Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် - In to the Comet – ကြယ်တံခွန်ထဲသို့


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) ဘာသာပြန် -   In to the Comet – ကြယ်တံခွန်ထဲသို့

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၉

Arthur C. Clarke (1917-2008) - Tales of Ten World — ဆယ်ကမ္ဘာ ဝတ္ထုများမှ

နိဒါန်း

ကြယ်တံခွန်များသည် အာကာသထဲတွင် လျှောက်သွားနေသော အရာဝတ္ထုများ ဖြစ်သည်။ ကြယ်တံခွန်တွင် အပိုင်း သုံးပိုင်း ပါဝင်သည်။ ၎င်းတို့မှာ နယူကလိယ (Nucleus) ဟု ခေါ်သော အလယ်ပိုင်း၊ အလင်းရောင်များ တောက်ပနေသော ခေါင်း (Head or Coma) နှင့် အမြီး (Tail) တို့ ဖြစ်ကြသည်။ ခေါင်းပိုင်းသည် အရှေ့ဘက်မှစ၍် အလယ်ပိုင်းတခုလုံးကို ဖုံးအုပ်ထားသည်။

ကြယ်တံခွန်၏ ထုထည်ပမာဏသည် တော်တော်ကြီးသော်လည်း အလေးချိန်သည် တော်တော် ပေါ့သည်။ ကြယ်တံခွန်၏ အရှေ့ပိုင်း ဖြစ်သော ခေါင်းသည် အဝန်းအားဖြင့် မိုင် တသောင်းမှ နှစ်သိန်းလောက်အထိ ရှိနိုင်သည်။ အမြီးပိုင်း၏ အလျားသည် ပြောင်းလဲနေသည်။ အမြီးသည် နေနှင့်နီးလျှင် ပို၍ရှည်လာသည်။ နေနှင့် အနီးဆုံးအချိန်တွင် အမြီးသည် အရှည်ဆုံး ဖြစ်သည်။ အမြီးသည် နေရှိသောဘက်၏ ဆန့်ကျင်ဘက်ကို လှည့်သည်။ ဤသို့ ဖြစ်ရြခင်းအကြောင်းမှာ နေမှ အလင်းရောင်သည် တွန်းအား (Pressure) သည် ဆွဲငင်အား (Force of Gravitation) ၏ ဆန့်ကျင်ဘက်သို့ အရာဝတ္ထုများကို တွန်းပို့သောကြောင့် ဖြစ်သည်ဟု အဲ(လ)ဘယ်အိုင်းစတိုင်း (Einstein) က ဆိုသည်။

ကြယ်တံခွန်အလယ်တွင် ရေခဲတုံးများ ရှိသည်။ နေနှင့် နီးလာသောအခါတွင် ယင်းရေခဲတုံးများ သည် အငွေ့ပြန်သွားသည်။ နေနှင့် နီးကပ်လာသောအခါ အမြီးသည် ကြယ်တံခွန်သွားသော ဦးလှည့်ဘက်၏ ဆန့်ကျင်ဘက်တွင် ရှိသည်။ ကြယ်တံခွန်သည် နေမှ ဝေးသောအခါ၊ အမြီး သည် ရှေ့ရောက်သွားသည်။ နေနှင့် ဝေးသောအခါ အမြီးသည် တဖြည်းဖြည်း တိုသွားသည်။ နောက်ဆုံးတွင် အမြီး လုံးဝမရှိတော့ပါ။

ဤဝတ္ထုတွင် သိပ္ပံပညာရှင်တစုသည် ကြယ်တံခွန်တခု၏ အမြီးအတွင်းကို ဒုံးပျံဖြင့် ဝင်သွားပြီး ပြန်ထွက်ဖို့ အခက်အခဲ ဖြစ်နေသည့်အကြောင်း ဖြစ်သည်။

(အစ)
ဂျော့ပစ်ကက် (George Pickett) သည် စကားပြော မိုက်ကရိုဖုန်းထဲသို့ ဖြည်းညင်းစွာ ပြောနေ သည်။

