Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၃ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဩဂုတ် ၃ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၂


စစ်ကိုင်းတိုင်းထဲက နေအိမ်မီးရှို့ မှုနဲ့ သတ်ဖြတ်ခံရမှုတွေ ဆက်ဖြစ်ဆဲ၊ ပလက်ဝက ကျောင်းသား၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်းထဲက ရေဦးမြို့နယ် တင်းတိမ်ရံ ကျေးရွာပြီးခဲ့တဲ့ ရက်ပိုင်းမှာ မီးရှို့ခံရသလို ခုရက်ပိုင်းမှာတော့ မြင်းမူမြို့နယ်၊ လက်ပံကျင်းရွာက စျေးဆိုင်တွေနဲ့ နေအိမ်တွေ ကားတချို့ကို မီးရှို့ဖျက်ဆီးခံရပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နဲ့ ၄င်းတို့ကို ကူညီသူ ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ကျေးရွာသား ၁၀ ဦးထက်မနည်း သတ်ဖြတ်ခဲ့တယ်လို့ ကျေးရွာကနေ စစ်ကောင်စီတပ်တွေ ထွက်ခွာပြီးနောက် အဖြစ်အပျက်နဲ့ ပတ်သက်လို့ ထပ်မံသိရှိလာရတာ ဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ကျေးရွာတွေရဲ့  ၅၀ ရာနှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားနိုင်ပြီဆိုတဲ့ NUG ဘက်က ထုတ်ပြန်ချက်တွေ ပြောဆိုချက်တွေ ရှိနေချိန်မှာပဲ အခုလို ကျေးရွာတွေထပ်မံ မီးရှို့ခံရ ကျေးရွာသူ ကျေးရွာသားတွေ သတ်ဖြတ်ခံနေရဆဲ ဖြစ်ပါတယ်။ မြေပြင်မှာ အမှန်တကယ် ဘယ်လို ဖြစ်ပျက်နေသလဲ ကျေးရွာတွေရဲ့ ဘယ်လောက်ရာနှုန်းက PDF တပ်ဖွဲ့တွေ ကာကွယ်ထားနိုင်သလဲဆိုတဲ့ ခိုင်မာတဲ့ အချက်အလက်တွေ မသိရှိနိုင်သေးသလို စိုးမိုးထားတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က မရှင်းမလင်းဖြစ်နေတဲ့ သဘောဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေ ဝင်လာရင် PDF တွေအနေနဲ့ ရှောင်ပေးရတဲ့ အခြေအနေမျိုး ကျေးရွာတွေကို မဖျက်ဆီးနိုင်အောင် လူထုကို မဖမ်းဆီးနိုင်အောင် မသတ်ဖြတ်နိုင်အောင် ကာကွယ်နိုင်တဲ့ အခြေအနေမျိုး မဟုတ်သေးတာ သတင်းတွေကို ဖတ်ရှုကြည့်ရင် ခန့်မှန်းနိုင်ပါတယ်။ 

အရင် သီတင်းပတ်နဲ့ ခုသီတင်းပတ်မှာ ရေဦး၊ မြင်းမူစတဲ့ မြို့နယ်တွေက ကျေးရွာတွေဆီ စစ်ကောင်စီ စစ်ကြောင်းတွေ ဝင်ရောက်ပြီး ဒေသခံတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာ နေအိမ်၊ စျေးဆိုင်တွေ မီးရှို့တာတွေ လုပ်နေတာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း သတင်းအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ကပ်လျက်ရှိတဲ့ ချင်းပြည်နယ် ပလက်ဝဒေသက ကျောင်းသားလူငယ်တွေ ကျောင်းသွားတဲ့ စက်လှေကို စစ်ကောင်စီဘက်က တပ်က ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ပြီး အခြားကျောင်းသား ၂ ဦးနဲ့ ကျောင်းဝန်ထမ်း ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ ပလက်ဝဒေသမှာ အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေပြီး အဲဒီစက်လှေ ပစ်ခံရချိန်မှာတော့ တိုက်ပွဲဖြစ်ပွားနေတာမဟုတ်ဘူးလို့ အေအေဘက်က ထုတ်ပြန်ထားပါတယ်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ပြီး အရှိန်မြင့်လာနိုင်ခြေလည်း ရှိနေပါတယ်။ စစ်ပွဲတွေက ကချင်ပြည်နယ်က စလို့ တနင်္သာရီတိုင်း အထိ နယ်တွေ ကျေးရွာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပြီး နေ့စဥ် အရပ်သားသေဆုံးမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ သတင်းတွေထဲ အရပ်သား တဦး၊ ၂ သေဆုံးတာဟာ ထူးဆန်းတဲ့ သတင်းမဟုတ်တော့တဲ့ သဘောဖြစ်လာပြီး အရပ်သား ၁၀ ဂဏန်းမျှ သေဆုံးတဲ့သတင်းတောင်မှ ဖြစ်ပျက်ခဲတဲ့ ဖြစ်ရပ်လို မမြင်ကြတော့လောက်အောင် အပြစ်မဲ့တဲ့ လူ့အသက်တွေ သေဆုံးနေကြရတာ ဖြစ်ပါတယ်။ 

ဒီလို အခြေအနေမှာ ကမ္ဘာမှာလည်း ယူကရိန်း-ရုရှားစစ်ပွဲတင်မကပဲ အရှေ့အာရှရဲ့ တရုတ်ပြည်နဲ့ ထိုင်ဝမ်တို့မှာ စစ်ရေးအရ လက်တုံ့ပြန်မလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာနေတာလည်း ဖြစ်ပါတယ်။ အာဆီယံအနေနဲ့တော့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေပြီး အဲဒီအစည်းအဝေး တက်ဖို့ လာရောက်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ နေပြည်တော်ကို ခရီးတထောက်ဝင်ရောက်ပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး အပြင် စစ်ကောင်စီ ခေါင်းဆောင် နဲ့ပါ အလုပ်သဘောတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေနဲ့ သံတမန်ရေး အဆင့်နှိမ့်ချမှုတွေ လုပ်ဆောင်နေကြချိန် မှာ မြန်မာစစ်ခေါင်းဆောင်တွေက ရုရှားနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ကိစ္စကိုကြိုးစားနေတာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်မှုက စစ်ကောင်စီအဖို့ လက်နက်ရရှိဖို့ ၊ ကုလသမဂ္ဂလိုနေရာမှာ ဗီတိုအာဏာနဲ့ အကာအကွယ်ပေးဖို့ စစ်တပ်က ပညာသင်တွေ စေလွှတ်ဖို့ နောက်တဆင့် ရေနံလောင်စာဆီစျေး မကြုံဖူးအောင် မြင့်တက်လာတဲ့အခြေအနေမှာ ရုရှားထံက စျေးသက်သာစွာဝယ်ယူခွင့်ရရှိဖို့ စတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ မေလဆန်းက စတင်ပြီး စစ်ကောင်စီက ဖိတ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို SSPP/SSA ရှမ်းလက်နက်ကိုင် အဖွဲ့က တက်ရောက်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေက RCSS ၊ KNU/ KNLA PC မွန်ပြည်သစ်ပါတီ၊ လားဟူ လက်နက်ကိုင် အဖွဲ့ စတဲ့အဖွဲ့တွေ တဖွဲ့ချင်းစီ နေပြည်တော်ကို လာရောက်ခဲ့ပေမယ့်လည်း SSPP/SSA က စစ်စခန်း ၃ ခု ဆုတ်ပေးဖို့ စစ်ကောင်စီက တောင်းဆိုထားမှု နဲ့ပတ်သက်လို့ မပြေလည်မှုတွေ ရှိနေပြီး နှောင့်နှေးခဲ့ရာက ဒီနေ့မှာ တက်ရောက်လာတာ ဖြစ်ပါတယ်။ 

လက်ရှိမြန်မာနိုင်ငံရဲ့ ကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ လက်နက်ကိုင် ပဋိပက္ခရဲ့ အကျိုးဆက်အသက်ဆုံးရှုံးမှုတွေ၊ ကျေးရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာတွေ၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာ သို့မဟုတ် လက်နက်ကိုင်အဖွဲ့တွေက လုယက်ယူဆောင်ခြင်းခံရတာ၊  ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ နေ့စဥ်လိုလို ဖြစ်ပွားနေပြီး သတင်းတွေကို ကြည့်ရှုရင်းနဲ့တောင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်တဲ့အထိ နေ့စဥ်ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ဒီအခြေအနေ ဘယ်လောက်ထိ သက်ဆိုးရှည်ဦးမလဲဆိုတာတော့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်နေကြတဲ့ သူတွေအပေါ်မှာ မှီတည်နေတာ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar