Breaking News

ကြေးမုံအေး - ငါးလင်းစေ့

Photo -RFA

ငါးလင်းစေ့
ကြေးမုံအေး
(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၂

ငါးလင်းစေ့  " တဲ့ ...(နှုတ်အခေါ် "ငလင်းစိ)  
ဟိုးတုန်းက ကျွန်မတို့ငယ်ငယ်တုန်းကပေါ့ ၊  မြစ်နားကပ်" တွေ- သွပ်တွေ မပေါ်ခင်က ဒီရွာလေးက ထွက်တဲ့ " ငါးလင်းစေ့ကပ် " ကိုပဲ အိမ်အမိုးအဖြစ်အသုံးပြုခဲ့ကြရပါတယ်။ အကျယ် ၁ လက်မသာသာ အရှည်တပေလောက်သာရှိတဲ့ငါးလင်းစေ့ကပ် ဖြူဝါဝါလေးတွေဟာ သိပ်ချစ်စရာကောင်းတဲ့ ဝါးမိုးကပ်လေးတွေပေါ့။

  ကျွန်မတို့မြို့ပေါ်က ထရံကာကပ်မိုးအိမ်ဆိုရင် ငါးလင်းစေ့ကပ်တွေမိုးထားတာချည်းပါပဲ။ ပိုက်ဆံတတ်နိုင်တဲ့စီးပွားရေးသောင်သာတဲ့သူတွေရဲ့အိမ်အနည်းငယ်လောက်သာ သွပ်မိုးထားပြီး ကျန်တဲ့အိမ်တိုင်းလိုလိုရဲ့အမိုးတွေကတော့ ငါးလင်းစေ့ကပ်မိုးတွေချည်းပါပဲ။
မိုးဦးကျရာသီ မနက်မနက်ဆို  ငါးလင်းစေ့ကပ်တွေ မို့မောက်ပြည့်သိပ်နေတဲ့ ကပ်လှည်းတွေ တစီးပြီးတစီး  ကျွန်မတို့မြို့လေးကို အလျိူအလျိူ ရောက်လာလေ့ရှိတယ်။ ကိုယ့်အိမ်မိုးမလုံလို့ကပ်ဝယ်ချင်သည်ဖြစ်စေ၊ မိုးထားတာနှစ်များကြာပြီမို့ အမိုးအသစ်လဲချင်သူဖြစ်စေ၊ အိမ်မိုးဖို့ကပ်လိုချင်သူများဟာ ငါးလင်းစေ့ကပ်လှည်းတွေကို စောင့်မျှော်ဝယ်ရလေ့ရှိပါတယ်။

ကပ်လှည်းတွေဟာ ထမဆုံးဈေးနားမှာအရင်စတည်းချပြီး ဈေးကွဲနေမြင့်ပြီဆိုမှ မကုန်သေးတဲ့ကပ်လှည်းတချို့ဟာ တအိအိနဲ့ မြို့ထဲကိုလှည့်လည်ရောင်းကြတာပေါ့။ ကျွန်မငယ်ငယ်က  အဲဒီငါးလင်းစေ့ကပ်လှည်းတွေကို မကြာခဏမြင်ဖူးတွေ့ဖူးခဲ့ပါတယ်။ 

အဲဒီရွာကလေးရဲ့ အဓိက စီးပွားရေးလုပ်ငန်းဟာ ဒီကပ်ရက်တဲ့လုပ်ငန်းနဲ့ တောင်သူလုပ်ငန်းပဲဖြစ်ပါလိမ့်မယ်။ ရွာနာမည်သာကြားဖူးပြီး အခု အသက် ၄၀ ကျော်မှ အဲဒီရွာကလေးကို (မင်္ဂလာဆောင်မိတ်ကပ်ပြင်ဖို့)ပထမဆုံးအကြိမ်ရောက်ခဲ့ရပါတယ်။
 ရောက်ရောက်ချင်း / ရွာထဲ ဝင်ဝင်ချင်း မျက်စိသတိထားကြည့်မိတာက အိမ်အမိုးတွေကိုပါပဲ ။အံ့ဩဖို့ကောင်းအောင် အိမ်တွေအကုန်လုံးကသွပ်မိုးတွေ မိုးထားကိုမြင်တွေ့ရပါတယ်။ တအိမ်မှ ကပ်မိုးထားတာ မရှိ။
       
နှစ်တွေ အချိန်တွေပြောင်းသွားတာနဲ့အမျှ ရွာကလေးကလည်း လိုက်လျောညီထွေစွာ ပြောင်း လဲသွားခဲ့ပါပြီ။ တရံရောအခါက သူတို့ရဲ့အသက်မွေးဝမ်းကြောင်းမှုဟာ ကပ်ရက်တဲ့လုပ်ငန်းလေးတခုသာရှိပေမဲ့ အခုနောက်ပိုင်းမျိုးဆက်လူငယ်တွေဟာ လမ်းပန်းဆက်သွယ်ရေးကစလို့ချောင်ကျ ဝေးလှံခေါင်ပါးလွန်းလှတဲ့ရွာငယ်လေးမှာ သူတို့ဘဝကိုရေသေလိုမကျင့်ကြတော့။
သူတို့ကမ္ဘာကြည့် ကြည့်မြင်သွားခဲ့ကြပြီ။ 

ကျွန်မတို့တည်းတဲ့အိမ်က အဒေါ်ကြီးရဲ့သားက "ထိုင်း " မှာ နေပါသတဲ့။ အခုမင်္ဂလာဆောင်တဲ့ သတို့သားက ဖားကန့်မှာနေပါသတဲ့။  အနောက်ဖက်အိမ်က မောင်နှမတွေကတော့ " လောက်ကိုင် " မှာ နေပါသတဲ့။  အရှေ့ဖက်အိမ်က ညီအကို နှစ်ယောက်ကတော့ " မူဆယ်ရွှေလီ " မှာ နေပါသတဲ့။ ( ဒါ သင်္ကြန်တွင်းအားလပ်ရက်မို့ ရွာပြန်လာကြတာနဲ့ကြုံလို့  လူတွေများပြား စည်ကားနေတာပါတဲ့ )  ကျန်အချိန်များဆို ရွာမှာ လူမရှိပါတဲ့။

အိမ်တိုင်းလိုလို သွပ်မိုး တွေ ဝင်းပြောင်လို့ - ပျဉ်ထောင်/ အုတ်စီနံကပ်လေးတွေနဲ့ သပ်သပ်ရပ်ရပ်။ တချို့အိမ်ရှေ့မှာ ကိုယ်ပိုင်ကားလေးတွေရပ်ထားတာလည်းတွေ့ရရဲ့၊ တချို့အိမ်တွေမှာ ထွန်စက်၊ ရိတ်သိမ်းစက်၊ ချွေလှေ့စက်၊ ရေတင်စက် ရေစုပ်စက်တွေနဲ့၊ မီးစက်သံတဒုန်းဒုန်းနဲ့ အိမ်ရှေ့မှာ ဆိုလာပြားတွေကလည်း ဆိုက်မျိုးစုံ နေပြလှန်းထားလေရဲ့။

" ရွာကလေးရေ .. ငါးလင်းစေ့ရေ .. ဟုတ်လှချည်လှလားကွယ်" လို့ စိတ်ထဲကတိတ်တိတ်လေးချီးကျုးမိပါတယ်။ 

 သို့သော်သို့သော် အကောင်းနဲ့အဆိုး တိုးတက်ခြင်း ဆုတ်ယုတ်ခြင်း၊ ကျပ်တည်းခြင်း မြင့်မားခြင်း၊ နိမ့်ကျခြင်း အရာရာဒွန်တွဲနေတဲ့ နိယာမလိုပါပဲ။ ဒီရွာလေးမှာရှိသမျှ အလုပ်လုပ်နိုင်သမျှ ပျိုမြစ်နုနယ်သော သန်စွမ်းသူယောက်ျားမိန်းမဟူသမျှ အိမ်မှာမရှိကြ။  သူတို့အိမ်တွေမှာ အဘိုးကြီးအဘွားကြီး အသက်ကြီးရင့်ပြီဖြစ်သော အဖေ အမေ ဦးလေး အဒေါ် လူကြီးပိုင်းများနဲ့ မူလတန်းအရွယ်လူမမယ်ကလးများသာ ကျန်ရှိနေတော့တာပါပဲ။ အရေးရယ်အကြောင်းရယ်ဆို အားကိုးသမှုပြုရမဲ့ လူလတ်ပိုင်းလူငယ်ပိုင်း သားသမီးညီအကိုမောင်နှမတူတူမများအနားမရှိကြတော့ပါ။ သူတို့ကိုယ်စား ငွေစက္ကူများသာ တဖွဲဖွဲ။ 