“ကျွန်တော် ဂျော့ပစ်ကက် သတင်းပို့နေပါတယ်။ ကျွန်တော်ဟာ အခုလို ဘာမှ မထူးတော့တဲ့ အခြေအနေမှာ ဘာကြောင့် သတင်းပို့နေသလဲ ဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါ တယ်။ ကျွန်တော်ဟာ အခုလို ဘာမှ မထူးတော့တဲ့ အခြေအနေမှာ ဘာကြောင့် သတင်းပို့နေ သလဲ ဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ကျွန်တော် အခု ပြောတာတွေကို ဘယ်သူမှလည်း ကြားမှာ မဟုတ်ပါဘူး။ ဒီကြယ်တံခွန်ဟာ ကျွန်တော်တို့ကို ကမ္ဘာဆီကို ပြန်ပို့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ခရီးက နှစ်ပေါင်း နှစ်သန်းလောက် ကြာပါလိမ့်မယ်။ ကမ္ဘာကို ရောက်တဲ့အချိန်မှာ ဒုံးပျံကတော့ မပျက်စီးဘဲ ကျန်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ရှိမှာ မဟုတ်တော့ပါဘူး”

“ကျွန်တော်တို့ရဲ့ အဖြစ်ကတော့ ရင်းဒေါကြယ်တံခွန် (Raudall’s Comet) ရဲ့ အလယ်မှာ ပိတ်မိ နေကြတာ ဖြစ်ပါတယ်။ ‌ပြောရရင် ရေခဲပင်လယ်ထဲမှာ မျောနေသလိုပါပဲ။ မီးခိုးရောင် ရေခဲတုံး ကြီးတွေဟာ ကျွန်တော်တို့ရဲ့ဘေးမှာ လည်ပတ်နေကြပါတယ်။ တခါတရံ ပေါက်ကွဲသံတွေ ကြားရပါတယ်။ အကြောင်းကတော့ ရေခဲတွေထဲမှာ ဓာတ်ငွေ့တွေ ရှိလို့ ဖြစ်ပါတယ်။ ပေါက်ကွဲ တဲ့အခါမှာ အလွန်တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပါတယ်။ ကျွန်တော်တို့ဟာ မီးပန်း တွေ၊ ဗြောက်အိုးတွေ ပေါက်ကွဲတဲ့ကြားမှာ နေနေရသလိုပါပဲ။ အမြင်အားဖြင့်တော့ တော်တော် လှပါတယ်။ ဒါပေမဲ့ အဲဒါတွေဟာ ကျွန်တော်တို့ကို သေလမ်းပို့မယ့်ဟာတွေ ဖြစ်နေပါတယ်။ ကျွန်တော်တို့မှာ လွတ်ဖို့လမ်း မရှိပါဘူး”

*

လွန်ခဲ့သော ခြောက်လက…

ဂျော့ပစ်ကက်ကို ချယ်လင်ဂျာ (Challenger) အမည်ရှိ ဒုံးပျံယာဉ်နှင့် လိုက်ပါသွားရန် ရွေးချယ်ခဲ့ သည်။ သိပ္ပံပညာရှင်တစုသည် ရင်းဒေါ၏ ကြယ်တံခွန်ကို ဘယ်သူမှ အနီးကပ် မမြင်ဖူးသေး ပါ။ ထိုကြယ်တံခွန်သည် ကမ္ဘာနားသို့ နှစ်ပေါင်း နှစ်သန်းတွင် တကြိမ်သာ ရောက်လာလေ့ရှိ သည်။

ဂျော့ပစ်ကက်သည် ထိုအဖွဲ့တွင် ပါဝင်ရန် အရွေးခံရသည်ကို ဂုဏ်ယူလျက် ရှိသည်။ သူသည် သတင်းထောက် ဖြစ်သည်။ သူ၏အလုပ်မှာ ထိုခရီးတွင် လိုက်ပါသော သိပ္ပံပညာရှင်အားလုံးနှင့် တွေ့ဆုံဆွေးနွေးပြီး ကမ္ဘာသို့ သတင်းပြန်ပို့ရန် ဖြစ်သည်။ ထိုအလုပ်အပြင် အခြားအလုပ်များ လည်း ရှိသေးသည်။ သူသည် ပစ္စည်းစာရင်းနှင့် ငွေစာရင်းများကိုလည်း တာဝန်ယူရသည်။ နေ့စဉ် သူသည် အလုပ်နှင့်လက် မပြတ် အားချိန်မရှိ၊ အလုပ်လုပ်ရသည်။

*

ယခုတော့ သူ့မှာ အားချိန်တွေ များလွန်းနေပြီ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ သည် လုပ်ရိုးလုပ်စဉ်အတိုင်း ပစ္စည်းစာရင်းများ ပြုစုသည်။ သူ၏ စာရင်းများကို ကွန်ပျူတာ တွင် စစ်ဆေးကြည့်သည်။ ကွန်ပျူတာ ဖန်သားပေါ်တွင် ပေါ်လာသော ကိန်းဂဏန်းများ မှားနေ သည်ကို တွေ့ရသည်။ နည်းနည်းလောက် မှားခြင်း မဟုတ်။ တော်တော်မှားနေသည်။ သူ နောက်တကြိမ် ပြန်၍တွက်ကြည့်သည်။ ကလေးတောင် တွက်တတ်သော အပေါင်း အနုတ် ပုစ္ဆာ လေး ဖြစ်သည်။ ခရီးမထွက်မီက ပါလာသော ဆီသွတ်ဘူး အရေအတွက် = ၆၀၊ ယခုအထိ စားသုံးခဲ့သော အရေအတွက် = ၁၇။ ထို့ကြောင့် ကျန်ရှိသော အရေအတွက်ကို ကလေးတောင် တွက်နိုင်ပါသည်။ သို့သော် ကွန်ပျူတာက ပေးသော အဖြေမှာ ၉၉၇၄၈၈ ဖြစ်နေသည်။

ဘယ်လို ဖြစ်တာလဲ။

သူသည် ကွန်ပျူတာပိုင်းဆိုင်ရာ တာဝန်ခံ ဒေါက်တာမာတင်း (Dr. Martens) ကို မေးဖို့ ဆုံးဖြတ် လိုက်သည်။ ဒေါက်တာမာတင်းသည် ကွန်ပျူတာကို စစ်ဆေးကြည့်သည်။ စစ်ဆေးတိုင်း မှားယွင်းသော အဖြေ များကိုသာ ပေးသည်။

“ဒီကွန်ပျူတာ ရူးသွားပြီ။ ဒီစက်ဟာ ကလေးတောင် တွက်တတ်တဲ့ အပေါင်း အနုတ်တောင် မလုပ်တတ်တော့ဘူး” ဟု ဆိုလိုက်သည်။

“ဒါဆိုရင် ပြင်လိုက်ပေါ့ဗျာ” ဟု ပစ်ကက်က ပြောလိုက်သည်။

မာတင်းက ခေါင်းခါပြီး ပြောလိုက်သည်။

“ပြင်လို့ မရတော့ဘူး။ သူက ဂဏန်းတေွ အားလုံးရော ရှုပ်သွားပြီ။ ဘာမှ မလုပ်တတ်တော့ဘူး”

“ဒီတော့ ဘယ်လိုလုပ်ကြမလဲ” ဟု ပစ်ကက်က မေးသောအခါ ဒေါက်တာမာတင်းက ဤသို့ ပြန်ဖြေလိုက်သည်။

“ကွန်ပျူတာမရှိရင် ကျွန်တေ်ာတို့ အားလုံး သေတာနဲ့ အတူတူပဲ။ ဒီကြယ်တံခွန်ထဲကနေ ထွက်ဖို့ က ကွန်ပျူတာကိုပဲ အားကိုးရမှာ။ ကွန်ပျူတာ မရှိရင် ဒီထဲက ထွက်လို့မရဘူး။ ထွက်လို့မရရင် ကမ္ဘာကို မရောက်နိုင်တော့ဘူး။ ဒီကြယ်တံခွန်ထဲမှာ ပိတ်မိနေပြီ”

ဒုံးပျံယာဉ်မှူးသည် လူများကို အစည်းအဝေး ခေါ်ပြီး အခြေအနေကို ရှင်းပြသည်။ သူတို့သည် ဒီ ကြယ်တံခွန်ထဲမှာပဲ သေရတော့မည့်အဖြစ်သည် ယုံနိုင်ဖွယ် မရှိချေ။ သို့သော် သူတို့သည် အလုပ်များကို မပျက်မကွက် ဆက်လုပ်နေကြသည်။

