Breaking News

စပါးနဲ့ မြေပဲ ရိတ်ခွင့် နုတ်ခွင့် မရတဲ့ ဒေသတွေ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၂၄ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၂


စပါးနဲ့ မြေပဲ ရိတ်ခွင့် နုတ်ခွင့် မရတဲ့ ဒေသတွေ

အခုရာသီဟာ မိုးများတဲ့ ဒေသတွေမှာတော့ မိုးစပါး ရိတ်သိမ်းရတဲ့ ရာသီဖြစ်သလို ၊ မိုးနည်းတဲ့ ဒေသတွေမှာ မြေပဲတောင့်တွေ မြေကြီးထဲက နှုတ်ရ ဖေါ်ရတဲ့ ရာသီဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသအတော်များများမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ ဖြတ်လေးဖြတ် ပိတ်ဆို့မှုတွေကြောင့် ဒေသခံတွေ စိုက်ပျိုးထားတဲ့ ဆန်စပါးခင်းတွေ ရိတ်ခွင့်မရတဲ့ ဒေသတွေ အများအပြားရှိနေသလို မြေပဲတွေ နုတ်ရ၊ ဖော်ရမယ့်အချိန်တန်နေပေမယ့် မဖော်နိုင်ကြတဲ့ ဒေသတွေလည်း အများအပြားရှိနေတာဖြစ်ပါတယ်။ 

သတင်းတပုဒ်ထဲမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲက ကျေးရွာတချို့မှာ စပါးခင်းတွေ ရင့်မှည့်နေပြီး ဒေသခံတွေက စပါးရိတ်ခွင့်ရဖို့ စစ်ကောင်စီ ဘက်ကို တင်ပြမယ့်အကြောင်း သတင်းမှာ ဖတ်ရှုရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သတင်းတွေထဲမှာလည်း ပခုက္ကူ၊ မြိုင်၊ ရေစကြိုဘက်မှာ မြေပဲခင်းတွေ မနုတ်နိုင်သေးတဲ့အကြောင်း သတင်းထဲပါရှိပါတယ်။ မြေပဲတွေ နုတ်ချိန် တန်နေပြီ အချိန်မလွန်ခင် မနုတ်နိုင်ခဲ့ရင် ဆုံးရှုံးရမယ့်အရေး ဒေသခံတောင်သူတွေ စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ ရာသီအလိုက် စိုက်ပျိုးရတာဖြစ်လို့ စပါးစိုက်တဲ့ လယ်သမားတွေအနေနဲ့လည်း ထွန်ယက်ချိန်က စလို့ မျိုးကျဲချိန် ပျိုးပင်စိုက်ချိန်တွေ မှာ ထည့်သွင်းစိုက်ထုတ်ခဲ့ရတဲ့ လုပ်အားတွေ ငွေကြေးတွေ၊ မျိုးစပါး၊ မြေသြဇာ၊ ရေသွင်းဖို့ လိုအပ်ချိန်ရေသွင်းရတာတွေ  လနဲ့ချီတဲ့ ရင်းနှီးမှုတွေ လုပ်ဆောင်ခဲ့တာရဲ့ အကျိုးဆက် စပါးရိတ်သိမ်းချိန်မှာ ရိတ်သိမ်းခွင့်မရတဲ့ အနေအထားက သူတို့ရဲ့ တနှစ်တာ ရိက္ခာ၊ ဝင်ငွေတွေ အသက်တွေလို့ဆိုရင် မှားမယ်မထင်ပါဘူး။ 

ဒီလိုအခြေအနေမှာ လယ်ကွင်းတွေထဲ လက်နက်ကြီးကျည် ကျရောက်မှာ ပစ်ခတ်ခံရမှာ မိုင်းတွေ ပေါက်ကွဲမှာ စိုးရိမ်တာကြောင့် မရိတ်သိမ်းနိုင်ကြသေးပါဘူး။ အညာဒေသမှာလည်း မြေပဲခင်းတွေထဲမှာ မြေပဲဖေါ်ဖို့ လုပ်သားငှားဖို့ ခက်ခဲတာ ပစ်ခတ်မှုတွေ၊ စစ်ကြောင်းထိုးတာတွေကြောင့် မြေပဲမနုတ်နိုင်ကြသေးတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ် ဒေသတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဖြစ်ပါတယ်။ စစ်ပွဲတွေက အရပ်သားတွေ အဖို့အသက်အန္တရာယ် ၊ ဖမ်းဆီးခံရ နှိပ်စက်ညှင်းပန်းခံရနိုင်တဲ့ အန္တရာယ်တွေတင်မကပဲ နေအိမ်တွေ မီးလောင်ဖျက်ဆီးခံရနိုင်တာ၊ စိုက်ပျိုးရေး မလုပ်နိုင်လို့ မရိတ်သိမ်းနိုင်လို့ အငတ်ဘေးကြုံရနိုင်ခြေတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခ၊ အားပြိုင်မှု၊ ပြည်တွင်းစစ် ၊ စီးပွားရေးအကြပ်အတည်း စတဲ့ အခြေအနေတွေက လွတ်လပ်ရေးရပြီးကာလတလျောက်လုံး အတက်အကျ အနိမ့်အမြင့် တလှည့်စီ ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့ရပြီး သယံဇာတတွေ အလွန်အကျွံထုတ်ယူ ရောင်းချတာ၊ ပြည်ပကို အောက်ခြေသိမ်းအလုပ်လုပ်ဖို့ ထွက်ခွာကြရတဲ့ အဖြစ်အပျက်တွေ နဲ့ အခု တကြိမ် စစ်အာဏာသိမ်းအပြီးမှာတော့ ပြည်တွင်းက စိုက်ပျိုးရေး လုပ်ကိုင်ကြတဲ့ လယ်သမားတွေ ယာသမားတွေပင်လျှင် စိုက်ပျိုးရေးကို မလုပ်နိုင်တဲ့အခြေအနေ ရောက်ရှိတဲ့အထိ အခြေအနေတွေ ဆိုးရွားနေတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း လက်နက်ကိုင် ပဋိပက္ခ၊ နိုင်ငံရေး အခြေအနေမတည်ငြိမ်မှု၊ ပြည်ပအရင်းအနှီးတွေ ထွက်ခွာမှုတွေ ဖြစ်ပေါ်နေသလို  ပြည်ပကို ထွက်ခွာသူ သိန်းဂဏန်း သန်းဂဏန်း ရှိသလို ပြည်တွင်းမှာလည်း အလုပ်အကိုင်အခွင့်အလမ်းတွေ အခြေခံစိုက်ပျိုးရေးလုပ်ငန်းတွေအပေါ်  ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိနေပြီဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှက နိုင်ငံတွေအနက် တခုတည်းသော လက်နက်ကိုင် ပဋိပက္ခနွံတွင်းကနေ မထွက်နိုင်သေးတဲ့နိုင်ငံ ဖြစ်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ဒုက္ခသည်ပြဿနာတွေ၊ မြင့်တက်လာတဲ့ လူကုန်ကူးမှုနဲ့ ရာဇဝတ်မှုတွေ အကြားမှာ နစ်မြုပ်ပြီး ကျရှုံးနိုင်ငံဖြစ်လုနီးနီး အခြေအနေထဲက နိုင်ငံတနိုင်ငံဖြစ်လာနေပြီး ဒီအကျပ်အတည်းက လွတ်မြောက်ဖို့မှာတော့ နိုင်ငံတကာရဲ့ ဖိအား အဆုံးအဖြတ်ကိုချည်း မျှော်ကိုးမနေဘဲ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်သူတွေရဲ့ အမြော်အမြင်ကလည်း အရေးပါတဲ့အချက်တချက် ဖြစ်တယ်ဆိုတာကို နားလည် သဘောပေါက်သင့်ပြီ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar