Breaking News

နေဘုန်းလတ် - VPN ခံ ထောင် (၃) နှစ်

နေဘုန်းလတ် - VPN ခံ ထောင် (၃) နှစ်
(မိုးမခ) ဇန်န၀ါရီ ၂၃၊ ၂၀၂၂

၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကိုယ်စားပြု တရားဝင်အစိုးရ၊ တရားဝင်လွှတ်တော် တွေရဲ့လက်ထဲကနေ ပြည်သူ့အာဏာကို မတရားလုယူသိမ်းပိုက်ပြီးခဲ့ချိန်ကစလို့ ပြည်သူလူထုရဲ့ လွတ်လပ်ခွင့်၊ လုံခြုံခွင့်၊ အသက်ရှင်ရပ်တည်ခွင့်၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်၊ အင်တာနက်လွတ်လပ်ခွင့် စတဲ့ အခွင့်အရေးပေါင်း များစွာကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့တာ အားလုံး မျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်။ အဲဒီ့လို လူ့အခွင့်အရေးချိုးဖောက်မှုတွေများစွာကြားထဲမှာ ပြည်သူလူထုရဲ့ နည်းပညာဆိုင်ရာရပိုင်ခွင့် (Digital Rights) တွေကို ချိုးဖောက်ပြီး အင်တာနက်လွတ်လပ်ခွင့် (Internet Freedom) ကို ထိပါးစော်ကားတဲ့ လုပ်ရပ်ကလဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီး သိပ်မကြာခင် တစ်ပတ်အတွင်း ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ (၈) ရက်နေ့မှာပဲ အကြမ်းဖက်စစ်အုပ်စုဟာ “ဆိုက်ဘာ လုံခြုံရေးဥပဒေ (မူကြမ်း)” ဆိုတာကို ထုတ်ပြလာပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းအချို့ကို သဘောထားမှတ်ချက်တောင်းခံခဲ့တာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီလိုလုပ်လာတာကလဲ နည်းပညာခေတ်မှာ သူတို့ရဲ့ တရားမဝင်အာဏာလုယူမှုနဲ့ အကြမ်းဖက်မှုတွေကို ပြည်သူလူထုက နည်းပညာနဲ့ အကောင်းဆုံး တုံ့ပြန်တော်လှန်ကြမယ်ဆိုတာကို မှန်းဆမိလို့ဖြစ်နိုင်ပါတယ်။

အခု အာဏာလုယူမှု တစ်နှစ်ပြည့်ခါနီးအချိန်မှာတော့ အဲဒီ့ “ဆိုက်ဘာ လုံခြုံရေးဥပဒေ (မူကြမ်း)” ဆိုတာကြီးကို အတည်ပြုနိုင်ဖို့ ခြေလှမ်းပြင်လာတာကို တွေ့ရပါတယ်။ ပြည်သူလူထုတစ်ရပ်လုံး ညီညီညွတ်ညွတ်နဲ့ ဆင်နွှဲပြီး တော်လှန်ရေးကို များစွာအထောက်အကူပြုနေတဲ့ နည်းပညာသပိတ် (Digital Strike) ရဲ့ ထိုးနှက်ချက်တွေက အကြမ်းဖက်စစ်အုပ်စုကို ဘယ်လောက်တောင် အထိနာစေနေသလဲဆိုတာ ဒီဥပဒေမူကြမ်းမှာ ထည့်သွင်းရေးဆွဲထားတဲ့ ပြစ်မှုပြစ်ဒဏ်တွေက သက်သေပြနေပါတယ်။ ဥပဒေမူကြမ်းရဲ့ အခန်း (၁၇) ပြစ်မှုနှင့်ပြစ်ဒဏ်များ အခန်းထဲက အချို့အချက်အလက်တွေကို ပထမဆုံးကောက်နှုတ်ဆွေးနွေးပြချင်ပါတယ်။ အခန်း (၁၇) ပုဒ်မ ၈၀ မှာ “မည်သူမဆို သက်ဆိုင်ရာပုဂ္ဂိုလ်၏ ခွင့်ပြုချက်မရှိပဲ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ကိုယ်ရေးဆိုင်ရာအချက်အလက်များကို တစ်နည်းနည်းဖြင့် စီမံခွန့်ခွဲခြင်း သို့မဟုတ် အလွဲအသုံးပြုခြင်းဖြစ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ် ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” လို့ ပါရှိပါတယ်။ နည်းပညာခေတ်မှာ လူတစ်ဦးတစ်ယောက်ချင်းဆီရဲ့ Privacy ကို ဥပဒေတွေနဲ့ အကာအကွယ်ပေးဖို့ ကြိုးစားပြီး Privacy ချိုးဖောက်မှုတွေကို ဥပဒေတွေမှာ ပြစ်မှုအဖြစ်သတ်မှတ် ထည့်သွင်းရေးဆွဲကြတာ စံစနစ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အကြမ်းဖက်စစ်ကောင်စီကတော့ ဒီပုဒ်မကို အခြားသူတွေကိုတော့ ကြိုက်သလောက်ဆဲ၊ ငါ့လက်ပါးစေတွေကို ထိရင်တော့ Privacy ချိုးဖောက်မှုနဲ့ဆွဲဆိုတာမျိုး ကျင့်သုံးမှာ သေချာပါတယ်။ အခုလက်ရှိအချိန်မှာ သခင်အားရအောင် ကျွန်ပါးဝပြပြီး အကြမ်းဖက် စစ်အုပ်စုအလိုကျ ရိုင်းစိုင်းယုတ်မာရက်စက်ပြနေကြတဲ့သူတွေကို ပြည်သူတွေဘက်ကတုံ့ပြန်တဲ့ လူမှုရေးပြစ်ဒဏ်ပေးခြင်း (Social Punishment) ဟာ စစ်အုပ်စုလက်ပါးစေတွေရဲ့ နှာနုကို ထိထိမိမိဖြတ်ရိုက်နိုင်တဲ့ရိုက်ချက်ဖြစ်နေတာကြောင့် ဒါတွေကို ပစ်မှတ်ထား ဖိနှိပ်လိုပုံရပါတယ်။  ပြည်သူတွေဘက်က ကိုယ်ရေးဆိုင်ရာ အချက်အလက်တွေကို ထုတ်ဖော်ရေးမိရင်တော့ အပြစ်ရှိပြီး သူတို့ဘက်ကတော့ လုပ်ချင်တာလုပ်ခွင့်ရှိအောင် အခန်း (၆)  ပုဒ်မ (၁၃) မှာ ချွင်းချက်တွေပေးထားတာကိုလဲ တွေ့ရပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “တကယ်တော့ မီးစတဖက် ရေမှုတ်တဖက်ပါ။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို တယောက်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖွင့်ချတာမလုပ်နိုင်အောင် တားဆီးထားသလို တခြားကလဲ သူတို့ဖက်က လုပ်ချင်ရင် လုပ်နိုင်အောင် ခွင့်ပြုထားလို့ပါဘဲ။ တားဆီးတဲ့အပိုင်းပါတယ်။ တခြားတဖက်မှာ ခြွင်းချက်အနေဖြင့် “တည်ဆဲဥပဒေ တရပ်ရပ်အရ ခွင့်ပြုချက်ရရှိခြင်း၊ အစိုးရဌာန၊ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ တရားဥပဒေ စိုးမိုးရေးအဖွဲ့ တခုခုက ၎င်းတို့၏ လုပ်ငန်းတာဝန် အသီးသီးအရ ပြုလုပ်မည်ဆိုပါက ရှာဖွေထောက်လှမ်းခြင်း၊ စုံစမ်း စစ်ဆေးခြင်း၊ သတင်းရယူခြင်း၊ တရားစွဲဆိုခြင်း၊ တရားရုံးတွင် သက်သေခံအဖြစ် တင်သွင်းနိုင်သည်” လို့ ဆိုထားပြန်ပါသေးတယ်။ နင်တို့လုပ်ရင် ငါ့တို့ဖမ်းမယ် ဒါပေမဲ့ ငါတို့ကတော့ လုပ်ခွင့်ရှိတယ်ဆိုတဲ့ သဘောပါဘဲ။ ပိုဆိုးတာကတော့ ဘယ်လိုအချက်တွေကို ရှာဖွေခွင့်ရှိသလဲ။ ဘယ်လောက်အတိုင်းအတာထိ လုပ်ခွင့်ရှိလဲဆိုတာကို တိတိကျကျမပြောထားတဲ့အတွက် စိတ်ထင်တိုင်းလုပ်ခွင့် လိုင်စင်ကို ပေးထားသလိုဖြစ်နေပါတယ်။” လို့ သုံးသပ်ထားဖူးပါတယ်။ 

အခန်း (၁၇) ရဲ့ ပုဒ်မ (၉၀) ပါ ပြဌာန်းချက်ကတော့ မြန်မာနိုင်ငံအတွင်း အခုလက်ရှိ အင်တာနက်သုံးစွဲနေသူတွေ အားလုံးကို အချိန်မရွေးဖမ်းဆီးထောင်ချနိုင်အောင် ရည်ရွယ်ထားတဲ့ ပြဌာန်းချက်ပါပဲ။ ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိပဲ Virtual Private Network (VPN) နည်းပညာ ဒါမှမဟုတ် အလားတူနည်းပညာအသုံးပြုခဲ့မယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး တစ်နှစ်ကနေ အများဆုံးသုံးနှစ်ဖြစ်စေ၊ ကျပ်သိန်းငါးဆယ်ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့ ဆိုပါတယ်။ အင်တာနက်သုံးစွဲသူတစ်ယောက်ရဲ့ ဖုန်းထဲမှာ VPN ခံသုံးထားပြီဆိုတာနဲ့ ထောင် (၃) နှစ်ချ သိန်းငါးဆယ်ဒဏ်ရိုက်နိုင်တဲ့ အနေအထားပါပဲ။ အခုလက်ရှိအခြေအနေမှာလဲ အကြမ်းဖက်စစ်အုပ်စုက လူမှုကွန်ယက်တွေ၊ အင်တာနက်ဝပ်ဘ်ဆိုက်တွေများစွာကို ဘမ်းထားတဲ့အပြင်၊ လူမှုကွန်ယက်အသုံးပြုသူတွေကိုလဲ တန်းစီ တရားစွဲနေ လေတော့ လူတိုင်းနီးပါးရဲ့ ဖုန်းထဲမှာ VPN လေးတွေခံပြီး သုံးနေရတဲ့အခြေအနေဖြစ်တာကြောင့် ဒီပုဒ်မဟာ တစ်နိုင်ငံလုံးကို ထောင်နံရံခတ်လိုက်တာနဲ့ အလားသဏ္ဍာန်တူပါတယ်။   အရင်က အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ (Electronic Transition Law) နဲ့ Email တစ်စောင် ထောင် (၁၅) နှစ်ချခဲ့တဲ့ ခေတ်ကိုတောင် ပြန်ပြောင်းသတိရမိပါသေးတယ်။ အရင်က Email တစ်စောင် ထောင် (၁၅) နှစ်ခေတ် အခုတော့  VPN ခံ ထောင် (၃) နှစ် ခေတ်လို့ ပြောရမလိုပါပဲ။ 

ပုဒ်မ (၉၁) မှာဆိုရင်လဲ အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်၊ အယုံအကြည်ပျက်စေရန်၊ အကြည်ညိုပျက်စေရန် ဒါမှမဟုတ် အသင်းအဖွဲ့ကွဲစေရန် ရည်ရွယ်ပြီး ဆိုင်ဘာနယ်ပယ်မှာ သတင်းတု၊ သတင်းမှားတွေ ပြုလုပ်ဖန်းတီးရင် လဲ ထောင် (၁) နှစ်ကနေ (၃) နှစ်ဖြစ်စေ၊ သိန်း (၅) ဆယ် ငွေဒဏ်ဖြစ်စေ၊ ဒဏ် (၂) ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့ ဆိုပါတယ်။ ဒီဥပဒေထဲမှာတော့ ချွင်းချက်ထည့်မထားပေမယ့် ဒီပုဒ်မနဲ့ ပတ်သက်ရင် သတင်းတု သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးဖြန့်ချိနေတဲ့ MRTV မပါ၊ MWD မပါ၊ ဇော်မဲလုံးမပါ၊ အဘဘောမတွေမပါလို့ တရားသူကြီးတွေအားလုံးကို သီးခြားညွှန်ကြားချက်ပို့ပြီးလောက်ပြီဆိုတာ သေချာပါတယ်။ ပုဒ်မ ၉၄ နဲ့ ၉၅ ကတော့ အခု အမျိုးသားညီညွတ်ရေးအစိုးရကဖော်ဆောင်နေတဲ့ Crypto Currency ကို တိုက်ရိုက်ရည်ရွယ်ရေးသားထားတာတွေ့ရပါတယ်။ ပုဒ်မ (၉၇) နဲ့ (၉၈) ကတော့ အမျိုးသားညီညွတ်ရေးအစိုးရက ပြုလုပ်နေတဲ့ အောင်လံလွှင့်ချီနွေဦးထီကို ရည်ရွယ်ပုံပါပဲ။ 

ပုဒ်မ (၃၅) ပါ ပြဌာန်းချက်တွေအရ ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်နေတဲ့သူတွေကို ဦးစီးဌာနက ဟိုဟာဖျက်လိုက်၊ ဒီဟာဖယ်လိုက်၊ ဟိုဟာရပ်လိုက်၊ ဒီဟာ ပိတ်လိုက် ဆိုတာမျိုး ညွှန်ကြားလာရင် ချက်ချင်းဆောင်ရွက်ပေးရမှာဖြစ်ပြီး အဲဒီ့လို ဖယ်ရှားပေးရမယ့် ကိစ္စတွေထဲမှာဆိုရင်လဲ အမုန်းတရားဖြစ်စေသော၊ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေသော၊ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော  စတဲ့ လိုသလို အဓိပ္ပါယ်ဖွင့်လို့ရတာတွေ ထည့်သွင်းဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒီလို ပြဌာန်းချက်တွေဟာ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုပိုင်ခွင့် အခြေအနေတွေအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုတွေဖြစ်နိုင်တာတွေ့ရပါတယ်။ ပုဒ်မ (၃၇) အရ ဝန်ဆောင်မှုသုံးစွဲသူတွေဆီက အမည်၊ IP Address၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ အသုံးပြုမှုမှတ်တမ်း နဲ့ အခြားညွှန်ကြားထားတဲ့အချက်အလက်တွေကို တောင်းပြီး (၃) နှစ်ထိန်းသိမ်းထားရမယ်၊ ပုဒ်မ (၃၈) အရ အဲဒီ့ မှတ်တမ်းတွေကို အထက်က တောင်းရင်ပေးရမယ်ဆိုတာတွေ ပြန်ပါလာပါတယ်။ ၂၀၀၆ ၊ ၂၀၀၇ ဝန်းကျင်က အင်တာနက်ဆိုင်တွေမှာ အင်တာနက်သွားသုံးရင် Register စာအုပ်ကြီးမှာ အမည်၊ ဖုန်း၊ မှတ်ပုံတင်တွေရေးသွင်းရ သုံးသမျှ တွေကိုလဲ Screen Capture ယူပြီး အဲ့ဒါတွေကို CD ချက်နဲ့ အထက်ကို တင်ကြရတဲ့ ဘဝတွေကိုတောင် ပြန်သတိရမိပါသေးတယ်။ ပုဒ်မ (၅၉) မှာဆိုရင်လဲ အကြမ်းဖက်အုပ်စုက တာဝန်ပေးတဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းက ပြည်သူတွေ နည်းပညာသုံးလုပ်ကိုင်နေတာတွေအားလုံးကို ကြားဖြတ်ဆောင်ရွက်မှု (Interception) လုပ်ပိုင်ခွင့်ပေးထား ပါတယ်။ ဥပဒေနှင့်အညီ (Lawful) ဆိုတဲ့စကားလုံးကို သုံးထားပေမယ့် သူတို့ ရေးထားတဲ့ မတရားဥပဒေတွေနဲ့ အညီ  ထင်ရာစိုင်းမယ့်သဘောပါပဲ။ အခုတောင် လမ်းထွက်ရင် စစ်ယူနီဖောင်းဝတ်ပြီး သေနတ်တကားကားနဲ့ ဖုန်းတောင် ဘယ်လိုဖွင့်ရမှန်း မသိတဲ့ကောင်တွေက ဖုန်းတွေစစ်၊ အကောင့်တွေ စစ်လုပ်နေတာ အခု ဥပဒေသာ အတည်ဖြစ်ခဲ့ရင်တော့ ကျနော်တို့အားလုံး အပြင်ထွက်လို့ အစစ်ခံရရင်ပြဖို့ Keypad ဖုန်းတစ်လုံး ဆောင်ထားရမယ့်ဘဝကို ရောက်ကြတော့မှာပဲဖြစ်ပါတယ်။ 

ဥပဒေရေးဆွဲသူတွေအနေနဲ့ ဥပဒေတစ်ရပ်ကို ရေးဆွဲပြဌာန်းတဲ့အခါမှာ ပြည်သူလူထုကို ထီးလိုမိုးပြီး စောင့်ရှောက်နိုင်တဲ့ ပြဌာန်းချက်တွေဖြစ်မဖြစ်ဆိုတာကို စဉ်းစားကြရပါတယ်။ အခု အကြမ်းဖက်စစ်အုပ်စုရေးဆွဲထားတဲ့ ဥပဒေကတော့ ပြည်သူလူထုကို ထီးလိုမိုးပြီးစောင့်ရှောက်မယ့် ဥပဒေဖြစ်ရမယ့်အစား ပြည်သူလူထုကို ဓားလိုမိုးပြီး ခြိမ်းခြောက်မယ့် ဥပဒေဖြစ်နေပါတယ်။ လက်ခံနိုင်စရာ အကြောင်း မရှိပါဘူး။ နောက်တစ်ခုထောက်ပြချင်တာကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ ပြည်သူလူထုရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားသော လွှတ်တော်တွေပဲဖြစ်ပါတယ်။ အဲဒီ့တော့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရမဟုတ်တဲ့  အကြမ်းဖက် စစ်အုပ်စုဟာ ဒီဥပဒေကို ရေးဆွဲပိုင်ခွင့်လဲ မရှိသလို အတည်ပြုပိုင်ခွင့်လဲ မရှိပါဘူး။ အရေးအကြီးဆုံးတစ်ခုက ပြည်သူတွေ လိုလိုလားလားနဲ့ လိုက်နာဆောင်ရွက်ကြမှာသာ ဥပဒေတစ်ခုဟာ အမှန်တကယ် အာဏာတည်တာပါ။ ဒါကြောင့် အကြမ်းဖက်စစ်အုပ်စုရေးဆွဲတဲ့ ဒီဥပဒေဟာလဲ  ပြည်သူတွေ လိုလိုလားလားနဲ့ လိုက်နာဆောင်ရွက်မှာမဟုတ်တဲ့အတွက် စာလုံးတွေရေးထားတဲ့ စာရွက်တွေသက်သက်ပဲဖြစ်နေမှာဖြစ်ပြီး “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” လို မီးပုံထဲမှာပဲ အဆုံးသတ်ရမှာဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ 

နေဘုန်းလတ်
၂၂ ဇန်နဝါရီ ၂၀၂၂

အကြမ်းဖက်စစ်အုပ်စု ပြဌာန်းဖို့ ကြိုးစားနေတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) အမည်ရ စာများကို အောက်ပါလင့်ခ်တွင် ရယူလေ့လာနိုင်ပါသည်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar