မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၁)
၈၀ ပြည့်ဆို၊ ၉ ရက်လိုတွင်
အကြိုကဗျာ၊ ပုဒ် ရာကျော်နှင့်
ဂုဏ်ပေါင်းတင့်နေ၊ စုမေမေသည်
မြန်ပြေသူသား၊ မေတ္တာအားကြောင့်
သက်ကားရာကျော် ရှည်စေသောဝ်။ ။
၈၁ ပုဒ်မြောက် ကဗျာကတော့ ဘာဖြစ်မလဲ မပြောခင် ပြည့်ပါ့မလား စု ၈၀ ကဗျာ ၈၀ ကလည်း ပြည့်သွားခဲ့ပါပြီ။ နောက်ထပ်လည်း ၂၀ ကျော် ရောက်လာပြီး ဖြစ်တော့ ရာကျော်နေပြီ။ ဒီအတိုင်းသာ ကဗျာသစ်တွေ ထပ်ရေးပို့လာကြတဲ့ နှုန်းနဲ့သာဆို ကဗျာ ဘယ်လောက်များသွားမည်လဲဆိုတာ တွက်ဆ မနိုင်တော့ပါ။ ဒီကြားထဲ့ အဟောင်းရှာတွေ့ ပို့သဟေ့ တွေကလည်း ပို့ပို့လာနေသေးသပ။ ကဲ ပထမဆုံးကတော့ ကဗျာရှင် နွေဦးဥဩရဲ့ ကဗျာပါ။ (၈၁) ပုဒ်မြောက်ဈေးဦးဖောက်ပေါ့။
မြတ်လေးပန်းအမေ (နွေဦးဥဩ)
လေးမြတ်ဖွယ် ဂုဏ်အစု
စာပြုလို့မကုန်
မြန်မာယခု ပုံတင်စရာ
ကြုံချင်ပါ အမြဲ။
ရင်ထဲမတော့
ထာဝစဉ်ပါ
မဟာယဉ်
စံပြုတော့ တနဲ။
ရှစ်ဆယ်မို့
အမွန်းတင် မှာ
သက်ရှည်စွာ
ပူဇာမစဲ
နွဲလို့ဖြင့်
ငါတို့ပျော်မည်
မကြာမီ အကျွတ်ခဲ
မကြာမီ လွတ်ပွဲပ လေး။
ညွှတ်ရဲလို့
စံနှုန်းမမီ
ကမ္ဘာတည်
မြန်မာ့အသည်း။
မြတ်နိုးလို့
လေးစားစုံညီ
ပုဏ္ဏမီ လဆန်းယဉ်လေး။ ။
(နွေဦးဥသြ)
၈၂ ပုဒ်မြောက်ကတော့ မန္တလေးသားကလေး တယောက်က ပို့လာတာပါ။ ကဗျာရှင် အမည်က ခွန်းတာ ပါ။
မွေးနေ့ရှင်အမေ ကျန်းမာစေ (ခွန်းတာ)
အမေ. . . သားတို့သမီးတို့
တောင်းပန်ပါတယ် အမေ
ဆယ်ကျော်သက်အရွယ်လေးတွေက
အသက် ၈၀ အရွယ် အမေအိုလောက်
မစွမ်းဆောင်နိုင်တာ
သားတို့တောင်းပန်ပါတယ်အမေ။
အမေ
ပင်ပန်းနေပြီလားအမေ။
တခါတလေ တော်လှန်ရေးကို
စိတ်ကုန်လိုက်တာလို့ ငြီးငြူမိတိုင်း
အသက် ၈၀ အမေ့လောက် ဇွဲမရှိတဲ့အတွက်
သားတို့ သမီးတို့ တောင်းပန်ပါတယ် အမေ။
အမေ . . . တခါတလေ
အိမ်ကိုလွမ်းတဲ့အချိန် ငိုခဲ့မိတိုင်း
အသက်တာရဲ့ သုံးပုံနှစ်ပုံလောက်
စစ်မိစ္ဆာတို့ ယုတ်မာခြင်းကြောင့်
ထောင်ထဲမှာနေခဲ့ရတဲ့ အမေအိုကို
ကိုယ်ချင်းမစာမိတဲ့အတွက်
သားတို့သမီးတို့တောင်းပန်ပါတယ် အမေ။
အမေ . . . သတိရတယ်အမေ (သတိရတယ်အမေ)
အမေ . . . အဆင်ပြေရဲ့လားလို့မေးချင်ပေမယ့်
အဲ့ဒီစကားအစား အမေလိုချင်တဲ့ ဒီမိုကရေစီကို
အမေပြန်လာတဲ့အချိန်
မွေးနေ့လက်ဆောင်အဖြစ်နဲ့ပေးဖို့
သားတို့သမီးတို့ ကြိုးစားနေပါတယ်။
အမေ . . . နေကောင်းကျန်းမာပါစေ . . . အမေ။
အမေ . . . အသက်ရှည်ပါစေ . . .အမေ။
ပြည်သူ့အောင်ပွဲနဲ့အတူ ပြန်တွေ့ပါရစေ အမေ။
Happy Birthday အမေ ဒေါ်အောင်ဆန်းစုကြည်...။ ။
၈၃ ပုဒ်မြောက်ကတော့ ဆရာ ဘမိုးမြင့် ရဲ့ လက်ရာပါ။ သူက စု ၈၀ ကဗျာတွေ တပုဒ်ပြီး တပုဒ် ပို့လာနေသူပါ။ ဆက်လည်း ရေးနေပုံရပါရဲ့။
ကျွန်တော် တူးဖော်မိသော အဓိပ္ပာယ်များ ( ဘမိုးမြင့် )
ဇော်ဝင်းထွဋ်ရဲ့"ကန္တာရခရီးသည်"တဦးဟာ
လေးဖြူရဲ့"ပင်လယ်အော်သံ"ကိုအားပြုပြီး
ထူးအိမ်သင်ရဲ့"ဧရာဝတီ"လိုစီးဆင်းခဲ့တယ်။
သူဟာ"ရာဇဝင်များရဲ့သူတို့သမီး"တဦးပါပဲ။
စိုင်းထီးဆိုင်ရဲ့"သဘာဝရဲ့ရင်သွေးငယ်တွေ"
အဝေးကိုထွက်ခွါပန်းတိုင်ရှာကြတော့
လေးဖြူရဲ့သီချင်းထဲက"သားကောင်"ဖြစ်နေရတဲ့သူ့ကို
ဇော်ဝင်းထွဋ်က"မင်းတစ်ယောက်တည်းမဟုတ်ဘူး"နဲ့
ခင်မောင်တိုးက"ခွန်အားဖြည့်မိငယ်"ဆိုပြီးအားပေးခဲ့တယ်။
သူဟာ
ခင်ဝမ်းရဲ့"ငါတို့အားလုံးရဲ့အမေ"ပါပဲ။
ငြိမ်းမိုးရဲ့"ပျိုး"သီချင်းက
ပျိုး...ပျိုး...
အခုကစလို့မင်းရဲ့စိတ်မှာပျိုးတဲ့။
ဟုတ်ပါတယ်လေ
နှစ်ပေါင်းများစွာ
စိုင်းထီးဆိုင်ရဲ့"သံလွင်ချောင်ခြား"နေရတဲ့
တိုင်းရင်းသားညီအကိုမောင်နှမတွေဆီ
လေးဖြူရဲ့"ပါဝါ၅၄"သီချင်းအတိုင်းပဲ
လေးဖြူရဲ့"ရွှေတောင်ပံ"တစ်စုံကိုခတ်လို့
မာရဇ္ဇရဲ့"ရွှေရောင်ကောင်းကင်"ထဲ
ရဲဝံ့စွာပျံဝဲလိုက်ပါတော့ငါတို့ဒေါင်းမိခင်ရေ။ ။
ဘမိုးမြင့်
၂၁.၆.၂၀၂၄
အန်တီစု အသက်ရှစ်ဆယ်ပြည့် မွေးနေ့အတွက် ရေးဖွဲ့သည့် ၈၄ ပုဒ်ကို ရောက်လာပါပြီ။ အသံနဲ့တောင် ဖတ်ပြီး ထုတ်လွှင့်ပေးပါဆိုပြီး ပဲခူးတိုင်းကနေ ရေးပို့လာတာပါ။
ဒီမိုလမ်းကအမေအို (နွေဦးအောင်မြင်)
လူထုရဲ့အမေ
ပြည်သူတွေ စောင့်စား၊
တို့အမေ ပြန်မည့်ရက်
တွက်နေတဲ့သား။
လူထုရဲ့ အမေ
မြန်ပြည်ရဲ့ အား၊
တို့အမေ စိတ်ဓာတ်က
သိပ်မြတ်ပေသား။
စွန့်လွတ်လို့ အနစ်နာခံ
စေတနာမှန် ပြည်သူအား၊
ထောင်တန်းကို သူမမှု
အံတုနေသား။
လူထုရဲ့ အမေ
ကျန်းမာစေသား၊
အမေအို ဒီမိုလမ်း
လှမ်းချီလို့ထား။ ။
(နွေဦးအောင်မြင်)
09_06_2025 ပဲခူးတိုင်းအနောက် ဇီးကုန်းမြို့နယ်
၈၅ ပုဒ်မြောက်ကတော့ တနေ့ စုကဗျာ တပုဒ်ကျ ဆိုသလို ရေးတင်နေတဲ့ ဆုကြယ်စင်ရဲ့ ကဗျာပါ။ ဆုကြယ်စင် တဦးတည်းနဲ့ အမေစုအတွက် ကဗျာ ပုဒ် ဘယ်လောက် ရေးထားပြီးပြီလဲ မသိ။
အမေ့မွေးနေ့အကြို_ကဗျာစု (ဆုကြယ်စင်)
June ဆယ့်ကိုး
ပကတိတန်ဖိုး
ပြည့်ရတနာ
ပြည့်မေတ္တာ.....
ကမ္ဘာ့မော်ဒယ်
ပြည်သူ့အသည်းဝယ်
အစဥ်ပွင့်လန်း
ရင်နှစ်ပန်း.....
ဆုကြယ်စင်
#For80mom
၈၆ ပုဒ်မြောက်မှာတော့ စောစောက ပြောခဲ့သလို ကဗျာတွေ ဆက်ရေးနေတဲ့ ဆရာ ဘမိုးမြင့်ရဲ့ လက်ရာ နောက်တပုဒ်ပေါ့။
အမေ (ဘမိုးမြင့်)
သူ့အလွမ်းတွေကိုချိုး
ဘုရားပန်းအိုးမှာထိုးပြီးမှ
အဖေ့ကို
အမျှဝေတယ်။။
တရားလည်းရှိ
အမှားလည်းသိတဲ့အမေ။။
သားသမီးတွေအပေါ်မှာ
မေတ္တာထား
မျက်ရည်များနဲ့ဧရာဝတီ။ ။
ဘမိုးမြင့်
၈၇ ပုဒ်မြောက် လာပါချေပြီ။ ဆရာထိန်လင်းရဲ့ ကဗျာပါ။ ဆရာဟာ အမေစုကဗျာတွေကို စာအုပ်ထုတ်ထားခဲ့သူပါ။ ဒါ့အပြင် မကြာခင်ကပဲ အမေစုအကြောင်း စာအုပ်ထပ်ထုတ်ထားခဲ့ပါသေးတယ်။
မိခင် ၇၇ (ထိန်လင်း)
ကမ္ဘာကြီးကတောင် ဆုခြွေသရတဲ့
မြန်မာ့မိခင် မွေးနေ့ရှင်
ကြည်လင်ချမ်းမြ ကျန်းမာစေ
ဘယာဝေး၍ သက်ရှည်စေ။ ။
ထိန်လင်း
၁၉၊ ၆၊ ၂၀၂၂
၈၈၊ ၈၉ နဲ့ ၉၀ ပုဒ်မြောက် သုံးပုဒ်ကိုတော့ မောင်သော်တာ၊ တပ်ဦးလ၊ ဝဇီရာဒီဖိုးတို့ရဲ့ မိုးမခ ဝက်ဆိုဒ်မှာ ဖော်ပြထားတဲ့ -ဒေါ်အောင်ဆန်းစုကြည် ၈၀ ကဗျာများ သုံးပုဒ်တွဲကို ဖော်ပြလိုက်ပါတယ်။
သူမ (မောင်သော်တာ)
နုပျိုခြင်း အိုမင်းခြင်းတွေဟာ ငါ့မျက်လုံးအိမ်ထဲ စီးဝင်လာတယ်
နံနက်ခင်းကျေးငှက်လေးတွေလည်း နုပျိုခြင်းထဲမှာ ချိုလွင်လို့
နဖူးဆံစလေးခွေနေပုံက အိုမင်းခြင်းအရိပ်လေးမျှသာ
နိုးထခြင်းနဲ့အိပ်စက်ခြင်းကြားက စက္ကန့်မိနစ်လေးတွေက သူမရဲ့အသက်ရှူသံနောက်ကို ကပ်လျက်လိုက်ပါနေတယ်
ဘုရားစင်ရှေ့ကလွင့်ပျံလာတဲ့အမွှေးတိုင်ရနံ့လေး ပြတင်းပေါက်ကတဆင့် သွန်ချပေးခဲ့သလား
ငြိမ်သက်အေးမြတဲ့ကိုယ်ငွေ့လေးကို ပုဝါခြုံထည်လေးထဲထည့်လို့
နှင်းဆီပွင့်က သူမရဲ့ကိုယ်ရံတော်
အပြုံးပွင့်တစ်ပွင့်က သူမရဲ့သက်တော်စောင့်
သူမဖေဖေရဲ့ စိတ်ဓာတ်တွေဟာ သူမဖတ်ဖို့ကျမ်းစာတွေပဲတဲ့
ခေတ်ကို ဆယ်ယူနေတဲ့ သူမရဲ့လက်တွေ
အမှောင်ကို ခါချပြီးစ ခန်းစီးစလေး လွင့်နေတယ်
သူမရဲ့ခရီးတွေဟာ တိုက်ခန်းတစ်ခုထဲဆွဲထည့်ခံနေရတာမဖြစ်န်ုင်ဘူး
ဘာကြောင့်လဲ ကောင်းကင်ရဲ့အာကာသဓာတ်ဟာ သူမရဲ့တိုက်ခန်းထဲမှာပျံ့နှံ့နေတဟ်လေ
ခြေချင်းဝတ်မှာ ပေကျံနေတဲ့ သံချေးတွေကို ခွါပြီး
လက်ဖျံနှစ်ဖက်ကိုရစ်ပတ်ထားတဲ့ ကြိုးလွန်းတွေကိုချွတ်လို့
သူမရဲ့စိတ်ဟာ ဝိပဿနာကျင့်စဉ်ထဲမှာ သိမ်မွေ့လိမ္မာဆဲလေ
ဘဝရဲ့အလင်းတစ်လှည့်အမှောင်တစ်လှည့် ထိုးဇာတ်တွေကို သူမဖတ်ထားပြီးခဲ့ပြီ
နှလုံးအိမ်ထဲကလိပ်ပြာလေးကို ခလုပ်မထိဆူးမငြိအောင်သူမ မွေးထားတယ်
ထမင်းဖြူဖြူလေးတွေက သူမရဲ့အသက်အိမ်ကို အားဖြည့်ခဲ့တာပါ
သူတပါးရဲ့မျက်ရည်တွေကို ဘယ်အခါမှမသောက်သုံးခဲ့သူလေ
သူမရဲ့မျက်ရည်တွေ အမှန်တရားကိုတွေ့ရှိထားတဲ့မျက်ဝန်းကိုတောက်ပစေခဲ့တယ်
သူမ တစ်ယောက်တည်းရှင်သန်စေတာမျိုးမဟုတ်ဘဲ သူမလို သူမပေါင်းများစွာဟာ
ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို တွေ့မြင်စေခဲ့တာမျိုး
ကံပေးတဲ့ ခန္ဓာအိမ်က အိုမင်းလာပေမယ့် ဉာဏ်ပညာနဲ့တည်ဆောက်ထားတဲ့ခန္ဓာအိမ်က သူမရဲ့ရဲတိုက်ပေါ့
လာဟေ့ ညီအစ်ကိုတို့
တို့ကိုခင်းပေးထားတဲ့လမ်းဟာ သူမရဲ့သွေးသားစိတ်ဝိညာဉ်တွေနဲ့ ထုဆစ်ထားခဲ့တာပဲ
အချစ်အမုန်း အငြိုးအတေးမရှိတဲ့ သူမရဲ့သီချင်းသံကို နားစွင့်ကြည့်
၅ ဇွန်လ ၂၅
အနှစ် ၈၀ ပြည့် သူမသို့
....
အမေစုကို ချစ်တယ် (တပ်ဦးလ)
အမေစုနဲ့တွေ့ရင်
သားသားပြောစရာရှိလို့ပါ
စာသင်နေရင်း လေယာဉ်ပျံတွေရောက်လာတဲ့အခါ
သားတို့ ဗုံးခိုကျင်းထဲဝင်ပုန်းရတယ်မေမေ
ဟိုတလောကမှ သားသူငယ်ချင်းတွေ
ဗုံးကြဲတဲ့အထဲ ပါသွားခဲ့တာမေမေ
သူတို့ လွယ်အိတ်တွေပဲကျန်ခဲ့တာမေမေ
ဆရာမက လက်ရေးလှကျင့်ခိုင်းတော့
သားတို့က
အမေစု ကျန်းမာပါစေ
အမေစု လွတ်မြောက်ပါစေ ဆိုပြီး
ဗလာစာအုပ်ထဲမှာ အစမ်းလေ့ကျင့်ခဲ့တာမေမေ
ဟိုဘက်ရွာက စာသင်ကျောင်းမှာဆို
အဲ့လို မရေးရဘူးတဲ့မေမေ
တွေ့တာနဲ့
ဆရာမက အပစ်ပေးတာတဲ့မေမေ
ပန်းချီပုံဆွဲခိုင်းရင်လည်း
သားတို့က အမေစုကြိုက်တဲ့ပန်းလေးတွေပဲရွေးပြီး
ဆွဲခဲ့တာ
သားသားဖေဖေဆိုရင်
သားကို ခဏခဏမေးတယ်မေမေ
သားကြီးလာတဲ့အခါ ဆရာဝန်ကြီးလုပ်မှာလား
စစ်ဗိုလ်ကြီးလုပ်မှာလားတဲ့
သားဘာမှမလုပ်ချင်ဘူး
အမေစုလို ခေါင်းဆောင်ကြီးလုပ်မယ်
ပြည်သူတွေကို စောင့်ရှောက်မယ်လို့ပြောလိုက်တယ် မေမေ
မင်းခုအချိန် အမေစုနဲ့ဖုန်းပြောခွင့်ရမယ်ဆို
သားအနေနဲ့ ဘာပြောချင်တာရှိလည်းတဲ့
တစ်ကယ်လား ဖေဖေ
ဟယ်လို
ဟယ်လို
အမေဒေါ်အောင်ဆန်းစုကြည်လား
သားသားဇေယျာဘုန်းထက်ပါ
မွေးနေ့ ၈၀
အမေစုကို ချစ်တယ်
မွေးနေ့ ၈၀
အမေစုကို ချစ်တယ်
မွေးနေ့ ၈၀
အမေစုကို ချစ်တယ်
......
ငါတို့အာလုံးရဲ့အမေ (ဝဇီရာဒီဖိုး)
ချုပ်လည်း မပြုတ်
သတ်လည်း မသေ
တို့ပြည်ထောင်စုရဲ့ အမေ။ ။
၁၁:၄၆
၈.၆.၂၀၂၅
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့သို့
၉၁ ပုဒ်မြောက် ကဗျာနဲ့ အပိုင်း ၁၁ ကို အဆုံးသတ်ပါမယ်။ စု ၈၀ ကို စာကြောင်း ၈၀ တိတိနဲ့ ရေးသားထားတဲ့ ဆရာ အောင်ဝေးရဲ့ ကဗျာကို ပြီးခဲ့တဲ့ အပိုင်း ၁၀ မှာ အဆုံးသတ် ထည့်သွင်းခဲ့တယ်။ အခုလဲ အကြောင်း ၈၀ ကဗျာတပုဒ် ထပ်ရပြန်ပြီ။ စု ၈၀ မွေးနေ့ကြို ကဗျာများ အပိုင်း ၁၁ ကို ဒီ အကြောင်း ၈၀ ကဗျာ နောက်တပုဒ်နဲ့ပဲ အဆုံးသတ်မယ်လေ။
အမေ့မွေးနေ့မော်ကွန်း (ခေါင်းကြီး)
ဤ စာကြောင်းရေ (၈၀) ကဗျာဖြင့် ကိုထိန်လင်း (Kim Aris)၏ ‘For her, We can’ Meaningful Challenge Campaign တွင် ပါဝင်သည်။
*အာကာသကောင်းကင်ယံအတွင်းက...
နေမင်းကြီးတစ်စင်းလို...
ထွန်းလင်းတောက်ပဝေဖြာတဲ့...
ဉာဏ်ပညာ အလင်းရောင်တွေကို...
အမှောင်ခွင်းအလင်းပြ...
ဖွင့်ဟဝေမျှပေးခဲ့တဲ့ အမေ...
လပြည့်ဝန်းကြီးပမာ...
ကြည်လင်ဝင်းပသာယာတဲ့...
ချစ်ခြင်းမေတ္တာ အငွေ့အသက်တွေနဲ့...
ပွေ့ဖက်လွှမ်းခြုံ...
နွေးထွေးလုံခြုံစေခဲ့တဲ့ အမေ...
ဓူဝံကြယ်ကြီးအလား...
စံထားရှေ့ဆောင်လမ်းပြပြီး...
ပြည်သူ့ဘဝအမှောင်ခေတ်...
မီးရှူးတန်ဆောင်အဖြစ်နဲ့...
ထွန်းပြောင်လင်းလက်...
နှင်းဆက်ပေးဆပ်ခဲ့တဲ့ အမေ...။
*ကမ္ဘာ့ရေပြင်ကျယ်ကြီးထဲက...
သမုဒ္ဒရာကြီးများကဲ့သို့...
အဆုံးအစမဲ့ ကျယ်ပြောနက်ရှိုင်းစွာ...
ကိုယ်ချင်းစာတရားအလှကို...
အနန္တ ကရုဏာအပြုံးတွေနဲ့...
စံပြကျင့်သုံးပြခဲ့တဲ့ အမေ...
ပင်လယ်ကျောက်ဆောင်ကြီးများဟန်...
လောကဓံလှိုင်းလုံးများရဲ့ဒဏ်ကို...
ကြံ့ကြံ့ခံ သတ္တိဇွဲမာန်တွေနဲ့...
ခါးမချည့် ငုံ့မခံဘဲ..
တုံ့ပြန်ကျော်လွှားပြခဲ့တဲ့ အမေ...
ဝေလငါးကြီးများသဖွယ်...
ထုထည်ကြီးမားကောင်းမြတ်တဲ့...
စိတ်ဓာတ်ခွန်အားဗလ...
လုံ့လဝီရိယများစွာ...
နှလုံးသားမှာတည်...
ကိုးစားယုံကြည်ခဲ့တဲ့ အမေ...။
*မဟာပထဝီမြေကြီးပေါ်က...
တောင်တန်းကြီးများသဏ္ဌာန်...
မြင့်မားခိုင်မာမြဲမြံတဲ့...
သစ္စာမဏ္ဍိုင်ကို...
