Breaking News

တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၃)


တင်မိုး - ဘဝထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၃)

(မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၉

(၁)
မြန်မာမှုမှာ “အိမ်တဆောင်မီးတပြောင်” ဆိုတဲ့ စကားရှိပါတယ်။ လူမှန်ရင် တအိုးတအိမ် ထူထောင်ရစမြဲပါ။ အိမ်ထောင်ရှိသူတိုင်း ကိုယ့်အိုး၊ ကိုယ့်အိမ်နဲ့ လွတ်လွတ်လပ်လပ်နေချင်ကြတာ ဓမ္မတာပါ။

ဒီနေ့ခေတ်မှာက ကိုယ်ပိုင်အိုးအိမ်နဲ့နေနိုင်ဖို့ မနည်းကြိုးစားကြရပါတယ်။ လင်ရော မယားပါ ချွေတာနိုင်၊ စုဆောင်းနိုင်ပါမှ၊ အလိမ္မာဖက်နိုင်ပါမှ အိုးပိုင်အိမ်ပိုင်နဲ့ နေခွင့်ရကြပါတယ်။ မြို့ကြီးပြကြီးမှာနေရေးက အလွန်ခက်လှပါတယ်။

ကျနော်တို့လည်း ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနမှာ အလုပ်လုပ်ခဲ့တော့ တက္ကသိုလ်ကပေးတဲ့ အိမ်ခန်းမှာ နှစ်ပေါင်း (၂၀) ကျော် နေခဲ့ရပါတယ်။ ကိုယ်ပိုင်အိမ်ကလေးတလုံးဝယ်နိုင်ဖို့ နှစ်များစွာ ကြိုစားခဲ့ရပါတယ်။ မိတ်ဆွေပေါင်းအသင်းများရဲ့ ကျေးဇူးကြောင့် အင်းစိန် မင်းကြီးလမ်းမှာ အိမ်ကလေးတလုံး ပိုင်ဆိုင်ခွင့်ရပါတယ်။ ဒါ့ကြောင့် ၁၉၈၈ ခု ဧပြီလ (၁၀) ရက်နေ့မှာ အင်းစိန် မင်းကြီးလမ်းကို ပြောင်းရွှေ့နေခဲ့ရပါတော့တယ်။

(၂)
အင်းစိန်မင်းကြီးလမ်း စပယ်ရုံလမ်းအဝင် ကသွယ်ချောင်းကလေးဖြတ်စီးရာ တံတားဦးထိပ်ကအိမ်မှာ အေးအေးချမ်းချမ်းနဲ့ စာပေပန်း၊ ကဗျာပန်းတွေသီကုံးရင်း ပျော်မွေ့တော့မယ်လို့ စိတ်နှလုံးဒုံးဒုံးချခါမှ ရှစ်လေးလုံး အရေးတော်ပုံကြီး ပေါ်လာတော့တယ်။ ကိုယ်ကိုယ်တိုင်ကလည်း ပြည်သူထဲက ပြည်သူတဦးမို့ ရှစ်လေးလုံးအရေးတော်ပုံမှာ ကလောင်နဲ့ပါဝင်ခဲ့ပါတယ်။ ကသွယ်စမ်းချောင်းထိပ် မအူပင်ရိပ်၊ ကံ့ကော်ပင်ရိပ်၊ ပနားမားငုပင်ရိပ်မှာ လမ်းပေါ်က “တို့အရေး၊ တို့အရေး” ဆိုတဲ့အသံတွေကို ကျနော့် ကာရန်တွေက ထောက်ခံနေမိတယ်။ “အမေ့သား … စကားတိုးတိုးပြောလှည့်ပါ့” “ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများသို့” “အမေ့လက်သို့ အောင်သပြေခက်” စသဖြင့် … စသဖြင့် …။

မကြာခင် လမ်းမပေါ်မှာ စစ်သေနတ်သံတွေ လွှမ်းလာတယ်။ လူထုတွေ ဖရိုဖရဲ အပြိုပြိုအကွဲကွဲ ပြေးလွှားလာကြတယ်။ လူတွေ ပုန်းအောင်းကြ၊ ရှောင်တိမ်းကြရတဲ့ ကာလကြီးထဲမှာ ကျနော့်ဇနီး ဆုံးသွားတယ်။ သားနဲ့သမီးများတို့ မျက်ရည်မစဲခင်မှာ ကျနော်က ကိုယ့်အိမ်နဲ့ မိသားစုကိုစွန့်ခွာပြီး အင်းစိန်ထောင် ရောက်သွားရတယ်။ လောကဓံလှိုင်းလုံး ရိုက်ခတ်သမျှ ခံစားခဲ့ရလေရဲ့။

(၃)
ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မြန်မာလူထုရဲ့ ဒီမိုကရေစီတောင်းဆိုမှုဟာ မှန်ကန်တယ်။ ဒီလူထု အရေးတော်ပုံကြီးကို ခေါင်းဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေရဲ့သတ္တိရှိရှိ ရဲရဲရင့်ရင့်နဲ့ ဦးဆောင်မှုပေးတာကိုလည်း နှစ်သက်ကြည်ညိုတယ်။ ဒီလိုယုံကြည်မှုဟာ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ယုံကြည်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၅ ခု ဖေဖော်ဝါရီမှာ ကျနော့်ကို အင်းစိန်ထောင်က လွှတ်ပေးခဲ့ပေမယ့် လူထုနဲ့ လူထုခေါင်းဆောင်တွေကို ယုံကြည်လျက်ပဲ ရှိပါတယ်။ ဒီတော့ အကျိုးဆက်က ကျနော်နဲ့ မလှမ်းမကမ်းမှာ စစ်ထောက်လှမ်းရေးက အမြဲမပြတ် စောင့်ကြည့်နေတော့တာပေါ့။ ကျနော်ဟာ နိုင်ငံရေးသမားတဦး မဟုတ်ပေမယ့် လူထုနဲ့အတူရပ်တည်နေတဲ့ စာပေသမားတဦးလို့သတ်မှတ်ပြီး ထစ်ခနဲဆို ဖမ်းဖို့ ကြံစဉ်နေပြီပေါ့။

(၄)
ဒီအကြောင်းကိုသိနေတဲ့ ဘယ်လ်ဂျီယံရောက် သမီးဆရာဝန်က “ဖေဖေ … အင်းစိန်ထောင်ထဲနေမယ့် အစား ဘယ်လ်ဂျီယံမှာ လာနေပါ” လို့ ဖိတ်ခေါ်စီစဉ်လိုက်တာနဲ့ ဥရောပကို ၁၉၉၉ ခု သြဂုတ်လမှာ ကျနော် ရောက်လာရပါတယ်။ သမီးရဲ့ခင်ပွန်းက ဘယ်လ်ဂျီယံနိုင်ငံသားပါ။ မြန်မာပြည်အလည်လာခိုက် ဖူးစာဆုံခဲ့ရသူပါ။ သူက အန့်တဝပ်မြို့၊ ရေပေးရေးဌာန (အာဝေဝေ) ကွန်ပျူတာဌာနကပါ။ အန့်တဝပ်မြို့က ဌာနဆိုင်ရာအိမ်ခန်းမှာနေရင်း သမက်ရဲ့မွေးရပ်မြေ အက်ဆမ်မြို့မှာ မြေတကွက်ဝယ်ပြီး စနေ၊ တနင်္ဂနွေ အားရက်မှာ ကိုယ်ထူကိုယ်ထ အိမ်ဆောက်ခဲ့တာ အခုတော့ အိမ်ပြီးလို့ သမီးတို့မိသားစု ပြောင်းခဲ့ပါပြီ။ ၂၀၀၅ ခု၊ သြဂုတ်လ (၃၁) ရက်နေ့မှာ ကိုသက် (ဧရာဝတီ)၊ ထွန်းထွန်း၊ မောင်အောင်ဆန်း စတဲ့ မြန်မာလူငယ်တွေ အကူအညီနဲ့ ဘယ်လ်ဂျီယံက မြန်မာအိမ်ကို ပြောင်းရွှေ့နေထိုင်ကြပါပြီ။

ကျနော်လည်း ကိုယ်နေထိုင်ရာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ကနေ ကဗျာတပုဒ်ရေးပို့ပြီး အိမ်ပြောင်းမင်္ဂလာကို ကြိုဆိုလိုက်ရပါတယ်။ ကဗျာကတော့ ဒီလိုပါ။

အိမ်တက်မင်္ဂလာ

“သီရိမင်္ဂလာ အိမ်သာယာသို့၊ စန္ဒရာ မာယာတို့ ပြောင်းကာရွှေ့ကာနေကြပြီ … တဲ့။

ဒီမှာ ဘုရားခန်း၊ သပြေပန်းနဲ့ ရေချမ်းဆွမ်းကပ်၊ တရားမှတ်၊ ဒီမှာဖိုးဖိုး ကဗျာမိုးတွေ ရွာဖြိုးလေ …တဲ့။

ဒီမှာမေမေ လေသန့်ရှူရှိုက်၊ ဗိုက်ပိန်ဝိတ်ချ၊ အလှမပျက်၊ မျက်နှာချိုပြုံး လေ့ကျင့်အုံး … တဲ့။

ဒီမှာဖေဖေ၊ ပန်းပင်ရေဖျန်း၊ တီဗွီခန်းနဲ့ ဆန်းဆန်းပြားပြား ဂိမ်းကစား .. တဲ့။

ဒီမှာ စန္ဒရာ၊ ဒီမှာ မာယာ၊ ကစားစရာအစုံ၊ ပုံတွေရေးဆွဲ၊ လက်သဲဆေးဆိုး၊ နှုတ်ခမ်းဆိုးရင်း၊ ပန်းကြိုးပိုးစ၊ ရှုပ်ပွပွနဲ့ ၀လုံးတွေရေး၊ အတွေးပိုပို၊ သီချင်းဆိုမယ် အပျိုမကလေးတွေရဲ့ အခန်းပါ။

သီရိဂေဟာ၊ အဖိုးလာပြီ၊ သြဝါဒတွေ၊ မြန်မာမှုတွေ၊ ဘုရားစာတွေ၊ သင်ပေးလေမယ် ကျန်းမာစေမှု၊ သာဓု … သာဓု … တဲ့။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၄၉)၊ အောက်တိုဘာ ၂၀၀၅