော့ အသုတ်သည်တို့သည် လက်တွင် ပလတ်စတစ်လက်အိတ်များ စွပ်ကာ နယ်သည်ကို တွေ့နိုင်ပါလိမ့်မည်။
သို့သော် ကျွန်ုပ်တို့ခေတ်က ပီဘိ သဘာဝအတိုင်းဖြစ်လေရာ လက်အိတ်တွေဘာတွေ ဘယ်ရလိမ့်မတုံး။ သဘာဝအတိုင်းပင် လက်နှင့် အသားကုန်နယ်ရတာ ဖြစ်၏။
ထို့နောက်တွင်မတော့ ထို ခေါက်ဆွဲသုတ်၊ ကြာဇံသုတ်၊ အသုတ်စုံ စသည်တို့ကို ရောင်စုံပလတ်စတစ်ပန်းကန်များအတွင်း ထည့်ကာ ဗိုက်ဆာနေကြကုန်ပြီဖြစ်ထသော ခရီးသည်များထံ လှမ်းပေးလေ၏။
ခရီးသည်များလည်း အချိုမှုန့်နိုင်နိုင်၊ ငြုပ်သီးလှိုင်လှိုင်ဖြင့်သုပ်ထားသည့် နတ်သုဒ္ဓာကဲ့သို့ အရသာရှိလှစွာသော အသုပ်ကို မြိန်ရေရှက်ရေ စားကြလေကုန်၏။

စားသောက်ပြီးလို့ ပြန်ရောက်လာသည့် ရောင်စုံပန်းကန်များကို အသင့်ယူလာသည့် အဝ လက်တစ်ထွာမျှရှိသော ပလတ်စတစ် ရေပုံးငယ်အတွင်း နှစ်ကာ ဆေးလိုက်၏။ ထို့နောက် မည်သည့်အရောင်မှန်းမသိတော့သော လက်နှီးစုပ်ဖြင့် တစ်ချက်မျှ သပ်လိုက်လျှင်ပင် သန့်ရှင်းခြင်းအမှုကိစ္စ ပြီးလေတော့၏။
ထို့နောက် နောက်တစ်ပွဲသုတ်ရန်အတွက် အဒေါ်ကြီးမှာ ပန်းကန်ဆေးရေတို့ပေနေသည့် သူ့လက်ကို ခါးတွင်ဝတ်ထားသော လုံခြည်ဖြင့် ပယ်ပယ်နယ်နယ် သုတ်လေသည်။
(သို့အတွက်ကြောင့်ပင် သူ့အသုတ်မှာ ပိုစားကောင်းလေသလားမသိ။ ငံပြာရည်ပင် ထည့်စရာလိုမည်မဟုတ်လေ။)
ထို့နောက် ထို့နောက်တော့ ထိုပန်းကန်၊ ထိုရေ၊ ထိုလက်တို့ဖြင့်ပင် တစ်သုတ်ပြီး တစ်သုတ်ရောင်းလေသတည်း။

ဤသည်မှာ နေ့တဓူဝဖြစ်ပေလိမ့်မည်။
သူ့ဈေးသည်နှင့် သူ့ဖောက်သည် ဘာမှ ပြဿနာမရှိ။
ပြဿနာကား ကျွန်ုပ်ဖြစ်၏။

ရထားတစ်တွဲလုံး ခြေချစရာမျှမရှိလှအောင် ကြပ်နေလေရကား ကျွန်ုပ်မှာ တခြားသို့မသွားနိုင်ဘဲ ထို အသုတ်သည်နားမှာပင် နေရလေ၏။ ဆိုတော့ အသုပ်သည်အဒေါ်ကြီး လုပ်ကိုင်နေပုံများကို ကျွန်ုပ်မှာ ကမ္မဋ္ဌာန်းရှုသကဲ့သို့ အတိုင်းသား ရှုစားနေရလေ၏။ အသုပ်တွေသုပ်ပေးလိုက်၊ ပန်းကန်တွေ ဆေးလိုက်လုပ်နေပုံကိုကြည့်ရင်း ကျွန်ုပ်မှာ ပျို့အန်ချင်စိတ်များကို မနည်းထိန်းထား ရလေသော ဟူ၏။
အကယ်၍ အခြားရွေးစရာနေရာကလေးများ တစ်ခုတလေရလျှင် သူတို့နှင့်ဝေးအောင် ထိုနေရာသို့ မရောက်ရောက်အောင် သွားမိမည်အမှန် ဖြစ်လေသည်။

ထိုမျှသာမက မုန့်ဟင်းခါးသည်များနှင့်လည်း မကြာခဏဆိုသလို ပက်ပင်းတိုးတတ်သေး၏။
မုန့်ဟင်းခါးရောင်းသူများမှာ အမျိုးသားများဖြစ်၏။ သူတို့အဖွဲ့မှာ ၄ ယောက်ခန့်ရှိသည်။ တစ်ဦးက မုန့်ပြင်၊ နှစ်ဦးက လိုက်ရောင်း၊ ကျန်တစ်ဦးက ပန်းကန်ဆေး။
၎င်းတို့က မုန့်ဟင်းခါးနှင့် အဆာပလာများ၊ ဟင်းရေအိုး စသည်တို့ကို ကြိမ်ခြင်းကြီးအတွင်းထည့်ကာ လူများကို ကျော်ခွလျက် ရောင်းခြင်း ဖြစ်၏။
လူတွေကြားထဲ ကျော်ခွရောင်းတာဆိုတော့ ဟိုလူ့အပေါ်ကျော် ဒီလူ့အပေါ်ခွ။ ကန်တော့လေးဘာလေးတောင် ပြောဖော်မရ။ ကျွန်တော် အတော် တင်းလေသည်။ နောက်ပြီး သူတို့ဟင်းရေစက်များမှာ ဟိုလူ့ပေ၊ ဒီလူ့ပေ။
အခြားသူများကတော့ ဒီကိုတစ်ပွဲလောက်၊ ဒီမှာ သုံးပွဲပေးပါအုံး စသဖြင့် တပျော်တပါးကြီး။ ဟိုကမှာစား သည်ကမှာစားနှင့် ပွဲတော်ကြီးဖြစ်နေလေ၏။
ကျွန်ုပ်မှာမူကား ကျော်ခွသွားတာလည်း ခံရသေးသည်။ ဟင်းရည်စက်များကလည်း တခါတခါ လွင့်ပျံလာသေးသည်ဆိုတော့ တော်တော့်ကို အောင့်အည်းကာ သည်းခံရနေရလေ၏။ အနို့ သည်းမခံလို့ကလည်း မဖြစ်။ သူတို့က ၄ ယောက်၊ ကိုယ်က တစ်ယောက်တည်း။ တစ်ယောက်တစ်ယောက်ချင်း ချကြစတမ်းဆိုလျှင်ပင် မွေးကတည်းက မထွားခဲ့သောကျွန်ုပ်မှာ အခြား သူများနှင့် ယှဉ်လိုက်လျှင် တစ်ခြမ်းလောက်သာ ရှိလေရကား ခန္တီစ - မနိုင်၍သည်းခံခြင်းသည်လည်းကောင်း ဟူသော တရားကိုသာ တွင်တွင်ပွားများနေရလေသော ဟူသတတ်။

ကားပေါ် ရထားပေါ်၊ သင်္ဘောပေါ်၊ ကားဂိတ်၊ ဘူတာ စသည်တို့မှ အစားအသောက်များကို ဝယ်စားရန် ကျွန်ုပ်အား မတိုက်တွန်းပါ လေနှင့်။ အချည်းနှီးသာ ဖြစ်ပါလိမ့်မည်။ ငတ်လို့သာ သေချင်သေရမည်။ ထိုအစားအစာများကို စားသောက်ရန် ကျွန်ုပ် အနည်းငယ်မှ မသတီပါ။

ဤသို့ဆိုလိုက်သဖြင့် ကျွန်ုပ်ကို မြို့ကြီးပြကြီးမှ ၇ ထပ်တိုက်ပေါ်တွင် ရွှေဇွန်းကိုက်ကာ မွေးလာသူဟု မထင်လိုက်ပါလေနှင့်။
ကျွန်ုပ်ကို ဟို့တောစွန်တောင်ဖျား၊ ရခိုင်ရိုးမတောင်ခြေ၌ကပ်နေသည့် ဝါးတောကွင်းဟူသော ဇနပုဒ်ရွာကလေး၌ မွေးဖွားခဲ့တာ ဖြစ်၏။ (သောက်ကျိုးနဲ၊ တောကြိုအုံကြား မွေးခဲ့လို့ပေဘဲ။ ရန်ကုန်မှာသာ မွေးလို့ကတော့ . . . )

သို့သော်လည်း မွေးရာပါကြီးကျယ်လာတာကိုတော့ဖြင့် ကျွန်ုပ်ဘာမှ မတတ်နိုင်ပါလေ။

(၂)

သို့သော် အရာအားလုံးကို အချိန်၊ အရွယ်နှင့် အတွေ့အကြုံတို့က ကုစားပေးလိုက်၏။

ယခုတော့ဖြင့် ကျွန်ုပ်မှာ ငယ်စဉ်ကနှင့် လားလားမှမဆိုင်သူတစ်ယောက် ဖြစ်နေပြီဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် အံ့သြစွာ ရှာဖွေ တွေ့ရှိရလေ၏။

ရံဖန်ရံခါဆိုသလို ကျွန်ုပ် အများပြည်သူသုံး အိမ်သာများအတွင်း ဝင်ရပါသည်။ သို့တိုင် ယခင်ကကဲ့သို့သော အခြေအနေမျိုးကို ကြုံရစေကာမူ ငယ်စဉ်အခါကာလများကကဲ့သို့ သည်နေရာကို ငါ ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး ဟု မတွေးတတ်တော့ဘဲ အင်း၊ ဘာမှ မရှိသေးတာထက်စာရင် ဒါလေးရှိလို့ ဝိတ်ရှော့လို့ရတာ တော်သေးတာပေါ့ ဟု တွေးတတ်လာပါသည်။ ဤသည်မှာ အသက်က something is better than nothing. ဟု သင်ပေးလိုက်တာဖြစ်ပါသည်။ အသက်ကလေးရလာတော့ ယခင်ကလို ခေါင်းမမာနိုင်တော့။ သွားလို့ရတုံး သွားထားမှ ဟု "ယောနိသော မနသိကာရ" ရပါတော့သည်။

"ယောနိသော မနသိကာရ" ဆိုသည်ကို အသင့်အတင့် နှလုံးသွင်းတတ်ခြင်း ဟု ဘာသာပြန်ထားတာကို မှတ်သားရပါသည်။ အရာရာကို အဆိုးမမြင်တတ်ဘဲ ဖြစ်လာသမျှအခြေအနေကို လက်ခံနိုင်အောင် နှလုံးသွင်းခြင်း ဖြစ်၏။ အမှန်တကယ်ပင် ဤကဲ့သို့နှလုံးသွင်းနိုင်လျှင် နေရထိုင်ရ အတော်အဆင်ပြေတာကို တွေ့ရပါလိမ့်မည်။

သို့သော် "ယောနိသောမနသိကာရ" က "Something is better than nothing." ထက် ပိုကျယ်ပြန့်လိမ့်မည် ထင်ပါသည်။ ကျွန်ုပ် အသေအချာမသိပါ။

ခုနေခါ အထက်ပါကဲ့သို့သော အသုပ်သည်၊ မုန့်ဟင်းခါးသည်များကို ကျွန်ုပ်ဆုံဆည်းရပါမူ ထိုသူများကို ရွံရှာစရာသတ္တဝါများကဲ့သို့ မြင်မိတော့မည် မဟုတ်ပါ။ သြော် - သူတို့ခမျာမလည်း ပရိယေသန ဝမ်းစာရှာစားရတာ မလွယ်ပါလား ဟု မြင်မိမည် ထင်ပါသည်။ သို့မဟုတ် ဗိုက်အရမ်းဆာနေချိန် သူတို့ဆီမှ ဝယ်စားလိုက်ခြင်းဖြင့် အင်း၊ ဘာစားစရာမှမရှိတာထက်စာရင် တော်သေးတာပေါ့ ဟု ဖြေသိမ့်ချင် ဖြေသိမ့်နိုင်ပါလိမ့်မည်။ သို့တိုင် ညစ်တီးပတ်တတ်တွေကို အလွန်ရွံရှာတတ်သောကျွန်ုပ်အဖို့ သူတို့ မုန့်ဟင်းခါးကို စားဘို့ရာမှာ ကြီးစွာသော စိန်ခေါ်မှုတစ်ခုတော့ ဖြစ်နေပါလိမ့်ဦးမည်။

"ယောနိသော မနသိကာရ" တွင် "အကောင်းမြင်ဝါဒ (optimistic)" လည်း ပါမည်ထင်ပါသည်။ (ကျွန်တော်မှားချင်လည်း မှားပါမည်။) အရာရာကို အကောင်းမြင်ဝါဒဖြင့် ရှုမြင်၍မရနိုင်သော်လည်း (ဥပမာ - လူသတ်မှု၊ မုဒိန်းမှုတို့ကို မည်ကဲ့သို့ အကောင်းမြင်ရပါမည်နည်း။) ကိုယ်ဘာမှ မတတ်နိုင်သောအခြေအနေတွင် အဲလေ၊ ငါမှမတတ်နိုင်တာ။ ကုသိုလ်ကံပဲပေ့ါဟု ကံကို ပုံချလိုက်ခြင်းအားဖြင့် ကိုယ့်စိတ်ကိုယ် ဖြေနိုင်ပါသည်။ ဤသည်မှာ ကျွန်ုပ် ယခုကျင့်သုံးနေရသော တရားပင် ဖြစ်တော့၏။

တော်ရုံတန်ရုံအစားအသောက်များကို ကျွန်တော် ချေးမများတတ်ပါ။ သို့သော် တခါတခါ သူချက်ထားသည့် ဟင်းများကို စားရတာ အတော်အဆင်မပြေပါ။ Something is better than nothing. ဟူသည့်တရားကို နှလုံးသွင်းမိသည့်အခါတွင်မူ ငှယ်၊ ပိုက်ဆံ မကုန်ဘဲ အဆင်သင့်စားလို့ရတာပဲ ကျေးဇူးတင်ပါအုံးဟု သဘောပိုက်နိုင်လာသည်။ အဲလေ စားရတာ နည်းနည်းတော့ ကသိကအောက် နိုင်သပေါ့။

သားကိုတော့ -

"သား၊ ဒီကမ္ဘာပေါ်မှာ အာဟာရချို့တဲ့မှုကြောင့် တစ်နေ့ကို လူပေါင်း နှစ်သောင်းတစ်ထောင် သေနေကြရသတဲ့။ မင်းအခုလို ဒီဟာတွေစားနေရတာ အင်မတန်ကံကောင်းတယ် အောက်မေ့။ အဲဒီတော့ ဘာဘာညာညာတွေ ပြောမနေနဲ့ကွာ။ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စားသားစားလိုက်ပါ။"

- ဟု ဆုံးမပါသည်။ သို့သော် သူမကြိုက်တာကြီးကိုမူ အတင်းအကျပ် မစားခိုင်းပါ။

ထို့အတူပင် Netflix တွင်တင်မထားသောကြောင့် တချို့ရုပ်ရှင်များကို အလကားမတ်တင်း website များမှ ကြည့်ရ၏။ အလကားပါဆိုမှတော့ ဘယ် အရည်အသွေးကောင်းပါမတုံး။ ရုပ်ရှင်ပြနေတုံး ဗီဒီယို ခိုးရိုက်ထားတာကို ပြန်တင်ထားတာဆိုတော့ ခပ်ဝါးဝါးသာ မြင်ရသည်။ အောင်မယ် နောက်ခံစကားပြောတွေ၊ ပြိတ်သတ်ရီသံတွေတောင် ကြားနိုင်သေးသည်။ သို့သော်လည်း Something is better than nothing. ဝါဒအရ ဒီလောက်ကြည့်ရလဲ မဆိုးပါဘူးဟု သဘောထားနိုင်လာသည်။

ဤသည့်ဝါဒမှာ ကျွန်ုပ်တို့ငယ်စဉ်က တွေ့ခဲ့ရဖူးသည့် -

ရှိတာလေးနဲ့ ဝအောင်စား
ရတာလေးနဲ့ လှအောင်ဝတ်

ဟူသည့်ဝါဒနှင့်များ ဆင်တူနေမည်လားမဆိုနိုင်။

ဘာပဲပြောပြော Something is better than nothing. (ဘာမှမရှိတာထက်စာရင် ဒါလေးရှိတာ တော်သေးတာပေါ့) ဟူသော ဝါဒ မှာ နေရထိုင်ရ စိတ်လက်ပေါ့ပါးစေပါသည်။

မိတ်ဆွေများအားလည်း စမ်းသပ်ကျင့်သုံးကြည့်ကြပါရန် တိုက်တွန်းလိုက်ရပါသတည်း။

လူအချင်းချင်း ဗုံးထောင်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၅ ဇူလိုင်၊ ၂၀၁၉

(Photo Credit - https://wisdomheart.com/whats-better-than-nothing)