Breaking News

မောင်ရစ် - ဆံပင် ခြေသည်းလက်သည်း ညှပ်ဖို့ထက် အရေးကြီးတဲ့ ကိစ္စ ...

Photo - Mizzima


မောင်ရစ် - ဆံပင် ခြေသည်းလက်သည်း ညှပ်ဖို့ထက် အရေးကြီးတဲ့ ကိစ္စ ...

(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၂၀

ကိုဗစ်ကာလမှာ ဆံပင်ညှပ်ဖို့ ခြေသည်းလက်သည်းညှပ်ဖို့ ကမ်းခြေသွား အပမ်းဖြေဖို့တွေက ရှေ့တန်းရောက်လာခဲ့သေးတယ်။ အရက်ဆိုင်ထိုင် ကာရာအိုကေသွားဖို့ကလည်း အရေးပါတယ်လို့ ဆိုကြတယ်။ လမ်းပေါ်မှာ မတ်စ်မတပ်ဘဲ ဆန္ဒထုတ်ဖော်ဖို့ အေကေ၄၇ကို ပုခုံးမှာ ချိတ်ပြီး ထွက်ကြတာကလည်း လူပြိန်းကြိုက်တွေပဲ။

ခုတော့ အမေရိကားမှာ ကိုဗစ်ကူးနှုန်းက ဆယ်ဆလောက် တက်လာနေပြီ။ အိမ်ထဲပြန်ဝင်၊ ဆိုင်တွေ ကနားတွေ ပြန်ပိတ်။ မတ်စ်တပ်ကြပါ တပ်ကြပါ ဆိုတာတွေ အသံမြှင့်အော်နေရပြန်ဘီ။

သို့သော် သည်ကြားထဲကပဲ အရေးပါတဲ့ အလုပ်တွေ မိုးထဲလေထဲကြား သတိကြပ်ကြပ်ထားပြီး ထွက်လုပ်ကြဖို့ စွန့်ကြဖို့ကလည်း လိုအပ်လာပါတယ်။ ရွေးကောက် ပွဲဖြစ်အောင်လုပ်ဖို့။ ကျောင်းတွေ ဖြစ်နိုင်ရင် ပြန်ဖွင့်ဖို့။ လုပ်ငန်းခွင်တွေထဲက တချို့ သတိကြီးကြီးနဲ့ ပြန်ဖွင့်နိင်ကြဖို့။ လူကြီးတွေ မန်နေဂျာတွေ ခေါင်းဆောင်တွေ ဆွေးနွေးနေကြရပါပြီ။

အခုဟာက ဆေးလည်း မတွေ့သေး၊ ထိရောက်အောင်လည်း မစစ်ပေးနိုင်သေး၊ ကူးစက်မှုတွေကလည်း မတားနိုင်သေး ၊ အစိုးရတွေကိုယ်တိုင်ကလည်း ထိရောက်တဲ့ ဦးဆောင်မှုမချနိုင်သေး ဆိုတဲ့ အချက်တွေက သင်္ချာစကားနဲ့ 'ပေးထားချက်' ဖြစ်နေပြီ။ ယာယီအကန့်အသတ် မဟုတ်တော့ပါဘူး။ သည်ပေးထားချက်တွေကြားထဲကနေ ဆက်ပြီး အလုပ်ဖြစ်အောင် စီမံရတော့မယ်။ တစွတ်တိုး ရမ်းကားနေတဲ့ လူမိုက်တွေကြားထဲမှာ အသိပညာသတိရှိတဲ့ လူလိမ္မာတွေလည်း ရှေ့တိုးနိုင်အောင် ပြင်ဆင်ရတော့မယ်။

ဥပမာ တခုက ကျောင်းတွေ မဖွင့်နိုင်ရင် - အွန်လိုင်း နဲ့ အတန်းကိုယ်တိုင်တက် (Hybrid) ကပြားစနစ် မလုပ်နိုင်ရင် - ကျောင်းသားဦးရေ ကျဆင်းမယ်၊ ကျောင်းဆရာတွေ ကျောင်းတွေ မလိုတော့ရင် လျော့ချရမယ်။ ပညာရေးအလုပ်တွေ ကျဆင်းပြီးနောက် ပညာလုပ်ငန်းခွင်တွေ ထိခိုက်လာမယ်။ ပညာတတ်ကျောင်းဆင်း ဦးရေ ကျဆင်းမယ်။ အစိုးရထောက်ပံ့ပေးရနေတဲ့ ဘတ်ဂျက်တွေ အလကားဖြစ်မယ်။ သည်ပညာရေးစနစ် ထိခိုက်တာဟာ မိဘ ကျောင်းသား ဆရာ နဲ့ ပြည်သူတွေအားလုံးဆီမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကြီးမားသည်ထက် ကြီးလာမှာ ဖြစ်ပါတယ်။

အခု ကျောင်းတွေ ပြန်ဖွင့်ဖို့ ကြိုးစားတာကို အကန့်အသတ် ဆင်ခြင်တုံတရားနဲ့ ကြိုဆိုရမှာ ဖြစ်ပါတယ်။ အိုး ကောင်းတာပေါ့ ဆိုပြီး ကသုတ်ကရက် ထပြီး တက်ရမယ့် အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ မျက်နှာဖုံး လက်ဆေး ခွာခွာနေ ဆိုတာတွေ အကာအကွယ်ကိရိယာတွေ ပေးဆပ်နိုင်ဖို့ ... အခြား လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ဝိုင်းစဉ်းစားရမှာပေါ့။

မိမိကိုယ်တိုင်လည်း နောက် ၆လနေရင် ကျောင်းတွေ ပြန်ဖွင့်နိုင်ကြရင် ကောင်းမယ်လို့ ဆန္ဒရှိပါတယ်။ အခုကတည်းက ပြင်ဆင်ရမှာပေါ့။ ခုကတည်းက ကျောင်းကို သွားပြီး အလုပ်လုပ်တာ၊ ပြင်ဆင်တာ၊ တိုင်ပင်တာတွေကို အဆင့်တွေ သတ်မှှှှှှှှတ်ပြီး သွေးတိုးစမ်းကြရမှာ ဖြစ်ပါတယ်။ သည်အတိုင်း ထိုင်နေလို့ ပြီးသွားမှာ မဟုတ်ပါ။ သူများတွေကလည်း (ထရန့်အစိုးရအုပ်စုက) ကိုဗစ်ကို နှိမ်နင်းပေးနိုင်မှာ မဟုတ်တာ သေချာပါတယ်။ အားလုံး ကိုယ့်အားကိုကိုးပြီး ကိုယ့်အလုပ်ခွင်မှာ ကိုယ့်ဖာသာ သတိပညာဝိရိယသမာဓိနဲ့ ရှေ့တိုးကြရတော့မှာ ဖြစ်ပါတယ်။ (မလုပ်ရင် အလုပ်ပြုတ်ကုန်ကြဖို့ သေချာတယ်လေ ဟိဟိ)။

မြန်မာပြည်မှာကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကော်မရှင် ကော်မီတီနဲ့ ကျောင်းဖွင့်ဖို့ ခြေလှမ်းစနေတာကို ကြားသိရပါတယ်။ အာရှက ကိုဗစ်ကပ်အတွင်း ကျောင်းပညာရေးစွန့်စားမှုတွေကို ကျန်သူတွေက စောင့်ကြည့် သင်ခန်းစာ ယူနိုင်ကြမယ် မျော်လင့်ပါတယ်။

ဆံပင် ခြေသည်းလက်သည်း ညှပ်ဖို့ထက် အရေးကြီးတဲ့ ကိစ္စ ...