Breaking News

နန္ဒမောင် (LLB) - ရဲအက် (၄၁) နှင့် စီးပွားရေးဈေးကွက်




နန္ဒမောင် (LLB) - ရဲအက် (၄၁) နှင့် စီးပွားရေးဈေးကွက်

(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၉

ရန်ကုန်တိုင်းဒေသကြီးမှာ အခုတလော ပြည်သူလူထုကြား ရေပန်းအစားဆုံး၊ လူပြောအများဆုံးနဲ့ စိတ်ဒုက္ခ အပေးနိုင်ဆုံးအရာကိုပြပါဆိုရင် မူးရစ်ရမ်းကားမှုဖြစ်တဲ့ ရဲအက် (၄၁)ပဲ ဖြစ်ပါလိမ့်မည်။
ရန်ကုန်တိုင်းဒေသကြီးရဲ့ စည်ကားတဲ့ မည်သည့် မြို့နယ်ရဲစခန်းများနှင့် မြို့နယ် တရားရုံးများကိုမဆို တစ်ပတ်ခန့်မျှလောက် စောင့်ကြည့်လေ့လာလိုက်မည်ဆိုရင် ကိုယ့်တွေ့ဖြစ်ရပ်များစွာနှင့်တကွ စာတမ်းတစ်စောင် လောက်တော့ သုတေသနပြုဖို့ ရနိုင်စရာရှိနေတာဖြစ်ပါတယ်။ မူးရစ်ရမ်းကားဆိုတာ တကယ်တော့ အရက်သေစာ သောက်စားထားသူဖြစ်ရပါမည်။ စကားများခြင်း၊ ရန်ဖြစ်ခြင်း၊ ရစ်ခြင်း၊ ဟိန်းဟောက်ငေါက်ငမ်းပြုခြင်း၊ ရမ်းကားခြင်း စသည်ဖြင့် ပတ်ဝန်းကျင်ကို ကိုယ်စိတ်နှစ်ပါးဆင်းရဲအောင် အော်ကြီးဟစ်ကျယ် ပြောဆိုနေထိုင်ပြုမူတတ်သူများကို ဖမ်းဆီးထိန်းသိမ်းရမည့် ရာဇဝတ်ဥပဒေပုဒ်မ တစ်ခုအဖြစ်သာ ဥပဒေကို ရေးဆွဲပြဌာန်းခဲ့သူတွေက ရည်ရွယ်ထားတာ မျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ 

ဒါပေမယ့် လက်ရှိမှာတော့ မူးရစ်ရမ်းကားမှု(၄၁)ဟာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် တရားရုံး ဝန်ထမ်းအချို့တို့ကြောင့် အကျင့်ပျက်ခြစားတဲ့ အစိုးရဝန်ထမ်းတွေအတွက် တစ်နေ့ကို ရွှေဥတစ်လုံး နေ့စဉ်ဥပေး နေတဲ့ ငန်းကြီးတစ်ကောင်ကဲ့သို့ ဖြစ်မှန်းမသိဖြစ်နေခဲ့ပြီလို့ ဆိုရမှာဖြစ်ပါတယ်။
ဘာကြောင့် အဲသလိုဖြစ်ရပါသလဲဆိုတော့ ရှေ့သို့ဆတိုးနှင့် တိုးတက်နေသောခေတ်၊ နတ်ပြေအထိတက်ပြီး အရိုးပေါ်အရွက်ဖုံးနေတဲ့ ကုန်စျေးနှုန်း၊ သံသရာလည်နေတဲ့စားဝတ်နေရေးနှင့် ဘယ်တော့မှဖြည့်လို့ပြည့်တယ်မရှိ တတ်ကြတဲ့ အလိုဆန္ဒနှင့်ဝမ်းရေးတို့ရဲ့ ခြေထိုးမှုတွေအပြင် ဘယ်လိုမှမလောက်ငှတဲ့ အစိုးရဝန်ထမ်းလစာကြောင့် ကိုးဆယ့်ကိုးဒဿမကိုးကိုး ရာခိုင်နှုန်းဖြစ်နိုင်ဖို့ အလားအလာတွေရှိနေတာပါ။ 

ဝန်ထမ်းလစာတစ်သိန်း၊ နှစ်သိန်းနှင့် ရိက္ခာအချို့ရသူရ၊ မရသူမရအနေအထားမှာ အဆောင်အခန်းခကလွဲရင် ကျန်တဲ့အခွန်အခတွေနှုတ်၊ အသက်အာမခံ တွေနှုတ်၊ မီးခရေခတွေနှုတ်၊ ပင်စင်စရိတ်တွေနှုတ်၊ ငွေစုငွေချေးတွေနှုတ်၊ သားသမီးတွေရှိရင် ကျောင်းစရိတ်၊ ကျူရှင်လခ၊ ကလေးအသုံးအဆောင် စသည့်ဖြင့် ပြောမဆုံးပေါင် တောသုံးတောင်တွေနှုတ်လိုက်ရင် အစိုးရဝန်ထမ်း တွေဆိုတာ သားရေကွင်းကျန်ရင်တောင် ကံအလွန်ကောင်းတယ်လို့ဆိုရမှာပါ။ 

အဲဒီလိုရိက္ခာတွေ မလောက်မငှနှင့် တစ်နေ့ရှစ်နာရီ ထက်မကတဲ့ တာဝန်အချို့ကို ထမ်းဆောင်ရတဲ့ အချို့ဝန်ထမ်းတွေအတွက် ခေတ်ကလည်း တိုးတက်ပြီး ရှေ့ကပြေးနေတော့ သူများတွေ စားတာစားချင်တတ်ပါတယ်၊ သူများတွေ ဝတ်တာဝတ်ချင်တတ်ပါတယ်၊ သူများတွေသုံးတာသုံးချင် တတ်ပါတယ်။ ကဲ အဲဒီလိုသူများတွေနှင့်အတူ စားချင်၊ သောက်ချင်၊ လှချင်ပချင်၊ ဝတ်ချင်ဝယ်ချင်၊ သုံးချင်ပါတယ်ဆိုတော့။ အတန်းပညာအားနည်းသူအချို့၊ စဉ်းစားဆင်ခြင်ဉာဏ် အားနည်းသူအချို့၊ လောကဒဏ်ကို ရင်မဆိုင်ဝံ့သူအချို့ ဝန်ထမ်းတွေ ဘာလုပ်ကြမယ်လို့ ထင်မြင်ယူဆပါသလဲ။ လူဆိုတာက မိမိအသက်ရှင်ရပ်တည်ဖို့ ခက်ခဲလှတဲ့အချိန်မျိုးတွေမှာဆိုရင် မိဘကိုသော်လည်းကောင်း၊ သားသမီးကိုသော် လည်းကောင်း၊ သွေးသားတွေ ဆွေမျိုးရင်းချာတွေကိုတောင် ချနင်းတတ်ကြတဲ့ ပြဿနာရင်းမြစ်တွေ သမိုင်းမှာ ဒုနဲ့ဒေးရှိပြီးသားပါ။ ဒီတော့ ဘာလုပ်ကြမှာလဲ။ အသက်မွေးဝမ်းကျောင်းအတွက် ရေကြည်ရာ မြက်နုရာ သို့မဟုတ် အစာအိမ်တစ်ခု စိတ်ဆန္ဒတစ်စုံတစ်ရာအတွက် မိမိကိုယ်ကိုယ်သာ ချစ်လိုက်ကြတော့တာပါပဲ။
အခုလည်း ပေါက်ပင်ဟာ ဗျိုင်းနားလို့ ကိုင်းရတာပါပဲ၊ ဗျိုင်းဟာ ငါးပွက်လို့ နားရတာပါပဲ၊ ငါးဟာ မိုးရွာလို့ ပွက်ရတာပါပဲ၊ မိုးဟာ ဖားအော်လို့ ရွာရတာပါပဲ၊ ဖားဟာ မြွေကိုက်လို့ အော်ရတာပါပဲ၊ မြွေဟာ ငါ့ဝမ်းပူဆာ မနေသာလို့ မရှိရတာပါပဲ။ အဖြေကတော့ ရှင်းပါတယ် ဒါပါပဲ။ 

ဝန်ထမ်းစားစရိတ်၊ လစာရိက္ခာ မလောက်ငှတာက တစ်ကြောင်းဖြစ်ပြီး အရာရှိဝန်ထမ်းများ ရာထူးတိုးရန်၊ မျက်နှာရရန်၊ နာမည်ကောင်းရရန် စသည့်ဖြင့် အကြောင်းကြောင်း တို့ကြောင့် မဖြစ်မနေ ရာဇဝတ်မှုတွေကို အထက်အဆင့်ဆင့်ကို တာဝန်အရ ဖမ်းဆီးပြီးကြောင်း၊ ရှင်းလင်းပြီး ကြောင်း၊ ထိန်းသိမ်းပြီးကြောင်း၊ ပညာပေးပြီးကြောင်း၊ ဖြေရှင်းပြီးကြောင်း၊ အကျဉ်းကျပြီးကြောင်း စသည့်ဖြင့် နေ့စဉ်မှတ်တမ်းတွေနဲ့ အစီအရင်ခံတင်ပြနေရတဲ့အခါ အရင်ကတည်းက ကိုယ်ပိုင်လစာနဲ့ မလောက်ငှရတဲ့အထဲ သွားစရိတ် လာစရိတ်၊ သင်တန်းစရိတ်၊ စာမေးပွဲစရိတ်၊ ရာထူးတိုးစရိတ်၊ တရားခံဖမ်းစရိတ် စသည့်ဖြင့် စားရိတ် အကုန်လုံးနီးပါးကို ကိုယ်ဖန်ငွေနဲ့ကို အကုန်ခံပြီး တရားခံတွေကို စုံစမ်းရတာ၊ ထောက်လှမ်းရတာ၊ ဖမ်းဆီးရတာတွေ ကို ရုပ်ရှင်တွေထဲမှာလို ဟန်ရေးတပြပြနဲ့လုပ်မနေကြတော့ပါဘူး။ 

အဲဒီတော့ဖြစ်ချင်တဲ့ ရာဇဝတ်မှုတွေဖြစ်ပါစေ ဖြစ်ချင် တဲ့နေရာမှာ ဖြစ်ကြပါစေ၊ ဖြစ်ချင်သူတွေဖြစ်ကြပါစေ တိုင်ကြားသူမရှိဘူးဆိုရင် သိပ်ပြီးတော့ အရေးတယူအလေးထား ဆောာင်ရွက်ဖို့ဆိုတာ ဒုလဘ္ဘတရားပါပဲ။ တရားခံတစ်ဦးကိုဖမ်းလို့ပြီးဆိုတာနဲ့ သောက်ရေ၊ အအေး၊ ဆေးလိပ်၊ ထမင်း ဟင်း၊ မုန့်ပဲသရေစာ၊ ဆပ်ပြာစသည်ဖြင့် ဘာညာသရကာတွေကို အိမ်ကမလာသူ၊ အိမ်ကမသိသူ၊ အိမ်နှင့်အဆက် အသွယ်မရသူတွေကို အမှုကိုင်တွေက တာဝန်ယူ ကျွေးမွေးစောင့်ရှောက်ရတော့တာပါပဲ။ 

ကဲ… ဘယ်ရဲက တရားခံကို ဖမ်းချင်ပါဦးမလဲ။ ဟုတ်ပါပြီ ဖမ်းဆီးပါတယ်ထား အထက်မှာတင်ပြခဲ့သလိုပါပဲ တိုင်ကြားသူ တရားလိုရှိတဲ့အမှုတွေနဲ့ အသင့်အတင့်အဆင်ပြေတဲ့ ချမ်းသာတဲ့ငွေကြေးသုံးနိုင် စွဲနိုင်တဲ့သူမျိုးတွေနဲ့ ထုံထုံအအ ပေပေတုံးတုံး နယ်ခံ မဟုတ်သူတွေ၊ မဖြစ်မနေမှတ်တမ်းဝင်၊ မင်နီတားမှတ်ချက်တို့၊ ပြစ်ချက်ဟောင်းတို့၊ သံသယတရားခံတွေကိုပဲ အဓိက ဖမ်းဆီးရမည့် စနစ်ဆိုးကြီးတစ်ခုအောက်ကို ရောက်ချင်သည်ဖြစ်စေ၊ မရောက်ချင်သည်ဖြစ်စေ၊ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ ဒူးထောက်လက်မြှောက် ကားယားမှောက်ကြီး ဝင်ရောက်ကြရတော့တာပါပဲ။
ဟုတ်ပါပြီ။ သည်စနစ်ဆိုးကြီးကို ဆက်လက်မလည်ပတ်နိုင်အောင် ဘယ်လိုလုပ်ကြရမလဲဆိုရင်တော့။ 

ဘယ်လိုမှ လုပ်မနေပါနှင့်။ အစိုးရဝန်ထမ်းလစာကို တူတူတန်တန် လူလိုသူလိုပေးနိုင်ဖို့နဲ့၊ အဂတိလိုက်စားခဲ့ရင် ပြင်းပြင်းထန်ထန်အရေးယူဖို့ အထူးလိုအပ်မှာဖြစ်ပါတယ်။ ဟာ... ဒီလောက်များတဲ့ဝန်ထမ်းတွေကို ဒီလောက်များတဲ့ လစာတွေတိုးပေးဖို့ ဘယ်လွယ်ပါ့မလဲ နိုင်ငံကအခုမှချောက်ထဲက ကုန်းရုန်းထနေရတာလို့ ဆိုချင်ဆို ပြောချင်ပြောကြ ပါ။ ဒါပေမယ့် ပြည်သူလူထုတွေဟာ အချဉ်တွေမဟုတ်ပါဘူး။ 

အစပိုင်းမှာပြောခဲ့သလို မူးရစ်ရမ်းကားမှု(၄၁)က ဒဏ်ငွေ ဆိုရင် ငါးဆယ်ကျပ်ပါ။ ထောင်ဒဏ်ဆိုရင် ခုနှစ်ရက် နှင့် ရှစ်ရက်ပါ။ သို့ပေသည့် ပြည်သူလူထုဟာ ရဲဝန်ထမ်းအချို့ ကိုသော်လည်းကောင်း၊ တရားရေးဝန်ထမ်းအချို့ကိုသော်လည်းကောင်း အနည်းဆုံးတစ်သောင်းကနေ အများဆုံး နှစ်သိန်းအထိ ဒဏ်ငွေတွေဆောင်ပြီး မူးရစ်ရမ်းကား (၄၁)အမှုတွေကနေ ဝန်ခံလွတ်မြောက်နေကြတာဖြစ်ပါတယ်။ ဝန်ခံလွတ်မြောက်တယ်လို့ပြောခဲ့ပါတယ်။ ဝန်ခံပြီးညှိနှိုင်းထားမှ လွတ်မြောက်တာပါ၊ ငြင်းရင် သို့မဟုတ် မညှိနှိုင်းဘဲ ဝန်ခံရင် သို့မဟုတ် ပြစ်ချက်ဟောင်းတွေ များစွာရှိနေတဲ့ တကယ့်ယစ်ထုပ်တွေဆိုရင်တော့ အင်းစိန်သို့ ခုနှစ်ရက် ရှစ်ရက်ပါပဲ။
ဒါတွေကို ဘာကြောင့် ရေးနေပြောနေရပါသလဲဆိုရင်တော့ အမှန်တကယ် မူးရစ်သောက်စားရမ်းကားပြီး ဆဲဆိုသောင်းကျန်းနေတဲ့သူတွေဟာ ဖမ်းဆီးခံရတဲ့အထဲမှာ တစ်ရာခိုင်နှုန်းလောက်သာရှိပြီး နယ်ကတက်လာသူတွေ၊ နယ်မြေခံမဟုတ်သူတွေ၊ ကျောင်းသားလေးတွေ၊ လူနာစောင့် ဆေးရုံစောင့်တွေ၊ ဘုန်းကြီးတပည့်တပန်းတွေ၊ လူငယ် တွေ၊ ဆိုက်ကားသမားတွေနှင့် တကယ့်အရက်သမားတွေအချို့အပြင် ပုဂ္ဂလိက ညဆိုင်းဝန်ထမ်းတွေသာ အများဆုံး ဖြစ်တဲ့ ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်သာ ဘီယာဗူးလေး ဝယ်မိလောက်နှင့် ဘီယာဗူးလေးကိုင်ထားပြီး လောက်နဲ့၊ ဘီယာဗူးလေးဖောက်ပြီး တစ်ငုံလောက်သောက်မိတာနှင့် မူးရစ်ရမ်းကား (၄၁) နှင့် ဖမ်းဆီးခံနေရသူတွေဟာ အများဆုံးဖြစ်ပြီး ပစ်မှတ်ထားဖမ်းဆီးပြီး သားကောင်များ သဖွယ် ပြုကျင့်နေကြလို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် မူးရစ်ရမ်းကား(၄၁)ကို ဒဏ်ငွေနေရာမှာ တရားဝင်တိုးမြှင့်ကောက်ခံပြီး အဲသည်ကရတဲ့ နိုင်ငံတော် ပိုင်အခွန်ငွေတွေနှင့် တရားရေးဝန်ထမ်းများ၊ ရဲဝန်ထမ်းများကို လစာရိက္ခာတိုးမြှင့်ထောက်ပံ့ပေးဖို့အတွက် လုံလောက် နိုင်စရာအကြောင်း ကောင်းကောင်းရှိပါတယ်။ 

ဘာကြောင့် ဒီလိုပြောနိုင်ရပါသလဲ ကိုယ်သိချင်ရင် နယ်မြေခံရဲစခန်းများ နှင့် တရားရုံးများကို တစ်ပတ်ခန့်စောင့်ကြည့်လေ့လာဖို့တာဝန်ရှိပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများကို ပန်ကြားအပ်ပါ တယ်ခင်ဗျား။ 

ရန်ကုန်တိုင်းတစ်ခုလုံးအနေနဲ့ဆိုရင် တစ်ရက်မှာ မူးရစ်ရမ်းကားမှုပေါင်း အနည်းဆုံး တစ်ရာ့ငါးဆယ်ခန့် နှင့် အများဆုံး နှစ်ရာခန့် ဖမ်းဆီးလိုက်၊ ဝန်ခံခိုင်းလိုက်၊ ဒဏ်ငွေဆောင်ခိုင်းလိုက်၊ ပြန်လွှတ်လိုက် စသည့်ဖြင့် ဖြစ်ပျက်နေကြ ပြီး၊ ယင်းပြဿနာများ လုံးဝအပြတ်ရှင်းနည်းတစ်မျိုးမှာ အရက်၊ ဘီယာဆိုင်များနှင့် လုပ်ငန်းများ၊ စက်ရုံများကို အပြီးဆိုင်ပိတ်သိမ်းခြင်းသာဖြစ်ပါကြောင်း အသိပေးကြေငြာမောင်းခတ်လိုက်ရပါသည်ခင်ဗျား။ ။

နန္ဒမောင် (LLB)