*

ပစ်ကက်သည် သူ့ဘေးရှိ ရေခဲတုံးများကို ကြည့်၍ စဉ်းစားနေသည်။ ဒီအတိုင်းဆိုလျှင် ကြာသပတေးဂြိုဟ်ကို ဖြတ်သည့်အချိန်တွင် သူတို့ အသက်ရှင်ဦးမည်လား၊ သူသည် ကြာသပတေးဂြိုဟ်၏ လများကို အနီးကပ် ကြည့်ချင်သေးသည်။ လများသည် ကြာသပတေး ဂြိုဟ်ကို ပေသီးလေးများပမာ လှည့်ပတ်နေသည်။

ပေသီး… ဒါဆိုရင် သူ တခု စဉ်းစားမိသည်။ ကွန်ပျူတာကို သူတို့ ဘာကြောင့် အားကိုးရ သနည်း။ ကွန်ပျူတာသည် သာမန်လူထက် အလွန်မြန်ဆန်စွာ တွက်ချက်နိုင်သောကြောင့် ဖြစ် သည်။ ကွန်ပျူတာ၏ တွက်ချက်မှုများကို အားကိုး၍ သူတို့ ဒီကြယ်တံခွန်ဆီသို့ အရောက်လာ နိုင်ခဲ့သည်။ ကွန်ပျူတာ၏ တွက်ချက်မှုများကို အားကိုး၍ ဒီကနေ ထွက်နိုင်အောင် လုပ်ရမည် ဖြစ်သည်။ ဤသို့ဆိုလျှင်… ပစ်ကက်သည် တခု စဉ်းစားမိသည်။ သို့သော် သူ့ထက် တတ်သော သိပ္ပံပညာရှင်များကို သူ့အကြံ သွားပြောလိုက်လျှင် ရယ်စရာ ဖြစ်နေမှာလား၊ သူ့ထက်တော်တဲ့ သိပ္ပံနဲ့ သင်္ချာပညာရှင်ကြီးတွေကို သူက ဆရာလုပ်လို့ ဖြစ်ပါ့မလား။ ဤအတွေးများဖြင့် ပစ်ကက်သည် သုံးရက်လောက် နေခဲ့သည်။ နောက်ဆုံး မျှော်လင့်ချက် မရှိတော့သည့်နောက် ရေနစ်သည့်လူ ကောက်ရိုးလေးကို ဆွဲသကဲ့သို့ ဒါကိုပဲ လုပ်ကြည့်မယ်။ ဘာအရှုံးရှိမည်လဲ၊ အလွန်ဆုံး သေရုံပဲ ရှိတာပေါ့။ နောက်ဆုံးတွင် ပစ်ကက်သည် သူ၏အကြံဉာဏ်ကို ပြောရန် ဆုံးဖြတ်လိုက်သည်။

ပစ်ကက်သည် ဒုံးပျံယာဉ်မှူး မာတင်းကို သစ်သားပေသီးလေးများနှင့် ဝါယာကြိုးများဖြင့် ပြုလုပ်ထားသော ပစ္စည်းတခုကို ပြလိုက်သည်။

“ဒါ ဘာလဲ”ဟု မာတင်းက မေးလိုက်သည်။

“အဲဒါ ကျွန်တော့်အဘွားက လက်ဆောင်ပေးခဲ့တဲ့ ပစ္စည်း။ သူက ဂျပန်လူမျိုး။ ဒီပစ္စည်းမျိုးဟာ အခုတော့ ရှေးဟောင်းပြတိုက်မှာပဲ ရှိလိမ့်မယ်။ ရှေးက မိုးပျံပူဖောင်းတွေထက်တောင် ရှေးကျ သေးတယ်။ ကျွန်တော်ကတော့ အဘွား ပေးတဲ့ ပစ္စည်းမို့လို့ ဂရုတစိုက် သိမ်းထားတာ။ ကျွန်တော် တယောက်တည်း ဆိုရင် သုံးလည်း သုံးပါတယ်”

“ကျွန်တော် တခါမှ မတွေ့ဖူးဘူး၊ ဘာလုပ်လို့ရလဲ”

“ဂဏန်းသင်္ချာနဲ့ ပတ်သက်တဲ့ ပုစ္ဆာတွေကို မြန်မြန်တွက်နိုင်တယ်”

“ကွန်ပျူတာထက် မြန်သလား”

“ကွန်ပျူတာလောက်တော့ မမြန်ပါဘူး။ ဒါပေမဲ့ တော်တော်မြန်ပါတယ်။ မယုံရင် စမ်းကြည့်ပါ”

“ဒါဆိုရင် ၈၅၆ နဲ့ ၄၃၇ နဲ့ မြှောက်စမ်း”

ပစ်ကက်သည် ပေသီးများကို ကိုင်ပြီး စက္ကန့်အနည်းငယ်အကြာတွင် ၃၇၄၀၇၂ ဟု အဖြေပေး လိုက်သည်။

မာတင်းသည် စာရွက်နှင့် ခဲတံကိုယူ၍ တွက်ကြည့်သည်။ ပထမအကြိမ်တွင် အဖြေမကိုက်ပါ။ ဒုတိယအကြိမ် တွက်တော့မှ အဖြေကိုက်သွားသည်။

“အင်း.. အေး… တယ်ဟုတ်ပါလား။ ဂဏန်းတွေ စားလို့ကော ရလား”

ပစ်ကက်သည် အစားပုစ္ဆာများကိုလည်း တွက်ပြသည်။

“အင်း… ပေသီးဟာ တကယ် အံ့ဩစရာတော့ အမှန်ပါပဲ။ ကွန်ပျူတာကို မမီပေမယ့် တော်တော်တော့ စွမ်းသားပဲ။ ဒါပေမဲ့ ကွန်ပျူတာ ဆိုတာက ဂဏန်းတွက်တာ တခုတည်း မဟုတ်ဘူးလေ။ အခြားအလုပ်တွေ ရှိသေးတယ်”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် နားလည်တာကို ပြောရရင် အိုက်စက်အာစီမော့ (Issac Asimov) တို့ အာသာစီကလာ့ (Arthur C. Clarke) တို့ ရေးတဲ့ ဆောင်းပါးတွေကို ဖတ်ဖူးပြီး လူပြိန်းတယောက်အနေနဲ့ အခုလို နားလည်ပါတယ်။ မဟုတ်ရင်လည်း ပြောပါ။ ကွန်ပျူတာ ဆိုတာက ဘိုင်နရီသင်္ကေတ (binary notations) တွေ ဖြစ်တဲ့ 001, 010, 011, 100, 101, … စတာတွေကို အဓိပ္ပာယ်ဖော်ပြီး အဲဒီအဓိပ္ပာယ် သတ်မှတ်ချက်တွေကို ကီးဘုတ် (Keyboard) ပေါ် တင်ထားတာ။ ဥပမာ- 001 ဆိုတာ A 010 ဆိုတာက B စသည်ဖြင့်ပေါ့ဗျာ။ အကယ်၍ ပေသီးရဲ့ အနေအထားတွေကိုလည်း ကိုယ် လိုရာအဓိပ္ပာယ် သတ်မှတ်ပြီး အဲဒီပေသီးတွေကို ရွှေ့ရင် ဒါဟာလည်း ကွန်ပျူတာတမျိုး ဖြစ်လာမှာပေါ့။ ဒါ ဖြစ်နိုင်၊ မဖြစ်နိုင်တော့ ကျွန်တော် မသိဘူးနော်။ သိပ္ပံပညာရှင်တွေ၊ သင်္ချာပညာရှင်တွေ၊ အင်ဂျင်နီယာတွေကို မေးကြည့်ပေါ့။ မဖြစ်နိုင်ရင်တော့လည်း သေရုံအပြင် ဘာမှ မဖြစ်ပါဘူး”

မာတင်းက ရယ်လိုက်သည်။ ရယ်ရင်း ဤသို့ ပြောလိုက်သည်။

“ခင်ဗျား ပြောတာကို ပြောကြည့်မယ်လေ။ သူတို့က ကျွန်တော့်လိုပဲ ရယ်ချင် ရယ်ကြမှာပေါ့။ ဒါပေမဲ့ ပြောကြတာပေါ့။ သူတို့တွေကို ဒီအချိန်ကစပြီး ပေသီးလေးတွေနဲ့ ကစားရမယ်လို့ ပြော လိုက်ရင် တော်တော်အံ့ဩသွားမှာပဲ”

ဒုံးပျံယာဉ်မှူးသည် အားလုံးကို အစည်းအဝေး ခေါ်၍ ပစ်ကက်အား ပေသီးအကြောင်းကို ရှင်းပြခိုင်းသည်။ ရှင်းပြပြီးသည့်နောက် ပစ်ကက် အကြံပြုသော အစီအစဉ်ကို ရှင်းပြသည်။

အစပိုင်းတွင် ထိုအစီအစဉ်အပေါ် မယုံကြည်ကြပါ။ သို့သော် အခြား ဘာမှလုပ်စရာ မရှိသည့် အတူတူ စမ်းကြည့်ရန် ဆုံးဖြတ်ကြသည်။ အင်ဂျင်နီယာများသည် လူနှစ်ဆယ်အတွက် ပေသီး ကိရိယာ (Abacus) အခု နှစ်ဆယ် ဆောက်လုပ်ကြသည်။ ပြီးသည့်နောက် ပေသီးဖြင့် ဂဏန်း တွက်နည်းသင်တန်းများ ပေးသည်။ ပေသီးဖြင့် ဂဏန်းတွက်ရာတွင် ကျွမ်းကျင်သွားသောအခါ ပေသီး၏ နေရာ အနေအထား တစ်မျိုးစီအတွက် အဓိပ္ပာယ် သတ်မှတ်ပေးသည်။ ဘယ်သူက ဘာလုပ်ရမည်ကို ညွှန်ကြားပေးသည်။

သူတို့ လုပ်နိုင်ရန် တော်တော်လေ့ကျင့်ခဲ့သည်။ နောက်ဆုံးအသင့် ဖြစ်သည်။

ဒုံးပျံယာဉ်မှူးသည် သူ ရရှိသော အချက်အလက်နှင့် ကိန်းဂဏန်းများကို ပေသီး ကိုင်ထားသော လူနှစ်ဆယ်ကို ပေးသည်။ လူနှစ်ဆယ်သည် ဆယ်ယောက်စီ အုပ်စု နှစ်စုခွဲ၍ အလုပ်လုပ်ကြ သည်။ ပေသီး မကိုင်သောသူများကလည်း ပေသီးဖြင့် အလုပ်လုပ်သူများ၏ အဖြေများကို စုစည်း၊ အဓိပ္ပာယ်ဖော် သရုပ်ခွဲကြသည်။

အုပ်စုနှစ်စုမှ ရရှိသော အဖြေများကို တူ၊ မတူကို အဖွဲ့တဖွဲ့က စစ်ဆေးပေးသည်။ အချုပ်ပြောရ လျှင် အားလုံးသည် ကွန်ပျူတာကြီးတလုံးပမာ အလုပ်လုပ်ကြသည်။

*

ပစ်ကက်သည် ဤကဲ့သို့ သတင်းပို့လိုက်သည်။

“ကျွန်တော်တို့ဟာ လူအင်အားနဲ့ ပေသီးကို စုပေါင်းပြီး ကွန်ပျူတာတလုံးကို ဆောက်လိုက်ပါ တယ်။ ကျွန်တော်တို့ဟာ ဒီကြယ်တံခွန်ထဲက ထွက်နိုင်ပါပြီ။ ဒါပေမဲ့ ကမ္ဘာဆီကိုတော့ ရောက် အောင် မလာနိုင်ပါဘူး။ ဒါပေမဲ့ ကမ္ဘာနဲ့ ရေဒီယို အဆက်အသွယ်လုပ်နိုင်တဲ့ နေရာလောက်ထိ တော့ ရောက်ပါလိမ့်မယ်”

ဒီအခါမှာ ကမ္ဘာက ကွန်ပျူတာတွေရဲ့ လမ်းပြမှုနဲ့ ကမ္ဘာကို ပြန်လာနိုင်ပါလိမ့်မယ်”

“ကြယ်တံခွန်ထဲက ထွက်လာပြီးရင် ဟော… ဒီရေခဲတုံးတွေကြား လွတ်တော့မှာ ဖြစ်ပါတယ်။ ရေခဲ ဆိုရင်တော့ ဆလန်ပါပဲဗျာ။ ကမ္ဘာကို ပြန်ရောက်ရင်တော့ ရေခဲမုန့်တောင် စားချင်စိတ်ရှိ မှာ မဟုတ်တော့ပါဘူး”