မယိုင် မလဲ မယိမ်း...
စောင့်ထိန်းလိုက်နာပြခဲ့တဲ့ အမေ...
မြစ်ကြောင်းကြီးများလိုမှတ်...
တသမတ်တည်းစီးဆင်းပုံ...
လိပ်ပြာလုံတဲ့ ခံယူချက် ယုံကြည်ချက်...
ရင်ထဲမှာ တစ်သက်တာအမြဲ...
ကိုင်စွဲသက်သေပြခဲ့တဲ့ အမေ...
စိန်ရွှေပတ္တမြား တွင်းထွက်ရတနာများလို...
တန်ဖိုးစကား ပြောလို့မရနိုင်ပေမဲ့...
အဖိုးအနဂ္ဃထိုက်တဲ့အရာ...
ကိုယ်ကျင့်တရားသိက္ခာကို...
လေးစားစွာတန်ဖိုးထား..
ကြိုးစားထိန်းသိမ်းပြခဲ့တဲ့ အမေ...။
*ဒီလောကကြီးထဲမှာရှိတဲ့...
ဘယ်အရာဝတ္ထု တစ်ခုတည်းနဲ့မျှ...
ထပ်တူကျကိုက်ညီအောင်...
နှိုင်းဆဖော်ပြလို့မရ...
ဘယ်စကားလုံး တစ်လုံးတည်းနဲ့မျှ...
လုံးဝပြည့်စုံသွားအောင်...
တင်စားရေးပြလို့မရ...
ဘယ်ကဗျာအဟုတ် တစ်ပုဒ်လောက်နဲ့မျှ...
လှပခန့်ညားအောင်...
ခံစားရေးဖွဲ့လို့မရ...
ဘယ်စာအုပ် တစ်အုပ်လောက်နဲ့မျှ...
ဂန္ထဝင်မြောက်သွားအောင်...
ရေးသားဖန်တီးလို့မရ...
ခမ်းနားကြီးကျယ်မြင့်မြတ်တဲ့...
ဂုဏ်ဒြပ် ဂုဏ်ပုဒ် ဂုဏ်ထူးတွေကို...
ဂုဏ်သတင်းမြင့်မားစွာ...
ဝင့်ကြွားပိုင်ဆိုင်ထားတဲ့...
"အနှိုင်းမဲ့မိခင်" အတွက်...။
*မဟာပထဝီမြေကြီးကို...
သက်သေပြုတိုင်တည်ပြီး...
ကမ္ဘာ့ရေပြင်ကျယ်ကြီးပမာ...
ညီညီညာညာ သစ္စာနှံလျက်...
အလျင်အမြန် အနှောင်အဖွဲ့တွေပျောက်...
အမှောင်အလှည့်တွေ လွန်မြောက်ကျော်ဖြတ်လို့...
လွတ်လပ်ခြင်း ဧကန်အမှန်...
ဘေးအန္တရာယ် ကင်းစင်စွာနဲ့...
အာကာသကောင်းကင်ယံအတွင်းမှာ...
ပျံသန်းပျော်ရွှင်နိုင်ပါစေကြောင်း...
မွေးနေ့ဆုတောင်းပတ္ထနာ ပြုအပ်ပါတယ် အမေ...။
ကဗျာတွေ အများကြီး ထပ်လာနေတယ်။ လာမယ့် စု ၈၀ မွေးနေ့ကြို ကဗျာများ အပိုင်း ၁၂ မှာ ဆက်လက်ဖော်ပြပေးပါမယ်။ ကဗျာ အသစ် အဟောင်းတွေလည်း ထပ်ပို့လာကြပါဦး။ ။
ထောင်တွင်းရောက်နေ၊ မမြင်ပေမို့
အမေစုကို၊ မေ့နေကြပြီ
ပြောကြသည်များ၊ တိတ်ဆိတ်သွားပြီ
"ဆန်းစုကြည်" ဟေ့၊ တို့မမေ့ပါ
ရာကျော်ကဗျာများက သက်သေပြနေကြတကား။ ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar