Breaking News

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၄ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

အောင်သူငြိမ်း - နိုင်ငံရေးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးမှုများ (၁၉၁၄-၂၀၁၄) - ၁၄ - ငှက်တကောင်ရဲ့ အပေါ်စီးမြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၂၂


စီးပွားပျက်ကပ်ကြီးကို မည်သို့တုံ့ပြန်ခဲ့သနည်း - ၂

FED ဗဟိုဘဏ်က အတိုးနှုန်းကို သုညထိလုနီးပါး ချထားရင်း၊ အမေရိကန် စီးပွားရေးစနစ်အတွင်းသို့ ဒေါ်လာ ၃ ထရီလီယံ ထပ်၍ ထည့်သွင်းလိုက်သည်။ အစိုးရစာချုပ် ဘွန်းများနှင့် အိမ်ရာဘွန်း စာချုပ်များကို ဝယ်ယူပေးခြင်းဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် FED ဗဟိုဘဏ်က ငွေကြေးအရ ထည့်သွင်းမှုတမျိုးဖြစ်သည့် Quantitative Easing (QE) ကိုလည်း အကျယ်အပြန့် ဆောင်ရွက်ခဲ့သည်။ ယင်းနည်းနာအားဖြင့် စီးပွားရေးစနစ်အတွင်းသို့ လစဉ်ဒေါ်လာ ၆၀ ဘီလီယံမျှ ဖြည့်သွင်း နေခဲ့သည်။ ဥက္ကဋ္ဌ ဘာနန်ကေး (Bernanke) စီးပွားရေးစနစ်က လိုအပ်နေသမျှ ကာလပတ်လုံး ဤသို့ဆက်၍ ဆောင်ရွက် သွားမည်ဟု ကြေညာခဲ့သည်။  ၂၀၁၄ မတ်လတွင် ဘာနန်ကေးကို ဆက်ခံသူ FED ၏ ဥက္ကဋ္ဌသစ် ယဲနက် ယဲလန် (Janet Yellen) လစဉ်ငွေကြေးအရ မော်ဖင်း (monetary morphine) ထိုးပေးနေသည်ကို တဖြည်းဖြည်းချင်း လျှော့ချသွားမည်ဟု ကြေညာခဲ့သည်။ ယင်းဝေါဟာရကို ငွေကြေးအရ မော်ဖင်းထိုးသည် (monetary morphine) ဆိုသည်ကို သည်အီကောနော မစ်မဂ္ဂဇင်း (The Economist) က စ၍ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယဲလန်၏ ကြေညာချက်ကြောင့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက (BRICS နိုင်ငံများ) နှင့် အခြားနိုင်ငံများဖြစ်သည့် အာဂျင်တီးနားနှင့် တူရကီတို့၏ ငွေကြေးဈေး ကွက်များတွင် မတည်ငြိမ်လှုပ်ခါသွားသည်။ ဤနိုင်ငံများက နိုင်ငံတကာ အတိုးနှုန်းနိမ့်ကျစွာဖြင့် အသားကျသဘောကျနေကြသောကြောင့် ဖြစ်သည်။ 

အိုဘားမား အစိုးရအဖွဲ့က အမေရိကန်ကားထုတ်လုပ်သူ ကုမ္ပဏီကြီး ၃ ခုအနက်မှ ၂-ခု ဖြစ်သူ ဂျီအမ် General Motors (GM) နှင့် ခရိုက်စလာ (Chrysler) တို့ကို ကယ်ဆယ်ရေး ငွေထုတ်၍ ထောက်ပံ့ပေးသည်။ ယင်းတို့က လက်တွေ့ဆိုရလျှင် ပြိုလဲလုနီး ဖြစ်နေကြပေပြီ။ သမ္မတ အိုဘားမားက သမ္မတရုစဗဲ့ လုပ်ဆောင်ခဲ့သကဲ့သို့ပင် ဘဏ္ဍာရေးအရ လှုံ့ဆော်သည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ သမ္မတဖြစ်ပြီး တလတာ မကြာမြင့်မီ၊ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အိုဘားမား လက်မှတ်ရေးထိုးသည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီးမြှုပ်နှံရေး ဥပဒေ (Recovery and Reinvestment Act) တွင် ဤသို့ ဆောင်ရွက်ခဲ့သည်။ ယင်းပြန်လည် ထူထောင်ရေးဥပဒေအရ အခွန်ဖြတ်တောက် လျှော့ပေးခြင်း၊ လူမှုဖူလုံရေး ပိုက်ကွန် အသုံးစရိတ်များ၊ ပြည်နယ်များသို့ ငွေကြေးထောက်ပံ့ပေးခြင်း၊ ပြန်ပြည့်မြဲ စွမ်းအင်၊ ကျန်းမာရေး၊ ပညာရေး၊ အခြေခံ အဆောက်အဦ နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများအတွက် ရင်းနှီးမြှုပ်နှံမှု ပြုခြင်းတို့ ပါဝင်သည်။ ၂-နှစ်ကာလအတွက် ဘတ်ဂျက်သည် အမေရိကန်ဒေါ်လာ ၇၈၇ ဘီလီယံ သုံးစွဲခဲ့သည်။ ပြောရလျှင် နိုင်ငံ GDP ၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသည်။ သမ္မတ ရုစဗဲ့၏ အသစ်သော သဘောတူညီချက် (New Deal) ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ သုံးစွဲစဉ်က GDP ၏ ၁.၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

မေးစရာရှိသည့် မေးခွန်းမှာ ဤသို့သော ဘတ်ဂျက်အရ နှင့် ငွေကြေးဖြည့် ဆည်းမှုအရ လှုံ့ဆော်မှုများ အားလုံးဆောင်ရွက်သော်လည်း စီးပွားပျက်ကပ်ကို ကုစားရေး အထောက်အကူဖြစ်ပါသလား၊ အလုပ်လက်မဲ့ ဖြစ်ရမှု ကျဆင်းလာစေရေးအတွက် အလုပ်အကိုင်များ ဖန်တီးနိုင်ပါသလောဟူ၍ ဖြစ်သည်။ ဘောဂဗေဒ ပညာရှင်များက သဘောတူညီကြသည်မှာ စီးပွားပျက်ကပ်ကြီးက အမေရိကတွင် ၂၀၀၉ ခုနှစ် ဇွန်လတွင် ပြီးဆုံးခဲ့သည်။ တိုင်းမ်မဂ္ဂဇင်း (Time) ၏ သတင်းထောက် မိုက္ကယ် ဂရန်ဝေါလ်ဒ် (Michael Grunwald) က သူ၏ ၂၀၁၂ ခုနှစ်ထုတ် စာအုပ် အသစ်သော သဘောတူညီချက် (The New New Deal) တွင် နိဂုံးချုပ်ဖော်ပြထားရာ၌ ပြန်လည်နာလန်ထူရေး ဥပဒေကြောင့် စီးပွားပျက်ကပ်ကြီး နိဂုံးတိုင် အဆုံးသတ်သွားရခြင်း မဟုတ်ပါ။ TARP အစီအစဉ်ကြောင့် ငွေကြေးအရ ပြိုလဲမှုကို ရပ်ဆိုင်းစေနိုင်ခဲ့သည်။ အိုဘားမား၏ ဖိအားခံနိုင်စွမ်း စမ်း သပ်မှု (stress tests) ကြောင့် ဘဏ်စနစ်အပေါ်တွင် လူများ၏ ယုံကြည်မှုကို ပြန်၍ထူထောင်ပေးနိုင်ခဲ့သည်။ သူ၏ မော်တော်ကား ကုမ္ပဏီများထံ ကယ်မရေးအကူအညီများကြောင့် ဂျီအမ်နှင့် ခရိုက်စလာ ကုမ္ပဏီတို့ သေရတော့မည့်ဘေးမှ ပြန်လည်ရှင်သန်စေနိုင်ခဲ့သည်။ အရေးပါသည့် လှုံ့ဆော်ရေးအကူအညီကြောင့် ဘေးဖြစ်ရမည့် ဘေးမှ ပြန်၍ကယ်ဆယ်ပေးနိုင်ခဲ့သည်။ အမေရိကန် အနောက်အလယ်ပိုင်းဒေသ စက်မှုဇုန်များ ပြိုလဲရမည့်အရေးကို ကာကွယ်ပေးနိုင်ခဲ့သည်။”  ပြန်လည်နလန်ထူရေး ဥပဒေ (Recovery Act) က အလုပ်အကိုင် ၂ ဒသမ ၅ သန်း ဖန်တီးပေးနိုင်ခဲ့သော်လည်း အလုပ်လက်မဲ့ ဖြစ်ရမှုကို သမ္မတက မျှော်မှန်းထားသလောက် ပစ်မှတ် ၈ ရာခိုင်နှုန်း အထိ (၂၀၁၀ ခုနှစ်) တွင် မချနိုင်ခဲ့ပါ။ 

၂၀၁၀ ခုနှစ်တွင် စီးပွားရေး ပြန်၍ တိုးတက်လာခဲ့သော်လည်းအလုပ်လက်မဲ့ ဖြစ်မှု ရာခိုင်နှုန်းက ၉ ဒသမ ၆ ရာခိုင်နှုန်း ရှိနေသေးသည်။ အမေရိကန်ပြည်ထောင်စု စီးပွားရေးက တဖန်ပြန်၍ ကြီးထွားလာခဲ့ပြီး၊ အလုပ်လက်မဲ့ ဖြစ်ရမှုက စတင်၍ ကျဆင်းလာခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အမေရိကန်စီးပွားရေးက ၁ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ အလုပ်လက်မဲ့ဖြစ်မှု ရာခိုင်နှုန်းက ၆ ဒသမ ၇ ရာခိုင်နှုန်း ထိုနှစ်အတွက် ရှိခဲ့ သည်။ ဂရန်းဝေါလ်ဒ် (Grunwald) က အပြုသဘောဆောင်သည့် ရလဒ်များကို အလေးပေး၍ ဖော်ပြသည်။ သို့သော် ဂျိုးဆက် စတစ်ဂလစ် (Joseph Stiglitz) နှင့် ပေါ်လ် ကရူမင် (Paul Krugman) ကဲ့သို့သော (နှစ်ဦးစလုံးက အသစ်သောကိန်းစ်ဝါဒီ ဘောဂဗေဒပညာရှင်များ ဖြစ်ကြသည်) ပညာရှင်များက ယင်းဥပဒေ၏ ဘတ်ဂျက်မှာ လုံလောက်မှု မရှိပါဟု ဆိုသည်။ ကရူမင် (Krugman) က ခံစားရသည်မှာ ငွေကြေးဆိုင်ရာ မူဝါဒနည်းနာတခုအနေဖြင့် အတိုးနှုန်းကို ဖြတ်တောက်လျှော့ချသည်မှာ ဆက်လက်ဆောင်ရွက်၍ မဖြစ်နိုင်၊ အတိုးနှုန်းမှာ သုညနီးပါးကပ်နေပြီဖြစ်ရာ အိုဘားမား အုပ်ချုပ်ရေးအနေဖြင့် ဘတ်ဂျက် ဘဏ္ဍာရေး လှုံ့ဆော်မှု ရန်ပုံငွေအတွက် ပို၍မြင့်မားစွာ အဆိုပြုသင့်သည်ဟု မြင်သည်။ ဝင်ငွေဆတိုးမြှောက်ကိန်း (income multiplier) ဖြင့် တိုးများစေသင့်သည်။ ဤမူဝါဒကသာ အထွေထွေအသုံးစရိတ် မြှင့်တင်ခြင်းနှင့် အလုပ်အကိုင်များ ဖန်တီးခြင်းတို့အတွက် သင့်လျော်သည့် မူဝါဒတခုဟု အကြံပြုသည်။  ကရူမင်က ဆိုသည်မှာ အိမ်ရာနှင့် အစုရှယ်ယာ စတော့ဈေးကွက် ထိုးကျပျက်စီးရသည့်အတွက် စုစုပေါင်းဆုံးရှုံးရသည့် ဓနဥစ္စာ ဒေါ်လာ ၁၃ ထရီလီယံမျှ ရှိနေရာ ဒေါ်လာ ၇၈၇ ဘီလီယံ သာရှိသည့် လှုံ့ဆော်ရေးအကူအညီသည် သိပ်ပြီးနည်းလွန်းနေသည်။ လိုအပ်ချက်ကွက်လပ်ကို ဖြည့် ဆည်းရန် သိပ်နည်းလွန်းသည်ဟု ဖော်ပြခဲ့သည်။ 

ပြန်လည်နလံထူရေး ဥပဒေ (Recovery Act) အပေါ်  ရီပတ်ဘလစ်ကန် အမတ်များက အပြင်းအထန် ခုခံဆန့်ကျင်မှုနှင့် ကြုံခဲ့ရသည်။ ယင်းတို့အများစုက ငြင်းဆိုကြရာတွင် ကျမ်းရိုး ချွေတာစည်းကြပ်သည့်နည်း (classical austerity) ကို သဘောကျ သည်ဟု ဆိုကြသည်။ “ယာယီ နာကျဉ်ရမှုသည် ရေရှည် အသာစံရမှု” ဖြစ်စေမည်ဟု ဆိုကြသည်။ ဖက်ဒရယ် အသုံးစရိတ် ဖြတ်တောက်လျှော့ချငွေ ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ ရှိခဲ့ရာ ယင်းရလဒ်ကြောင့် အမေရိက၏ စီးပွားရေး ဖွံ့ဖြိုးမှုက ပြန်၍နှေးလာခဲ့သည်။

 ၂၀၁၃ ခုနှစ်တွင် ဝင်ငွေထိပ်တန်းရရှိသူများထံသို့ အခွန်လျှော့ပေါ့ ဖြတ်တောက်မှု (သမ္မတဘုရှ် လက်ထက်က စတင်ခဲ့ပြီး) သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ ယင်းနှစ်တွင်ပင် လူမှုဖူလုံရေးရန်ပုံငွေသို့ အလုပ်ရှင်များက ဖြည့်ဆည်းထည့်ဝင်မှု အဆုံးသတ်၍ ငွေနည်းသွားခဲ့သည်။ Sequester (ပြန်လည်ချိန်ညှိမှု) ဟု ခေါ်ဆိုကြသည့် ဖက်ဒရယ်အစိုးရ အသုံးစရိတ် ဖြတ်တောက်မှု ဥပဒေကြောင့် ၈ ဒသမ ၅ ရာခိုင်နှုန်းနှင့် ညီမျှသည့် လျော့ကျမှု ဖြစ်ရသည်။ ထို့အတွက်ကြောင့် ပေါင်းစု ဝယ်လိုအား (aggregate demand) နှင့် စီးပွားရေး ဖွံ့ဖြိုးမှုအပေါ် သက်ရောက်စေပြန်သည်။ 

မည်သို့ပင် ဆိုစေကာမူ အမေရိကန်၏ စီးပွားရေးစနစ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တိုးတက်မှု ၃% ရှိမည်ဟု ခန့်မှန်းဖော်ပြခဲ့ကြသည်။ အလုပ်လက်မဲ့ဖြစ်မှုက ၅ ဒသမ ၄ ရာခိုင်နှုန်း သို့ ကျဆင်းလာခဲ့သည်။


Haan, Peter de. (2016). From Keynes to Piketty: The Century that Shook Up Economics. Palgrave Macmillan




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar