Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၊ ၂၀၂၂

တွေ့ဆုံဆွေးနွေးရေးရဲ့ အရိပ်အယောင်  

ဒီနေ့ သတင်းတွေထဲက အကြောင်းအရာတခုကတော့ AFP သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းဖြစ်ပါတယ်။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဟု မပြောနိုင်ကြောင်းနှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းထားသည့် နိုင်ငံများလည်းရှိကြောင်း သတင်းဌာနကို ပြောဆိုခဲ့တဲ့သတင်းဖြစ်ပါတယ်။  

ဒီသတင်းက စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက စစ်ကောင်စီဘက်က ပထမဆုံး ပြောဆိုမှုဖြစ်တယ်လို့ ဆိုရပါမယ်။ လက်ရှိအနေအထားမှာ တိုင်းပြည်ထဲမှာ လက်နက်ကိုင် တိုက်ပွဲတွေ အနှံ့အပြားဖြစ်ပွားနေသလို တရားဥပဒေစိုးမိုးမှုလည်း သိသာထင်ရှားစွာ လျော့နည်းလာနေပြီး လုယက်မှု၊ သတ်ဖြတ်မှု၊ ဓားပြမှုနဲ့ သဘာဝ သယံဇာတတွေ အထိန်းအကွပ်မရှိ တူးဖော် ထုတ်လုပ်မှုတွေ လည်း ဖြစ်ပွားနေတာ ဖြစ်ပြီး ကမ္ဘာမှာ ရိက္ခာအကြပ်အတည်း ငွေကြေးဖောင်းပွဲမှု လောင်စာစွမ်းအင် စျေးနှုန်းကြီးမြင့်မှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ အခက်အခဲ အကြပ်အတည်းကြုံရတော့မယ့် အရိပ်လက္ခဏာတွေ မြင်တွေ့နေရချိန်မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအကြပ်အတည်းက တပူပေါ် နှစ်ပူဆင့်ဆိုသလို အခြားနိုင်ငံတွေထက် အကျပ်အတည်း ပိုနက်ရှိုင်းစေမယ့် အနေအထားလည်း ဖြစ်ပါတယ်။  

သို့ပေမဲ့ တဘက်မှာလည်း အခုလို အချိန်ကာလမှာ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး စစ်အာဏာရှင် စစ်တပ်ကို အောက်ခြေမှစ အပေါ်ဆုံးထိ ဖျက်သိမ်းရေး ၊ စစ်ကောင်စီတပ် လက်နက်ချရေး သို့မဟုတ် စစ်ကောင်စီတပ် အပြုတ်တိုက်ရေး ကိုရည်မှန်းထားတဲ့ နိုင်ငံရေးစစ်ရေး အမြင်အယူအဆတွေလည်း လွှမ်းမိုးနေချိန် ဖြစ်ပါတယ်။  

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲ အနိုင်ရတဲ့ NLD ပါတီလက်ထဲက အာဏာကို သိမ်းယူခဲ့ပြီး ၄င်းတို့စိတ်တိုင်းကျ အခြေအနေအောက်မှာ ရွေးကောက်ပွဲပြန်လုပ်ကာ NLD အာဏာမရအောင် လုပ်ဆောင်ဖို့ရည်ရွယ်ပြီး စစ်အာဏာသိမ်းခဲ့ရာမှာ မျှော်လင့်မထားတဲ့ လက်နက်ကိုင် ခုခံမှု ပုန်ကန်မှု လက်တုံ့ပြန် လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့ရပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းက ဖြေရှင်းရခက်ခဲတဲ့ အခြေအနေမျိုးရောက်ရှိခဲ့တာ ဖြစ်ပါတယ်။  

စစ်အာဏာသိမ်းမှုဟာ စစ်အာဏာရှင်စနစ်ကို အမြစ်မှ ဖယ်ရှားချင်တဲ့နိုင်ငံရေး အမြင်ရှိသူတွေအဖို့ ဒီအချိန်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်မှ ဖယ်ရှားဖို့ အခွင့်ကောင်းအဖြစ် ရှုမြင်ကြပြီး လက်နက်ကိုင် တိုက်ခိုက်ရေး လမ်းကြောင်းကို အင်အားစုအများအပြားက ရွေးချယ်လာကြတဲ့အချိန်ဖြစ်ပါတယ်။ အဲသည် အခွင့်အလမ်းကို စုစည်းပြီး ဖက်ဆစ်စစ်တပ်ကို အောက်ခြေက လှန်ပြီး ဖယ်ရှားမယ်လို့ ရည်ရွယ်ထားကြတာ လည်းဖြစ်ပါတယ်။ လက်နက်ကိုင် လမ်းစဥ်ကို ဆယ်စုနှစ် ၇ ခု နီးပါး ကိုင်စွဲခဲ့ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စစ်မှန်တဲ့ဖက်ဒရယ်ကို ပန်းတိုင်အဖြစ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့တော့ ဖက်ဒရယ်အရေးက အဓိကဖြစ်ပြီး စစ်ကောင်စီတပ်အမြစ်ဖြတ်ရေး ဆိုတဲ့အနေအထားက တဖွဲ့ထည်း တစုတည်း စွမ်းဆောင်နိုင်တဲ့ အနေအထားမဟုတ်လို့ ဘုံရည်မှန်းချက်ကိုတော့ ထောက်ခံကောင်း ထောက်ခံကြမှာ မှန်ပေမယ့် ၄င်းတို့ဒေသမှာ ကိုယ်ပိုင်ပြဌာန်းခွင့် စစ်မှန်တဲ့ ဖက်ဒရယ် အခွင့်အရေးရဖို့က လက်တွေ့ကျတဲ့ ရည်မှန်းချက် ပန်းတိုင် ဖြစ်နိုင်ပါတယ်။  

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးဆိုတဲ့ ပြောဆိုမှုက သတင်းဌာနဘက်က အမေးရှိလို့ အဖြေရှိရတာ လတ်တလောမှာ ဖြစ်နိုင်တဲ့ အခြေအနေ အခင်းအကျင်းတွေ ရှိမနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။  

အကယ်၍ အဲဒီလိုမဟုတ်ဘဲ ဒီပြောဆိုမှုဟာ လတ်တလော ပြောင်းလဲလာတဲ့ နိုင်ငံရေး အနေအထားလို့ဆိုခဲ့ရင် NUG အနေနဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနိုင်ပြီး ဖြေရမယ့် မေးခွန်းတွေ ထွက်ပေါ်လာနိုင်ပါတယ်။  

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့မယ်ဆိုရင် ဘယ်လိုသဘောထားမလဲ၊ NUG အနေနဲ့ အဲဒီလို တွေ့ဆုံဆွေးနွေးမှုကို လက်ခံမှာလား၊ NUG ထဲ ပါဝင်နေတဲ့ အန်အယ်လ်ဒီမဟုတ်တဲ့ အခြားသော အင်အားစုတွေ တိုင်းရင်းသားလက်နက်ကိုင် အရပ်ဘက်အဖွဲ့အစည်းလိုမျိုးက ဘယ်လို သဘောထားမလဲ ၊ ဒေသအလိုက် ဖွဲ့စည်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြတဲ့ PDF အဖွဲ့တွေက ဘယ်လို သဘောထားမလဲ ၄င်းတို့ကို ဘယ်လို ရှင်းပြစည်းရုံးမလဲဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။  

ဒါတွေက ဖြစ်မလာသေးတဲ့ အခြေအနေတခုကို ပြောတာမို့လို့ မဖြစ်နိုင်တဲ့ အဖြစ်အပျက်အနေနဲ့ စဥ်းစားပြီး ခုအခါမှာ မဖြေလို့လည်း ရပေမယ့်လည်း အကယ်၍ ဖြစ်လာခဲ့တယ်ဆိုရင်တော့ အဲဒီလမ်းဆုံလမ်းခွရောက်ပြီး ရွေးချယ်ရမယ့် ရွေးချယ်စရာတွေ သဘောထားတွေက စဥ်းစားထားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar