Breaking News

နေသွင်ညိဏ်း - အင်စတီကျူးရှင်း (၄) မျိုး

အင်စတီကျူးရှင်း (၄) မျိုး
နေသွင်ညိဏ်း
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၂၀

အင်စတီကျူးရှင်း (Institution) ကို (stable, valued, recurring patterns of behavior) လို့ နာမည်ကျော်ပညာ ရှင် ဆင်မြူရယ်လ်ဟန်တင်တန်က အဓိပ္ပါယ်ဖွင့်ထားပါတယ်၊ “ခိုင်ခံ့သော၊ တန်ဖိုးထားသော၊ လူတို့၏ အပြု အမူများကို အဖန်တလဲလဲဖြစ်စေတတ်သောအရာ” လို့ ကောက်ယူနိုင်ပါလိမ့်မယ်။
အရေးကြီးတာက အင်စတီကျူးရှင်းတွေက မိုးပေါ်ကနေ ကျလာတာ မဟုတ်ပါဘူး၊ သက်ဆိုင်ရာ နိုင်ငံတွေက ပြည်သူတွေက ဒီလို အင်စတီကျူးရှင်းတွေ ပေါ်ပေါက်လာအောင် ကျားကုတ်ကျားခဲ ကြိုးပမ်းခဲ့ကြတာသာ ဖြစ်ပါတယ်။ 

နိုင်ငံများကျဆုံးရခြင်း Why Nations Fail: စာအုပ်ထဲမှာ စာရေးသူတွေက အီဂျစ်နဲ့ အင်္ဂလန်တို့ကို နှိုင်းယှဉ်ပြီး  “ ဗြိတိန်က အီဂျစ်ထက် ပိုပြီး ချမ်းသာရတဲ့အကြောင်းကတော့ ၁၆၈၈ ခုနှစ်မှာ အင်္ဂလန်မှာ တော်လှန်ရေးပေါ်ပေါက်ခဲ့တယ်။ အဲဒီတော်လှန်ရေးကြောင့် နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲ သွားပြီး၊ အကျိုးဆက်အနေနဲ့ စီးပွားရေးအခြေအနေတွေလည်း ပြောင်းလဲလာတယ်။ ပြည်သူတွေဟာ နိုင်ငံရေးနဲ့ စီးပွားရေးအခွင့် အလမ်းတွေကို ချဲ့ထွင်ဖို့အတွက် တောင်းဆို တိုက်ပွဲဝင်ရင်း အဲဒီအခွင့်အရေးတွေကို ရရှိခဲ့ကြတယ်။ အကျိုးဆက်ကတော့ လုံးဝခြားနားတဲ့နိုင်ငံရေးနဲ့ စီးပွားရေး အလားအလာကောင်းတွေ ပွင့်လင်းလာပြီး၊ စက်မှု တော်လှန်ရေး ခေတ်ကြီးအထိ အထွတ်အထိပ်ကိုရောက်ခဲ့ကြတယ်” လို့ သုံးသပ်ပြထားပါတယ်။

(၁) ဒီမိုကရေစီ (Democracy) 

ဒီမိုကရေစီကို ဝေဖန်သူတွေထဲမှာ ဗြိတိသျ ဝန်ကြီးချုပ် ချာချီရဲ့ စကားအတိအကျက “ဒီမိုကရေစီဟာ ခြောက်ပြစ် ကင်းပြီး အဘက်ဘက်က ပြည့်စုံတဲ့ စနစ်လို့တော့ ဘယ်သူမှ မယူဆပါဘူး။ တကယ်ကျတော့ သမိုင်းတလျောက်စမ်းသပ်လာပြီးခဲ့သမျှ တခြားစနစ်တွေကလွဲရင် အဆိုးဆုံး စနစ်တစ်ခုပဲ”  ဒီစကားကို ချာချီက ၁၉၄၇ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြောခဲ့တယ်လို့ မှတ်တမ်းရှိပါတယ်။ 

ချာချီထက် ၁၀ နှစ်လောက်စောပြီး ပြောခဲ့တဲ့ ဦးသန့်က ကြီးပွားရေး မဂ္ဂဇင်းမှာ ၁၉၃၅ အောက်တိုဘာလထုတ်မှာ ဖော်ပြခဲ့တဲ့ ငါးခွန်းသော စကား ဆောင်းပါးမှာ “ဒီမော်ကရေစီခေါ် အများကြိုက် အုပ်ချုပ်သော စနစ်သည် မည့်သည့် တိုင်းပြည်နိုင်ငံတွင်မှ လုံးဝမအောင်မြင်ခဲ့ပါ” လို့ ရေးပါတယ်။  “အများသဘောကို မလိုက်နှင့်ဟု ဆိုရာ၌ မည်သည့်အခါ မဆို အများသဘောနှင့် ဆန့်ကျင်ရမည်ဟု မဆိုလိုပေ။ ... သတိပေးသော သဘောနှင့်ရေးခြင်းပင်ဖြစ်သည်။ အများသဘောသည် မှားလျှင် မှားကြောင်း ညွှန်ပြနိုင်ရမည်။ ဆန့်ကျင်ရဲရမည်။ ...” လို့ ရေးပါတယ်။ 

နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဒီနေ့ခေတ် နိုင်ငံရေးပါတီတွေကို ရေမျောစိုက်ခင်း hydroponic တွေလို့ ခေါ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့အပေါ်မှာ မျောနေပေမယ့် အမြစ်က လူ့အဖွဲ့အစည်းထဲမှာရှိမနေတာကို ဆိုလိုပါတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ နိုင်ငံရေး ပါတီကြီးတွေဟာ သူဌေးကြီးတွေ၊ အကောင်းစားတက္ကသိုလ်ဆင်းတွေ၊ အောင်မြင်တဲ့ စီးပွားရေးသမားတွေကို ခေါင်းဆောင် တင်ကြပါတယ်။ ပြည်သူလူထုနဲ့ ကင်းကွာဖို့ အခွင့် အလမ်း အင်မတန် များပါတယ်။  နိုင်ငံရေးခေါင်းဆောင်တွေဟာ သာမန်မဲဆန္ဒရှင်တွေကို အချိန်ပေးဖို့ထက် ဘဏ်သူဌေးကြီးတွေ၊ စီးပွားရေးသမားတွေ၊ ထိပ်တန်း အရာရှိတွေ၊ မိုးမမြင် လေမမြင် ပညာရှင်ဆိုသူတွေနဲ့ပဲ အချိန်ကုန်ကြပါတယ်။ 

အောင်မြင်တဲ့ ဒီမိုကရေစီ နိုင်ငံရေးသမားတွေဆိုတာ မဲဆန္ဒရှင်တွေက မျှော်တော်ဇောနဲ့ မောနေရတဲ့ လူမျိုးမဟုတ်ဘဲ၊ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ အမြဲလမ်းစရှာနေတဲ့လူမျိုး ဖြစ်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင် Yascha Mounk က ဆိုပါတယ်။

(၂) စျေးကွက်စီးပွားရေး (Market Economy) 

နိုင်ငံများ ကျဆုံးရခြင်း Why Nations Fail: စာအုပ်ရေးသားခဲ့တဲ့ Daron Acemoglu က “စီးပွားရေးမှာ လူတိုင်းအတွက်လမ်းဖွင့်ပေးထားတဲ့ inclusive ဖြစ်တဲ့ အင်စတီကျူးရှင်းတွေဟာ ရင်းနှီးမြှုပ်နှံမှု၊ တီထွင်ဖန်တီးမှုတွေကို စေ့ဆော်ပြီး တန်းတူရည်တူ ယှဉ်ပြိုင်မှုတွေကို ပေါက်ပေါက် စေနိုင်တယ်။ ဒီလို စီးပွားရေးအင်စတီကျူးရှင်းမျိုးက ကြီးပွားချမ်းသာခြင်းကို ဖန်တီးပေးနိုင်တယ်။ လူ့အဖွဲ့အစည်း အတော်များများဟာ အများကို လမ်းဖွင့်ပေးတဲ့ အင်စတီကျူးရှင်းပုံစံနဲ့ မဖြစ်ဘဲ၊ အများအပေါ် ဂုတ်သွေးစုပ်တဲ့ extractive အင်စတီကျူးရှင်းတွေနဲ့ပဲ စခန်းခဲ့တာများတယ်။”  လို့ ဆိုပါတယ်။

စီးပွားရေးမှာ ဂုတ်သွေးစုပ် extractive အင်စတီကျူးရှင်းဆိုက လူ့အဖွဲ့အစည်းထဲက လူတစ်စုကိုပဲ အခွင့်ထူးတွေ ပေးထားတယ်၊ လူအများစုကို ကျတော့ အရည်အချင်းနဲ့ မသင့်တော်နဲ့ အသက်မွေးမှုတွေမှာ လုပ်ခနည်းနည်းပေးပြီး အတင်းအကြပ် ခိုင်းစေတာမျိုး၊ သူတို့ တကယ် လုပ်ချင်တဲ့ အလုပ်တွေကိုကျတော့ လုပ်ခွင့်မရအောင် ပိတ်ပင်ထားတာမျိုးတွေပါ။ တသီးပုဂ္ဂလိ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အတွက် အာမခံချက်မရှိဘူး။ အလုပ်လုပ်ကိုင်ခွင့်တွေကို ပိတ်ပင်တယ်။ တီထွင်မှုနဲ့ နည်းပညာပျံ့နှံ့မှုကို တားဆီးတယ်။  ဒီလိုအင်စတီကျူးရှင်းမျိုးတွေ ရှိနေရတဲ့အကြောင်းက နိုင်ငံရေး အာဏာရ ထားတဲ့ လူတစုက လူအများစုဆီကနေ အရင်းအမြစ်တွေကို ခေါင်းပုံဖြတ်ထုတ်ယူဖို့အတွက် စနစ်တကျ စီမံထားတဲ့အတွက်ကြောင့်ပါ။  

ဒီမှာ သတိထားရမှာက လူတိုင်းအတွက် လမ်းဖွင့် ပေးထားတဲ့ စျေးကွက်စီးပွားရေးစနစ်တွေက အစိုးရရဲ့ ထိန်းချုပ်မှုကနေ လုံးဝကင်းလွတ်တဲ့ laissez-faire စျေးကွက်နဲ့ မတူပါဘူး။ laissez-faire က သူချည်းသက်သက် လွှတ်ထားမယ် ဆိုရင် လူအများစုကြီးကို ကောင်းမွန်တဲ့ ပညာရေးကို လက်လှမ်းမီရစေမယ်လို့ အာမ မခံနိုင်ဘူး။ တန်းတူရည်ရည်ယှဉ်ပြိုင်ခွင့်ရမယ့် ရေပြင်ညီကွင်း မဖြစ်နိုင်ဘူး။ laissez-faire က အင်အားကြီးတဲ့ အလုပ်ရှင်တွေက အလုပ်သမားတွေ အပေါ် အနိုင်ကျင့်တာ မရှိစေရဘူးလို့လည်း အာမမခံနိုင်ဘူး။ ဒါကြောင့် inclusive markets ဖြစ်ဖို့ဆိုရင် အတိုင်းအတာတခုအထိတော့ စည်းနဲ့ ကမ်းနဲ့ ဖြစ်ဖို့ လိုပါတယ်။

၃၊ တရားဥပဒေစိုးမိုးရေး (Rule of Law)

The Great Degeneration စာအုပ်ထဲမှာ သမိုင်းပညာရှင် နီးလ်ဖာဂူဆန်က တရားဥပဒေ စိုးမိုးရေးရဲ့ ရန်သူနံပါတ် (၁) ဟာ မတရားတဲ့ ဥပဒေတွေလို့ ကောက်ချက်ဆွဲထားပါတယ်။ “တရားဥပဒေစိုးမိုးရေးမှာ ရန်သူ များစွာရှိပါသည်။ ယင်းတို့အနက် တခုမှာ ဆိုးရွားသော ဥပဒေများ ကိုယ်တိုင်ပင်ဖြစ်သည်” ဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ ပညာရှင်တွေ ပြန်လည် ကိုးကားကြတဲ့ ဥပဒေပညာရှင် Tom Bingham ရဲ့ အခြေခံစံနှုန်း (၇) ချက်ရှိပါတယ်။ 

၁၊ ဥပဒေဟာ လူတွေ နားလည်နိုင်တဲ့ အနေအထားမျိုးဖြစ်ရမယ်၊ ရှင်းလင်းရမယ်။ ကြိုတင်ခန့်မှန်းနိုင်ရမယ်။ 
 
၂၊ ဥပဒေအရ အခွင့်အရေးနဲ့ အပြစ်ပေးခံရခြင်းဆိုတာတွေက ဥပဒေအတိုင်းပဲ ဖြစ်ရမယ်။ လိုရင်မျိုး၊ မလိုရင်တမျိုး မဖြစ်စေရ။

၃၊ ဥပဒေရဲ့ ရှေ့မှောက်မှ အားလုံး တန်းတူရည်တူ ဖြစ်ရမယ်။

၄၊ အစိုးရဝန်ကြီးတွေ၊ အဆင့်ဆင့်သော ဌာနဆိုင်ရာ အရာရှိတွေက လုပ်ပိုင်ခွင့်အာဏာကို ကျင့်သုံးတဲ့အခါမှာ ဖြောင့်မတ်၊ မျှတရမယ်၊ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန်ကျင့်သုံးတာမျိုး မဖြစ်စေရ၊

၅၊ ဥပဒေတွေဟာ အခြေခံ လူ့အခွင့်အရေးကို အပြည့်အဝ အာမခံရမယ်၊ ( ဒီအချက်ထဲမှာ လူတယောက်ရဲ့ အသက်ရှင်ခွင့်၊ မိသားစုတွေရဲ့ ကိုယ်ပိုင်ဘဝတွေကို လေးစားမှု၊ လွတ်လပ်စွာတွေးခေါ်၊ ယုံကြည်၊ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာစုရုံးခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထိမ်းမြားခွင့်၊ ခွဲခြားဆက်ဆံခြင်း ကာကွယ်ပေးထားခြင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ကာကွယ်ပေးထားခြင်း၊ ပညာသင်ကြားခွင့်ရှိစေခြင်း.. စသဖြင့် အကြုံးဝင်ပါတယ်)

၆၊ ဥပဒေရဲ့ ရည်ရွယ်ချက်က ပြသနာကို ဖြေရှင်းခြင်းကို ဦးတည်ရမယ်။ အကုန်အကျ များလွန်းတာ၊ အချိန်ကြန့်ကြာလွန်းတာမျိုးလည်း မဖြစ်စေရ၊ ပေါ်ပေါက်လာတဲ့ လူမှုပြသနာတွေဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေက သူတို့ဘာသာ မဖြေရှင်းနိုင်တဲ့ အမှုမျိုးလည်း ဖြစ်ရမယ်။

၇၊ နိုင်ငံတော် တရားစီရင်ရေး လုပ်ငန်းစဉ်မှာ တရားမျှတမှုရှိရမယ်။ 
ဖွံ့ဖြိုးရေးပညာရှင် Paul Collier ရဲ့ အဆိုအရတော့ မြန်မာပြည်လိုမျိုး ဆင်းရဲတဲ့ နိုင်ငံတွေမှာ တရားဥပဒေ စိုးမိုးရေးရှိလာဖို့ ဆိုရင် အဆင့် ၄ ဆင့်ကို ကျော်ဖြတ်ဖို့ ဆိုပါတယ်။  (၁) အကြမ်းဖက်မှုတွေကို လျှော့ချဖို့ (ပြည်တွင်းစစ်တွေရပ်ဖို့)၊ (၂)  ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ကာကွယ်ပေးဖို့ (၃) အစိုးရကို ထိန်းကြောင်းနိုင်မယ့် အင်စတီကျူးရှင်းတွေ ထူထောင်ဖို့ (၄) အစိုးရကဏ္ဍမှာ အဂလိုက်လိုက်စားမှုတွေကို ကာကွယ်ဖို့ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

၄၊ ယဉ်ကျေးသောလူ့အဖွဲ့အစည်း (Civil Society) 

အရပ်ဘက်အဖွဲ့အစည်းလို့ ဘာသာမပြန်ပါ။ Civil Society ကို ယဉ်ကျေးသော လူ့အဖွဲ့အစည်းလို့ပဲ ဘာသာပြန်လိုက်ပါတယ်။ သူနဲ့ ဆန့်ကျင်ဘက်က Uncivil Society (မယဉ်ကျေးသောလူ့အဖွဲ့အစည်း) ဖြစ်ပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတရပ်မှာ သာရေး၊ နာရေး၊ ဘာသာရေး၊ သမဂ္ဂတွေ၊ ကိုယ်ထူကိုယ်ထအဖွဲ့တွေ ရှင်သန်အားကောင်းဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့လူမှုအရင်းအနှီး (Social Capital) လို့ပညာရှင်တွေက သဘောတည်းရှိကြပါတယ်။ အစိုးရ တရပ်တည်းကို အားကိုးနေ၊ အစိုးရပြောသမျှ လိုက်လုပ်ပေးနေရင် အဲဒီလူ့အဖွဲ့အစည်းဟာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်ကို မတက်နိုင်ပါဘူး။   

“အားကောင်းသော နိုင်ငံတော်နှင့် အားကောင်းသော လူ့အဖွဲ့အစည်းတို့ကြားက အင်အားမျှခြေက ဒီမိုကရေစီနစ်ကို ရှင်သန်ဖွံ့ဖြိုးစေသည်ကို ၁၇ ရာစု အင်္ဂလန်ပြည်သာမက ခေတ်ပြိုင်ဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံများတွင် တွေ့ရပေသည်၊” (ဖူကူယားမား၊ The Origins of Political Order၊ စာမျက်နှာ ၄၈၀) 
"ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ ပြည်သူတယောက်ရဲ့ တာဝန်ဟာ ရွေးကောက်ပွဲမှာ မဲပေးလိုက်ရုံ၊ အလုပ်လုပ်ရုံ၊ ဥပဒေအရ မှန်ကန်တဲ့ ဘက်က ရပ်တည်ရုံနဲ့ မပြီးပါဘူး။ ကိုယ့်အိမ်၊ ကိုယ်မိသားစုတာဝန်အပြင် ကျယ်ပြန့်တဲ့ လူမှုအသိုက်အဝန်းထဲမှာ တက်တက်ကြွကြွ ဝင်ဆံ့ဖို့လည်း လိုအပ်ပါတယ်၊ ဒါမှပဲ မိမိကိုယ်တိုင်အပါအဝင်၊ လူမှုအသိုက်အဝန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို တိုးတက်အောင် ပြုပြင်တဲ့ နေရာမှာ ကိုယ်တိုင်လည်း ပါဝင်နိုင်ပါလိမ့်မယ်။ ကလေးတွေကို ပညာ ဘယ်လိုသင်ကြားပေးကြမလဲ၊ အကူအညီလိုသူတွေကို ဘယ်လိုအကူအညီပေးကြမလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လို တိုက်ဖျက်ကြမလဲ၊  လမ်းတွေကို ဘယ်လို သန့်ရှင်အောင် လုပ်မလဲ... ဆိုတဲ့ ကိစ္စတွေမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ဖို့ လိုပါတယ်၊ (Niall Ferguson, The Great Degeneration) 

အောင်မြင်ဖွံ့ဖြိုးတဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့ နိုင်ငံတော်ယန္တယားတွေ အားကောင်းရမယ် (Strong) ။ စွမ်းဆောင်ရည်ရှိရမယ် (Capable)၊ တချိန်တည်းမှာ ဥပဒေရဲ့ လက်အောက်ခံ (Subordination to the law)၊ အစိုးရက တိုင်းသူပြည်သားတွေကို တာဝန်ခံမှု (Accountability) လည်း ရှိရမယ်။ ကျွမ်းကျင်မှုနဲ့ အထူးပြုမှုအပေါ် အခြေခံတဲ့ အလုပ်ခွဲခြားမှုနဲ့ ပုဂ္ဂိုလ်စွဲကင်းတဲ့ အာဏာအပ်နှင်းမှု (လုပ်ပိုင်ခွင့်ပေးခြင်း) မျိုးလည်း လိုအပ်တယ်လို့ ဖူကူယားမား (Francis Fukuyama) က ဆိုပါတယ်။

ဆိုခဲ့တဲ့ ဒီမိုကရေစီ (Democracy)၊ စျေးကွက်စီးပွားရေး (Market Economy)၊ တရားဥပဒေ စိုးမိုးရေး (Rule of Law)၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်း (Civil Society) ဆိုတာတွေက အနောက်နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရခြင်းရဲ့ အဓိက အင်စတီကျူးရှင်း (၄) ခုအဖြစ် နီးလ်ဖာဂူဆန်က (The Great Degeneration : How institutions Decay and Economic Die) မှာ ကောက်ချက်ဆွဲထားပါတယ်။ 

နေသွင်ညိဏ်း
ဒီဇင်ဘာ၊ ၂၀၁၂ (Update: ဒီဇင်ဘာ ၂၀၂၀)
- https://www.facebook.com/nethwin.nyein/posts/1200823710334715 မှ ယူပါသည်။