ကျွန်မတည်းခိုရာအိမ်သေးသေးလေးမှာ တကိုယ်တည်းနေထိုင်လျက်ရှိတဲ့ အသက် ၇၀ နီးပါးရှိပြီဖြစ်သော သတို့သားရဲ့အဒေါ်ကတော့ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ရဲခနဲရဲခနဲဖွာရင်း  ပဲနီစကောကြီးထဲက ပိုးဖောက်ပိုးထိုးပဲ့ရွဲ့နေတဲ့ပဲနီခြမ်းကလေးတွေကိုတခုဆီ ရွေးထုတ်နေလေရဲ့။   သူ့ရဲ့တဦးတည်းသောသားတော်မောင်က ထိုင်း' မှာနေနေတာ ၃ နှစ်ရှိပြီတဲ့လေ။

     "ဒါဖြင့် အဒေါ်နေထိုင်မကောင်း ဖျားနာရင် ဘယ်လိုလုပ်မလဲ" 

" ရွာမှာဆရာမလေးရှိတယ်လေ"  ဆရာမလေးနဲ့မသက်သာတော့လည်း ဟိုဘက်အိမ်ကကားငှားပြီးမင်းတိုင်ပင်ကဆေးခန်းကိုသွားရတာပေါ့" 

"အဲလိုနေထိုင်မကောင်းချိန်အဒေါ်စားဖို့သောက်ဖို့ဆန်ပြုတ်တို့ခေါက်ဆွဲတို့ထမင်းတို့ဘယ်သူချက်ပေးလဲ" ဝေယျာဝစ္စတွေလုပ်ပေးဖို့လူရှိရဲ့လား " 

"  ရွာထဲက တူမဝမ်းကွဲလေးတယောက်ရှိတယ်-သူ့လှမ်းခေါ်ရတာပေါ့-ကျုပ်နေမကောင်းရင်လာကူညီညာလုပ်ပေးပါတယ်" 

"ဪ- အဲလိုဆိုတော်သေးတာပေါ့ နော်" 

"အင်း ဖြစ်ပါတယ်-ဒီလိုနေရတာပေါ့၊ သားကမကြာမကြာ ပိုက်ဆံလှမ်းလှမ်းပို့ပါတယ်"  
"သူဟိုမှာမိန်းမရသွားရင်ဘယ်လိုလုပ်မလဲ" 
" ဒါဆိုလဲ ကံ'ပေါ့တော်" 

   အဒေါ်ကြီးပြောတဲ့ " ကံ'ပေါ့တော် " ဆိုတဲ့စကားလေးကနားထဲမှာ ပဲ့တင်ထပ်နေဆဲ။
" အခုကျုပ်ဆီလာလာနေတဲ့တူမဝမ်းကွဲကလည်း ပဲသိမ်းပြီးရင် သူ့အကိုဆီလိုက်သွားတော့မှာ၊ သူ့အကိုက 'ရွှေလီ'မှာလေ " 

ဟင်" "  ဟင်' လို့အာမေဋိတ်ပြုပြီးနောက်မှာတော့ နောက်ထပ်အဒေါ်ကြီးကိုဘာမေးခွန်းမှဆက်မမေးချင်တော့ပါ။ 

ကျွန်မမျက်စိရှေ့က သဲဖုံဖုံလမ်းကလေးထဲမှာဆော့ကစားနေတဲ့ကလေးလေးတွေကရော ...  သူတို့ကြီးလာလို့အရွယ်ရောက်ရင် သူတို့အကိုတွေအမတွေ ဦးလေးတွေဦးကြီးတွေလို မူဆယ်ရွှေလီ ထိုင်း- ဖားကန့်'  အဲဒီဆီတွေကိုပဲခြေဦးလှည့်သွားကြဦးမှာလား... ။
 ဘယ်သူမှမပြောနိုင်ပါ။

အိမ်ခေါင်မိုးမှန်သမျှ သွပ်မိုးတွေနဲ့ဝင်းပြောင်နေတဲ့ရွာကလေးကအပြန်မှာတော့ ကျွန်မငယ်ငယ်က ခဏခဏမြင်ခဲ့ဖူးတဲ့ငါးလင်းစေ့ကပ်တွေအပြည့်အသိပ်တင်လာတဲ့လှည်းတန်းလေးကိုမျက်စိထဲမြင်ယောင်ရင်း .... 'ငါးလင်းစေ့ရေ - - ဝမ်းသာရမှာလားး ဝမ်းနည်းရမှာလားဟေ"  လို့ .... တိုးတိုးလေးမေးလိုက်ချင်ပါတော့တယ်။

ကြေးမုံအေး


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar