Breaking News

မောင်ရစ် - ကျောင်းနေပျော်ဖို့သာ စဉ်းစားရင် မကောင်းလား

Photo - Irrawaddy News

မောင်ရစ် - ကျောင်းနေပျော်ဖို့သာ စဉ်းစားရင် မကောင်းလား

(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၂၀

ကျောင်းဆရာ စာရေးဆရာ မိသားစုထဲက ကြီးပြင်းလာတော့ တခုခုဆို စာသင်ဖို့ စာရေးဖို့ပဲ အရင်စဉ်းစားတယ်။ ကွန်ပျူတာလေး ခြောက်ချီးခြောက်ချက် ပြင်တတ်တာနဲ့ ထမင်းလေး ဆွပ်ပြုတ်လေး စားနေရပေမယ့် အလုပ်မရှိရင် နောက်ဆုံးတနေ့ စာသင်စားမယ်၊ စာရေးစားမယ်လို့ပဲ တွေးမိပါတယ်။ စျေးရောင်းတဲ့ဘက္ကရောင်းရှိသူတွေလိုပေါ့ သူတို့လည်း နောက်ဆုံးတနေ့ လုပ်စရာမရှိရင် စျေးပန်းခေါင်းရွက်ပြီး စျေးရောင်းစားမယ်လို့ပဲ ပြောတတ်ကြပါတယ်။ လက်နက်ကိုင်ထားသူတွေကတော့ တမျိုးနေမှာပေါ့ - လုပ်စားစရာမရှိရင် ငါတို့တွေ ဓားပြတိုက်စားမယ်လို့ ပြောကြလိမ့်မယ် ထင်တယ်။

ပြောချင်တာက ကျောင်းနေတဲ့ ပညာသင်တဲ့အကြောင်းကို ရေးချင်တာပါ။ ၂၀၁၃ မှာတုန်းက မြန်မာပြည်မှာ ကိုယ်ပိုင်ကျောင်းတွေက ၁၀တန်းအထိ ကျောင်းအိပ်ကျောင်းစား သင်သော်လည်း အစိုးရကျောင်းနဲ့ လုံး၀ မကင်းနိုင်သေးဘူး။ ၁၀တန်း အစိုးရစစ်ကို ဖြေခွင့်ရဖို့ ကိုယ်ပိုင်ကျောင်းတက်သူတွေဟာ ၁၀တန်းမှာ အစိုးရကျောင်းတကျောင်းကျောင်းမှာ တရားဝင်တက်နေတဲ့ ကျောင်းသားတော့ ဖြစ်ဖို့ လိုသေးတယ်။ မိဘတွေက အစိုးရကျောင်းစာရိတ်လည်း ကုန်၊ ကျုရှင်သို့မဟုတ် ကိုယ်ပိုင်ကျောင်းထားရတဲ့ စာရိတ်လည်း ၂ ခါ ကုန်တာပေါ့။ နောက်တော့ အစိုးရစစ်စာမေးပွဲတွေက အစိုးရကျောင်းကော ကိုယ်ပိုင်ကျောင်းကောအတွက် ကျောင်းသားတိုင်း ဝင်ဖြေနိုင်လာတော့ ကိုယ်ပိုင်ကျောင်းတွေက ပိုပြီးတော့ လုပ်နိုင်လာတယ်၊ စာရိတ်လည်း ၂ ခါ မကုန်တော့ဘူး။ အချိန်ကုန်လည်း သက်သာတာပေါ့။

မိဘတွေက သူတို့ကလေးတွေကို ၁၀တန်းအထိတော့ မဖြစ်မနေ ကျောင်းထားကြတယ်။ အစိုးရစစ်၁၀တန်း အောင်လက်မှတ်လိုချင်သူတွေက အစိုးရကျောင်းသို့မဟုတ် အစိုးရစစ်ဝင်ဖြေတဲ့ ကိုယ်ပိုင်ကျောင်းတွေ ထားကြတယ်။ ပြီးတော့ ထုံးစံအတိုင်း ဘယ်ကျောင်းပဲထားထား ဂိုက်ဒ်လည်း ငှားကြတယ်၊ ကျူရှင်လည်း ထပ်ပေးကြပြန်သေးတယ်။

နောက်တမျိုးကတော့ ကိုယ်ပိုင်အပြင်ကျောင်းတွေ အင်တာနေရှင်နယ်စကူးလ်တွေ ထားကြတာ ဖြစ်ပါတယ်။ ဗြိတန် ၁၂ တန်း သင်ရိုး၊ အမေရိကန် ၁၂ တန်း သင်ရိုး အခြေခံပြီး ကိုယ်ပိုင်စာမေးပွဲစနစ် သို့မဟုတ် ပြည်ပစာစစ်စနစ်တခုခုကို ကျောရိုးပြု ကျောင်းစနစ်ကို မိဘတွေက သားသမီးတွေကို ပို့ဆောင်ကြပါတယ်။ အဲသည်မှာလည်း ကျူရှင်က ရှိတာပဲ။ ပြည်ပစာစစ်စာမေးပွဲကို အောင်ဖို့ ဂိုက်ဒ်တွေ ကျူရှင်ဆရာတွေကိုလည်း ခေါ်သင်ကြရပြန်တယ် ဆိုပါတယ်။

အစိုးရကျောင်းတွေကလည်း အခုတော့ ၁၂ တန်းစနစ်ကို ချီတက်နေပါပြီ။ ၂၀၁၉ မှာ အဲသည် တိုးလိုးတန်းလန်း စနစ်သစ်ပညာရေးအကြောင်း ထိတွေ့ခွင့်ရပါတယ်။ ၂၀၁၆ ကတည်းက စနစ်သစ်ကို ၁ တန်းကနေ အဆင့်ဆင့် ၁၂ တန်းအထိ တိုးသွားဖို့ စီမံကိန်း ချကြပါတယ်။ ၂၀၁၆ + ၁၂ နှစ် ဆိုရင် ၂၀၂၈ ခန့်ဆိုရင် မြန်မာပြည်မှာ ဒေါင်ဒေါင်မည် စနစ်သစ် ၁၂ တန်းအောင်တွေပေါ်ထွန်းမယ်ပေါ့။ သည်လိုလည်း မဟုတ်ပြန်ဘူး။ စနစ်ဟောင်း၁၀တန်းသမားတွေလည်း ဖြတ်လမ်းနည်းနဲ့ ၁၂တန်းအောင်ဖြစ်အောင် တွန်းပို့တဲ့ အကွက်ဆန်းကြီးကိုပါ စီမံကိန်းမှာ ထည့်ဆွဲထားသတဲ့ဗျ။ ၄တန်း စနစ်ဟောင်းနဲ့ အောင်သူကို ၆တန်း စနစ်သစ်အဖြစ် အတန်းခုန်ပေးတဲ့ တွန်းတင်နည်းလည်း ကျင့်သုံးကြသဗျ။

သဘောကတော့ နှစ်စဉ် ၁ နှစ် ၁တန်း အောင် စနစ်သစ်သမားတွေ နဲ့ ပြိုင်တူ ၁နှစ် ၂တန်းခုန်မယ့် စနစ်ဟောင်းသမားတွေကို ဆွဲတင်တဲ့ အကွက်ဆန်းကြီးပေါ့။ အဲသည်အကြောင်းကို ကျောင်းတခုကို လေ့လာရေးသွားရင်းနဲ့ သိလာတာပါ။ ၂၀၁၉ စက်တင်ဘာလတုန်းက။ သည်မြန်မာနည်းမြန်မ့ာဟန် အစိုးရ၏ပညာရေးအတန်းတင်စနစ်နဲ့ သွားရင် ၂၀၂၈ အထိစောင့်စရာမလိုဘူး။ ၂၀၂၂-၂၃ ပညာသင်နှစ်မှာ ကျောင်းသားတွေအားလုံး ၁၂ တန်းစနစ်နဲ့ ညှိပြီးသား ဖြစ်သွားပြီတဲ့။ ကျောင်းဆရာလေးက ရှင်းပြပါတယ်။ ဟိုက် ရှားဘားပေါ့။ အံ့ဖွယ်သုတ။ (၁၂တန်းစနစ်ဆိုတာက ကလေးတယောက် မိဘရင်ခွင်ကနေ ၁၈ နှစ်ပြည့်မှ ကျော်မှ ကောလိပ်သွားတက်နိုင်ဖို့ အသက်ပြည့်အောင် စောင့်တဲ့အချက်လည်း ပါတယ်ဆိုတာကို အတန်းခုန်သမားများ တွေးမိပုံမရပါ)။

အဲဒါနဲ့ သူငယ်ချင်းတဦးကို မေးမိတယ်။
"မင်းသား ဘယ်နှစ်တန်းလဲ။"
"ငါ့သားက ရှစ်တန်း" တဲ့။
" ဒါဆိုရင် ဒီအချိူးတိုင်းသွား - မင်းသား ၁၀တန်းအောင်ရင် နောက်နှစ် ၁၂တန်း သွားခုန်တက်ရလိမ့်မယ်။ ၂၀၂၁-၂၂ စာသင်နှစ်မှာ။ "
အဲသလိုပြောလိုက်တော့ သူငယ်ချင်းကပြောတယ် - "အေးအေး ၁၂တန်းဆိုတော့လည်း ၁၂တန်းပေ့ါကွာ။ မင်းကလည်း ငါ့ကလေးတွေ သူ့ဖာသာသူ အဆင်ပြေနေရင် ပြီးတာပဲ" တဲ့။

သူကအဲလိုပြောလိုက်တော့ ကျနော်က ဘာမှမဆိုင်ဘဲ အပြင်ကနေ အလကားဝင်ပြီး ပူပန်နေမိသလို ဖြစ်သွားတာပေါ့။ သူတို့စနစ်သစ်ဆိုတာလည်း အဆန်းကြီးမို့လား။ သူတို့ဘာသာ အဆင်ပြေနေကြရင်လည်း ပြီးတာပေါ့နော်။ ကိုယ်က ဘာဝင်ပူနေစရာလိုလို့လဲ။

ဒါနဲ့ ကိုယ်ပိုင်ကျောင်းတခုဆီ ဆက်သွားတယ်။ သူငယ်ချင်းကျောင်းပိုင်ကလည်း သူတို့လည်း အစိုးရကျောင်းတွေလို ၂တန်းခုန်တဲ့ နည်းကို လိုက်နာရတဲ့အကြောင်း။ သူက အစိုးရစာမေးပွဲစနစ်နဲ့ သင်ရိုးနဲ့ သွားတဲ့ ကိုယ်ပိုင်ကျောင်းကိုး။ သူ့ကိုလည်း မေးပါတယ်။ ဘာလို့ မိဘတွေက ကိုယ်ပိုင်ကျောင်းထားကြတာလဲလို့။ စာတော်အောင် စာမေးပွဲအောင်အောင် စသည်ဖြင့် ဘာအကြောင်းတွေ ရှိလို့လဲလို့ မေးမိပါတယ်။

သူငယ်ချင်းကျောင်းဆရာက သည်လိုပြောပါတယ်။

"မိဘတွေ အဓိက သူတို့သားသမီးကို စိတ်ပူတာက အကျင့်စာရိတ္တ၊ မူးယစ်ဆေးဝါးနဲ့ ပတ်ဝန်းကျင်ကွ မောင်ရစ်ရ။ စာမေးပွဲအောင်ဖို့တို့ စာတော်ဖို့တို့ဆိုတာက ဆရာကောင်း မကောင်းနဲ့ ဆိုင်တာ။ ကျန်တာကတော့ ကျောင်းတွေနဲ့ ဆိုင်သွားပြီ။ ကျောင်းတွေက သူတို့ကလေးတွေကို အကျင့်မပျက်အောင် မူးယစ်ဆေးဝါးတို့ ရန်ဖြစ်တာတို့ မလုပ်အောင် ထိန်းကြောင်းပေးနိုင်တယ်ဆိုရင် စိတ်ချရရင် အဲသည်ကျောင်းကို မိဘတွေက ရွေးတာပဲ။ ငါတို့ကတော့ င့ါတို့ကျောင်းတွေမှာ ကျောင်းသားတွေကို အဲသည်လို ထိန်းကြောင်းပေးတယ်" တဲ့။

၄ တန်းကနေ ၆ တန်း ခုန်တက်သွားတာက အကြောင်းမဟုတ်ဘူးဆိုတဲ့ သဘောကို မောင်ရစ်လည်း နည်းနည်းသဘောပေါက်သလိုဖြစ်သွားပါတယ်။ မိဘတွေက သူ့ကလေးကို ကောင်းစေချင်တာ အရင်ကိုးလို့ သတ္တုချရမယ် ထင်ပါတယ်။ တော်စေချင်ရင် ဘာလုပ်ကြမလဲ ဆိုတာက နောက်မေးခွန်းဖြစ်လာပါတယ်။

မောင်ရစ်တို့အရွယ်တွေက အတော် အိုနေပါပြီ။ သည်တော့ သားတွေ သမီးတွေ အရွယ်ရောက်ကုန်ကြတာ ရှိသလို အခြေခံပညာသင်ကြားနေရတဲ့ ကလေးသူငယ်တွေ ရှိတဲ့ မိဘတွေလည်း ရှိတာပေါ့။ သည်တော့ သူတို့နဲ့ ဆုံတုန်းမှာ ကလေးတွေအတွက် ဘယ်ကျောင်းတွေမှာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ထားကြသလဲဆိုတာကို မေးမြန်းမိပါတယ်။

အစိုးရပညာရေးသင်ရိုးအခြေခံတဲ့ အစိုးရကျောင်း ကိုယ်ပိုင်ကျောင်း ထားကြသူတွေကတော့ အစိုးရရဲ့ တက္ကသိုလ်ကောလိပ်တွေ ဆက်တက်ကြဖို့ ကလေးတွေအတွက် ရည်မှန်းကြပါတယ်။ ကောလိပ်ကျောင်းကောင်းကောင်းမရရင်တော့ ပြည်တွင်းမှာဖွင့်ထားတဲ့ နိုင်ငံခြားကောလိပ်ကျောင်းတွေမှာ ထားချင်ထား၊ သို့မဟုတ် ပြည်ပကို လွှတ်ပြီး ကျောင်းထားချင်ထားမယ်လို့ တွေးပုံရပါတယ်။ ပြည်ပကျောင်းစနစ် ၁၂တန်း သင်ရိုးကိုင်တဲ့ ကိုယ်ပိုင်အပြင်ကျောင်း ခေါ် အင်တာနေရှင်နယ်စကူးတွေထားတဲ့ မိဘတွေကတော့ ပြည်တွင်းဖွင့် နိင်ငံခြားကောလိပ်မှာ ထားမည် သို့မဟုတ် ပြည်ပပို့ကြမည်လို့ ဆုံးဖြတ်ထားပုံရကြပါတယ်။

သည်နေရာမှာ ငွေကြေး အတိုင်းအတာကို မောင်ရစ်က ထည့်မတွေးပါ။ မိဘတွေက သူတို့တတ်နိုင်သလောက် သားသမီးတွေကို အကောင်းဆုံးကျောင်းကို ပို့ကြတာဆိုတော့ ငွေကြေးနဲ့ တိုင်းတာပြီး ကျောင်းပညာရေးကို ပိုင်းဖြတ်တာကို ထည့်ပြီး မပြောချင်လို့ ဖြစ်ပါတယ်။ သည်တော့ မိဘတွေက သူတို့ကလေးတွေအတွက် ကောင်းမည်ထင်တဲ့ ကျောင်းပညာရေးစနစ်တခုခုထဲကို ထည့်သွင်းကြတဲ့သဘောပါပဲ။ အစိုးရကျောင်းကောင်း၊ ကိုယ်ပိုင်ကျောင်းကောင်း၊ အင်တာနေရှင်နယ်ကျောင်းကောင်း - ကောင်းတဲ့ကျောင်းကို မိဘတွေက သားသမီးတွေကို ပို့ချင်ကြတာသာ ဖြစ်တယ်လို့ ဆိုရပါမယ်။

မိဘတွေက ကျောင်းကောင်းကို ပို့တယ်။ ကျောင်းကောင်းမှာ ဆရာကောင်းတွေ ရှိဖို့ များတယ်။ သည်တော့ ဆရာကောင်းတွေနဲ့ တွေ့တဲ့ ကလေးတွေလည်း ကျောင်းသားကောင်းတွေဖြစ်လာနိုင်တယ်။ ပြီးတော့ တော်အောင်လို့ ဝိုင်းဝန်းကြရင် တော်တဲ့ကျောင်းသားတွေလည်း ဖြစ်လာနိုင်တာပဲလို့ ကျနော်နဲ့ ကျနော့်သူငယ်ချင်း မိဘတွေက အေးအေးသက်သာတွေးကြတာ ဖြစ်ပါတယ်။ သူများတွေဝိုင်းတက်တဲ့ကျောင်း သူများတွေဝိုင်းလုပ်တဲ့ဘာသာရပ်  သူများတွေတိုးဝင်နေကြတဲ့ အသက်မွေးလမ်းကြောင်းဆိုပြီး မိဘဆုံးဖြတ်ချက်ဗဟိုပြု ဇွတ်လုပ်တာမျိုးကို သူတို့က ထုတ်မပြောကြပါ။ (မောင်ရစ်ကို ပြောရမှာ အားနာလို့လဲ ဖြစ်နိုင်ပါတယ်)။

ကျနော်ကတော့ ကျောင်းနေပျော်၍ စာတော်ရမည် ဆိုတဲ့ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ဆောင်ပုဒ်ကို သတိရမိပါတယ်။ (အခုလည်း ဒီဆောင်ပုဒ်ပဲလား မသိဘူး)။ "ကျောင်းနေပျော်ရင် ပြီးတာပဲမဟုတ်လား" လို့ ကျနော်ကတော့ ပြန်စဉ်းစားပါတယ်။ မိဘကော သားသမီးကောက သူတို့တက်တဲ့ကျောင်းမှာ ပျော်တယ်ဆိုရင် ပြီးပြီပေါ့လို့ တွေးရင်ကော လို့ မေးခွန်းထုတ်မိပါတယ်။

ပြည်ပမှာ အချို့သော ကျောင်းတွေက ထူးချွန်ထက်မြက်တာကိုပဲ စျေးကွက်တင်ကြပါတယ်။ သူတို့ကျောင်းတွေက လူတော်တွေ ထွက်တယ် မွေးထုတ်တယ်ဆိုတော့ ရောင်းကောင်းတာပေါ့။ ဟားဗတ်တို့ အမ်အိုင်တီတို့ စတင်းဖို့တို့ ဘာတို့ပေါ့။ အချို့သောကျောင်းတွေကတော့ အားလုံးအတွက်ပညာရေးဆိုပြီး အစွံထုတ်ကြပါတယ်။ သူတို့ကျောင်းတွေဟာ စာရိတ်သက်သာတယ်၊ လူတန်းစားအားလုံး တတ်နိုင်တဲ့ ပညာရေး၊ ဝင်ဆန့်တဲ့ ပညာရေးဖြစ်တယ်လို့ ကြော်ငြာပါတယ်။ အစိုးရပိုင် ပြည်နယ်ပိုင် ကောလိပ်တွေပါ။ ထူးချွန်တာတော်တာမွေးတဲ့ကျောင်းတွေက စျေးကြီးတာပေါ့။ ဒါပေမယ့် ဘယ်ကျောင်းဘဲတက်တက် ကျောင်းသားတွေ ပျော်ဖို့ကတော့ ဘယ်ကျောင်းဖြစ်ဖြစ် ပေါ်လစီ နံပါတ် ၁ ပဲ။ ကျောင်းသားတွေ ပျော်ဖို့ ထားတဲ့ ကိစ္စတွေ အများကြီးဖြစ်ပါတယ်။ တော်တာ မတော်တာက တပိုင်း။ တကယ်တန်း ကျောင်းသားတွေ ကျောင်းထဲရောက်လာတဲ့အခါမှာ သူတို့ပျော်အောင် ကျောင်းတွေက ပြင်ဆင်ဝန်းရံပေးတာကတော့ အဓိကပါပဲလို့ ပြောချင်ပါတယ်။ ခုနင်က ကျနော့်သူငယ်ချင်း ကိုယ်ပိုင်ကျောင်းဆရာပြောသလို ကောင်းတဲ့ဝန်းကျင်ဖြစ်ဖို့၊ မူးယစ်ဆေး ရာဇဝတ်မှု နည်းပါးဖို့ ကင်းဝေးဖို့ကိုလည်း ကျောင်းတွေက ကြိုးစားကြရတာပေါ့။

ပညာရေးတွေ ဘာတွေ ကြီးကြီးကျယ်ကျယ် မပြောလိုပါ။ ကိုယ်က ဘာကောင်မှာမှ မဟုတ်တာကိုး။ အင်ဂျင်နီယာကျောင်းတက်တာ ဘာမှတ်မိလဲ မေး။ ကျောင်းမှာ သပိတ်မှောက်ပြီး ကျောင်းခနခနပိတ်တာ လမ်းပေါ်မှာ အချိန်ကုန်ခဲ့တာပဲ မှတ်မိတယ်။ ပျော်လားမေး။ ပျော်တာပေါ့။ ကွန်ပြူတာမာစတာတက်တာ ဘာမှတ်မိလဲ မေး။ ကျောင်းမှာ နိုင်ငံပေါင်းစုံက သူငယ်ချင်းတွေနဲ့ ခင်မင်ရလို့ ပျော်ခဲ့တာပဲ မှတ်မိတယ်။ စာမေးပွဲကို မုန်းလိုက်တာမှ ဆရာတွေကော ကျောင်းကော နောက် ဘယ်တော့မှ မကြည့်ချင်တော့ဘူး လို့ ဖြေမှာပေါ့။ သည်တော့ ဒီအကောင် ဘာတော်တဲ့ ကျောင်းသားလဲ။ ဘာမှ မတော်ဘူးကိုး။ သည်တော့ ပညာရေးတွေ ဘာတွေ ကြီးကြီးကျယ်ကျယ် မပြောလိုဘူးပေါ့။

ခုတော့ မြန်မာပြည်ပညာရေးကို လူတတ်ကြီးတွေက ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေကြတယ်။ ဟိုပြင် ဒီပြင် ဟိုတွန်းတင် ဒီထိုးတင်နဲ့ပဲ။ ၁၂ တန်းကို အတန်းခုန်တက်ကြရမယ်။ မတ်လကုန်အထိ ကျောင်းဖွင့်မယ်။ စာမေးပွဲမထားဘဲ အကုန်လုံး အတန်းတင်ပေးမယ်လဲ ဆိုကြတယ်။ ကစားခုန်စားတွေလည်း အများကြီး လုပ်ကြရတယ်ပြောတယ်။ ကောလိပ်တွေမှာလည်း သမဂ္ဂတွေ ဖွဲ့ခွင့်ပေးထားပြီ။ အတော်ဟုတ်နေပြီ ဆိုရမယ်။ အင်တာနေရှင်နယ်ကျောင်းတွေကလည်း တရပ်ကွက် တကျောင်းတောင် ဖွင့်တော့မလားပဲ။ အတော်ပွင့်လင်းနေကြပါပြီ။ သည်တော့ ကျနော်ပြောချင်တာကတော့ တော်တာ တတ်တာတွေ အရေးမကြီးပါဘူး။ ကျောင်းနေပျော်ဖို့ပဲ အရေးကြီးပါတယ်။

ကျောင်းနေပျော်ရင် ကျောင်းသားဆိုတဲ့ ဘ၀တွေ ဆက်ရှိနေကြမှာမို့ပါ။ ကျောင်းနေ မပျော်တော့ရင် ကျောင်းသားတွေ ကျောင်းတွေထဲမရှိတော့ဘဲ အကုန်လုံးတခြားလမ်းတွေ လိုက်ကုန်ကြရင် မခက်ပါလားဗျ။ ကျောင်းသားလေးဘ၀ ငယ်ငယ်က ဖြတ်သန်းဘူးတယ်ဆိုမှ ကြီးလာတဲ့အခါ ဘ၀ဟာ နေပျော်တာပါ။ ရှေ့က နိဒါန်းမှာ ပြောခဲ့သလို ငယ်ငယ်က ကျောင်းဆရာ၊ စာရေးဆရာ၊ စျေးသည်လုပ်ခဲ့ဖူးသူက ကြီးလာတော့လည်း ဒီအလုပ်တွေပဲ လုပ်ဖို့ စွဲလန်းနေတတ်တယ် ဆိုတာမျိူးပေါ့။ ငယ်ငယ်က ကျောင်းသားဘ၀ကို နေပျော်ခဲ့ဖူးရင် အမြဲတန်း ကျောင်းသားဘ၀ကို ခင်မင်တွယ်တာနေမိတာပေါ့။ ဘ၀ဆိုတာက တသက်လုံး သင်ယူနေရတဲ့ ရာသက်ပန်ကျောင်းသားဘ၀လို့ ဆိုကြတယ်။ သင်ခန်းစာတွေ တခုပြီး တခုတက်နေရတာနေမှာပေါ့။ ငယ်တုန်းက ကျောင်းနေပျော်ခဲ့သူဟာ ဘ၀မှာ ပျော်ရွှင်စွာနဲ့ သင်ခန်းစာအသစ်တွေ ရယူပြီး အမြဲတမ်း ပျော်ပျော် ဖြတ်သန်းနိုင်မယ် မဟုတ်ပါလား။