Breaking News

ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ


ကျော်လွင်အောင် - ကော့သောင်း ၊ သုံးဆူနဲ့ ဟွေ့မလိုင်း နေ့ရက်များ (၂)

(မိုးမခ) ဩဂုတ် ၁၆၊ ၂၀၂၀


8888 (3) ရနောင်းရောက်ကျောင်းသား (400 +) ခေါင်းဆောင်များအစည်းအဝေး

ရနောင်းကမ်းရောက်ပြီး နောက်တစ်နေ့ ပထမဆုံး မနက်ခင်းမှာ ရှေ့က ထွက်သွားတဲ့ အဖွဲ့ (ပြောင်ကြီး (ကိုမောင်မောင်သိန်း၊ ယခု အမေရိက) ၊ ကိုသောင်း(ဂျပန်မ)၊ ဝင်းကျော့မှူးနဲ့ မျောက်တို့အဖွဲ့)က ထားရစ်တဲ့ Hint "ကြီးငယ့် ဂိုထောင်၊ မနက် ဆယ်နာရီ" ကို ကိုဇော်နဲ့အတူ သွားခဲ့တယ်။

ကြီးငယ့် ဂိုဒေါင်

မဲတူးနေတဲ့ သစ်သားတိုင်တွေနဲ့ ဂိုထောင်ကြီး လေးဘက်ပွင့် အပေါ်ထပ် သစ်သားကြမ်းခင်း အကန့်မရှိ ဟောခန်းမကြီး ။ ကိုယ်တွေအရွယ် ကျောင်းသားတွေ ဟိုနားတစ်စု ဒီနားတစ်စု ခေါင်းချင်းဆိုင်လို့။

"ဟောဗျာ တွေ့ပါပေါ့" မောင်ကြက်ဂဠုန်ဆင်(ဝင်းကျော့မှူး) သူကျောပြင် ရှည်လျားလျားက ခေါင်ငုံ့ထားပစေဦး
ရောင်ထုံးက ပေါ်လွင်နေတယ် သူ့ကျောပြင် သွားဖက်လိုက်တော့မှ 

" ဟာ ကိုလေး လာ လာ " ဆိုပြီး ဟိုဘက်ဒေါင့်နားရွှေ့ မေးခွန်းတွေ အတောင့်လိုက်ချွေတော့တာကိုး။

"ဘယ်နှစ်ယောက်ပါလဲ ။ကိုလေး လူစာရင်းပေး"

မုဒုံ+သံဖြူဇရပ်+ကျိုက္ခမီ နဲ့ မော်မြိုင်စုစုပေါင်း လေးဆယ် လောက်ရှိမယ်။

သူတို့ အကြောင်းမေးကြည့်တော့ ပြောင်ကြီး ခေါင်းဆောင်တဲ့ ကိုသောင်းတို့အဖွဲ့ (141 Group)က ဟတ်စွန်ဖန်ကမ့် camp မှာ နေရကြောင်း၊ မင်းနောင်နဲ့ အခြားမော်လမြိုင်က တချို့လည်းအဲဒီမှာရှိကြောင်းပြောတယ်။

ဒီရက်ပိုင်းအတွင်း ရနောင်းရောက် ကျောင်းသား​လေးရာကျော် ရဲ့ ခေါင်းဆောင်တွေ အစည်းအဝေးလုပ်ဖို့ရှိပြီး
ကို​လေးလည်း တက်စေချင်ကြောင်းပြောပါတယ်။ အဲဒီနေ့ည ဂိုဒေါင်အစည်းအဝေးမှာ အားလုံးသိချင်တဲ့ ဆက်လုပ်ဖို့လုပ်ငန်းစဥ်တွေကို အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တစ်ဖွဲ့ တစ်စည်းတည်း လုပ်သွားမှာဖြစ်ကြောင်း ရှင်းပြခဲ့။

နောက် သုံးလေးရက်မှာတော့ အစည်းအဝေးကို ရနောင်းမြို့ပိုင် ဂါဗင်နာ Governer ရုံးခန်းမမှာ ကျင်းပဖြစ်ပါတယ်။ ခန်းမ အပြင်အဆင် သောက်ရေချိုင့်/ဖန်ခွက်စတာတွေ snacks & Lunch စတာတွေ စီစဥ်ပေးပြီး ရနောင်း ဂါဗင်နာက အားလုံးကို နှုတ်ဆက် အခန်းတံခါး ကိုယ်တိုင်ဆွဲပိတ် ထွက်သွားပါတော့တယ်။

ပထမနေ့ ရနောင်းရောက် ကျောင်းသားစာရင်း စိစစ်။ တက်ရောက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေ ကျစ်လျစ် စုစည်း။ စီအီးစီ အဖွဲ့ဝင်စာရင်း ပြုစု ။ အတည်ပြု။ တစ်နေကုန်သွားပေါ့။ ညဘက် ခေါင်းဆောင်တွေ ညစာနဲ့ တည်းခိုဖို့ကအစ အပြည့်အစုံပါ။

ဒုတိယနေ့မှာတော့ လူမများတော့ မနေ့က အတည်ပြုတဲ့ စီအီးစီ 14 ယောက်ပဲ ရှိတော့တယ်။ ကော်မတီတွေဖွဲ့လို့ တာဝန်​တွေ ခွဲဝေယူကြပေါ့။ လုပ်ရမယ့်အလုပ်တွေကို တို့တတွေချည်းပဲ လုပ်နေလို့မဖြစ်သေး။ (မဲဆောက်) ​သေဘောဘိုး(KNU နယ်မြေ)ကို ရောက်နေတဲ့ ကျောင်းသားတစ်​သောင်းနီးပါးအဖွဲ့တွေနဲ့ ချိတ်ဆက်ဖို့ ဘယ်သူတွေသွားမလဲ ?။

ထွန်းထွန်ဝင်း
တင်ခက်
ထင်ကျော် နောက်?
ကိုယ် ... နာမယ်စာရင်းပေးလိုက်တယ်။

ဟုတ်တယ် ကိုယ်သွားရမယ် ။ ကရင်တော်လှန်ရေးနယ်မြေက ကျောင်းသားတွေနဲ့ ရနောင်းအဖွဲ့ ချိတ်ဆက်ဖို့ အပြင် အခြား အကြောင်းရင်း ကိုယ်မှာ အပြည့်အစုံ ရှိတယ် (နောက်တစ်ပိုင်းကိုရှု)။

ဒီလိုနဲ့ သွားရမယ့်နေ့မှာ ဘန်ကောက်-မဲဆောက် ခရီးစဥ် စထွက်တယ်။ စီစဥ်ပေးတဲ့အတိုင်း ရဲဖမ်းမယ့်အန္တရာယ်ကင်းအောင်တဲ့ တန်ဖိုးနည်း ဒေသတွင်းသွား ဘတ်စ်ကားကြမ်းကြီးပေါ် ထိုင်ခုံမဲ့ ကြမ်းပြင်မှာ သတင်းစာခင်း အိပ်ငိုက်ရင်း တစ်ညလုံး ကြက်အိပ်ကြက်နိုးပေါ့။ မိုးစင်စင်လင်းတော့ ဘန်ကောက်ရောက်ခဲ့ပေါ့ဗျာ။

တောသားလေးယောက် ယောင်နနနဲ့ မြင်သမျှ အဆန်းချည်း ။ တွိုင်းလက်က အထွက် မျက်နှာပါတခါတည်းသစ် ။ တွိုင်းလက်တစ်ရှုးတွေနဲ့ မျက်နှာသုတ်တော့ စက္ကူစတွေက ဟိုကပ် သည်ကပ် ဖြတ်သွားဖြတ်လာတွေက လူထူးလူဆန်းတွေလို ဝိုင်းကြည့်ကြ ။

ထွန်းထွန်းဝင်းကတော့ အများသုံးဖုန်းနဲ့ အလုပ်ရှုပ်နေတယ်။

သူ့မိန်းမရဲ့ ဦးလေးက ဦးရဲကျော်သူလေ ။ စီအာဒီဘီအဖွဲ့က။ သိပ်မကြာခင် တက္ကစီတစ်စင်းပေါ်ကဆင်းလာတဲ့ ချာတိတ်တစ်ယောက်က - အကိုတို့လား ၊ ကျနော် ဦးနုရဲ့မြေးပါတဲ့ ။ လိုက်ခဲ့ကြ ဆိုပြီး -  AA House Hotel ကိုခေါ်သွား ဆယ်ထပ်ကျော်မြင့်တဲ့ အဆောက်အဦပေါ်က ခေါင်မိုးထပ် မှန်ကာအိမ်ကလေး ဦးရဲကျော်သူနဲ့အတူ စီအာဒီဘီ ဦးတင်မောင်ဝင်းတို့က ရင်းနှီးကြိုဆိုပြီး ရေမိုးချိုးခိုင်းလို့ သူ့ရေချိုးကန်ထဲဝင်စိမ်လိုက်တဲ့အခါ ကိုယ့်ဆီကထွက်တဲ့ ချွေးတွေဂျီးတွေနဲ့ ရေတွေမဲညစ်ကုန်လို့ ဖောက်ထုတ်ပြီးရေသစ်လဲပစ်ရသေး ... အဟေး။

သူတို့အောက်ထပ်က အခန်းနှစ်ခန်းမှာ အနားယူ ။ စားချင်တာမှာစား ။ ညနေမှာ စကားစမြည်ပြော ။ မှာစရာရှိတာမှာလို့ မနက်က လာကြိုတဲ့ကလေးကပဲ မဲဆောက်သွားမယ့် ကားဂိတ်ကို လိုက်ပို့ရှာတယ်။

မဲဆောက်-ဘန်ကောက် ဗီအိုင်ပီ ကားကြီးက အမြင့်ကြီး ။ အပေါက်မှာစောင့်နေတဲ့ ယာဥ်မယ်လေးက ချစ်စရာလေး ။ လက်မှတ်တွေပြတော့ နေရာတကျ လိုက်ပြပေးတယ် ။ အပေါ့အလေးသွားဖို့ ကားနောက်ဖက်ဆုံးကအိမ်သာခန်းကို ညွှန်ပြတယ် ။ ကားထွက်တော့ ကိုကာကိုလာတစ်ခွက်နဲ့ မုန့် တစ်ခုစီ လိုက်ဝေတယ်။ ကားကြီးက ငြိမ့်နေတာ ရှေ့ခုံနောက်ကျောက ကွင်းကလေးထဲ ထည့်ထားတဲ့ ကုတ် တစ်စက်မဖိတ်ဘူး။ 

မနေ့က အိပ်ရေးပျက်တဲ့ဒဏ်နဲ့ အိပ်ငိုက်ရင်း လွန်ခဲ့တဲ့ ငါးနှစ်ကျော် 1982 က "ကောလိပ်ကျောင်းသားသစ် ဖရက်ရှာ ဘဝမှာ ကျောင်းတက်ရင်း ကွန်မြူနစ်ဝါဒလေ့လာရေးအဖွဲ့ Communism Studying Group ထဲဝင် ၊ 'ပန်းဦးနေခြည်' ကဗျာစာအုပ် အမှုနဲ့ အင်းစိန်ထောင်မှာ တစ်လ၊ မော်လမြိုင်ထောင်မှာ တစ်နှစ်သုံးလ နေခဲ့ရတာတွေ အိပ်မက်နေခဲ့။

'ပန်းဦးနေခြည် 1982' ကဗျာ သုံးအုပ် အမှုနဲ့ အက်စ်ဘီတို့ ခရု ခါးတောင်းကျိုက်ဖမ်းခြင်း

8888 (4) - ကဗျာစာအုပ် ၃ အုပ်အမှု အက်စ်ဘီတို့ ခရု ခါးတောင်းကျိုက်ဖမ်းခြင်း

ရှစ်လေးလုံးအရေးနဲ့ လေးယောက်သား မဲဆောက်အသွား ကားပေါ်မှာ လွန်ခဲ့တဲ့ ငါးနှစ်ကျော် ကို သတိရနေမိတယ်။

၁၉၈၂ ဇွန်လရဲ့ မိုးစက်စက်ညမှာ 'ကိုယ်တို့နဲ့ ခဏလိုက်ခဲ့ပါ ' ဆိုပြီး ခေါ်သွားခံရတာ တစ်နှစ်ခွဲနီးပါး တောရဆောက်တည်ခဲ့ ​အကြောင်းက ... 

မော်လမြိုင်ကောလိပ်မှာ ကျောင်းတွင်း ရေး/ထုတ်/ဖြန့် ။ ၁၉၈၀ ပြည့်နှစ်က 'အရှေ့လေ' ၁၉၈၁ 'မျှော်လင့်ခြင်းတေးသံ '။ 

၁၉၈၂ က ကိုယ်တွေအဖွဲ့ "ကွန်မြူနစ်ဝါဒ လေ့​လာရေးအဖွဲ့ Communism Studying Group" က ထွက်တဲ့ 'ပန်းဦးနေခြည်' ကဗျာစာအုပ် ၃ အုပ်နဲ့ ပတ်သက်တဲ့ မော်လမြိုင်ကောလိပ်ကျောင်းသား ကိုယ်တွေအပါ ၁၁ ယောက်ကို အမ်အိုင် ၅ က ဖမ်း စစ်၊ SB ကိုလွှဲ ချာတာဖလိုက်နဲ့ ရန်ကုန်ပို့ ။ အင်းစိန်ထောင်မှာ တစ်လ စစ်၊ မော်လမြိုင်ထောင်ပြန်ပို့လို့ ထောင်တွင်းတရားရုံးမှာ ပုဒ်မ ၅(ည)နဲ့ အမှုစစ်လိုက်တာ တစ်နှစ်ကျော်ကြာတယ်။ 

အချုပ်ကြီးမှာ အန်ကယ်၊ ဆရာတော်၊ မျက်မှန်။ အထူးတိုက်မှာ ကိုကျော်သိမ်း၊ ဆရာရွှေရ။ ကြိုးတိုက်မှာ မြင့်ကျော်၊ အောင်ဆန်း။ ၅ ဆောင်ပေါ်မှာ ကျော်မြတ်ငြိမ်း ။ ဘေးမှာ ကိုယ် ။ တစ်ဖက်ဘေးမှာ ကိုအေးမင်း။ သူ့ဘေးက ကျော်ကျော်ညိမ်း။ တန်းစီ အိပ်ခဲ့ရတဲ့ ညပေါင်းများစွာလေ ။ ပြောရရင် ဆုံးမထင်တော့ ။

ထောင်ထဲမှာ ထူးထူးခြားခြား ရင်းနှီးမိတာ အန်ကယ်တို့အချုပ်ကြီးဆောင်က ဖိုသူကြီး ကျောက်ခဲ နဲ့ ထောင်ကျဆောင်က ကိုမန်းငြိမ်း(မောင်)တို့ပါ။

၁၉၈၃ အောက်တိုဘာလ ထောင်ကလွတ် ။ ကျောင်းပြန်အတက်မှာ ကျော်မြတ်ငြိမ်းကဆိုတယ် ။ KNU ဘက် သွားစို့ တဲ့။ ဟိုဘက်က ကမ်းလှမ်းသူက ထောင်ထဲက ခင်ခဲ့တဲ့ ကိုမန်းငြိမ်း(မောင်)ဆိုပဲ။  ကဲ ... သွားဆိုလည်း သွားတာပေါ့ဗျာ။

၁၉၈၅ အဖေဆုံးတယ် ။ စက္ကန်းရီးယား တက်နေတဲ့ ကိုယ်နဲ့ ညီ ၂ ယောက် ကျောင်းတန်လန်းနဲ့ ။ ကိုယ်မလိုက်ဖြစ်တော့ဘူး။

ကိုယ့်အဆောင်ကို သူ ကျော်မြတ်ငြိမ်း ရောက်လာတယ်။
"သွားတော့မယ်" တဲ့ မုတ်ဆိတ်တိုနှံ့နှံ့၊ လုံချည်အနွမ်းလေးဝတ်လို့ သွယ်ညွှတ်ညွှတ် ခန္ဓာကိုယ်လေးနဲ့ ကိုယ်ပေးလိုက်တဲ့ ပုဆိုးအသစ်လေး လွယ်အိတ်ထဲထည့် ။ အဆောင်ရှေ့ တိုက်ဝါကြီးနား ကုက္ကိုပင်အောက်မှာ နှုတ်ဆက်သွားတယ် ။ 

"လက်နက်ကိုင်တော်လှန်ရေး" လုပ်မလို့တဲ့ကွယ်။

သူ့ကို ကိုယ်ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူး။

သူနဲ့အတူ သန်းဦး၊ အောင်ဆန်းနဲ့ ကောင်မလေးတစ်ယောက် ပါသွားတယ်ကြားတယ်။

နောက်ပိုင်း သတင်းရတော့ ကျော်မြတ်ငြိမ်း ရောဂါနဲ့ဆုံးပါး၊ အောင်ဆန်း က ဗကပ ဘက်ကူး၊ သန်းဦးက KNU တပ်မဟာ ၆ ဝေါလေမှာ ကျောင်းဆရာ၊ ကောင်မလေးက .... ။


ကဲ ... ၈၈၈၈ အရေး မဲဆောက်ကို မနက်လင်းအားကြီးမှာ လေးယောက်သား ကားပေါ် ကအဆင်း။ ကိုယ်တို့ခေါင်းဆောင် ထွနိးထွန်းဝင်းက ဖုန်းရုံထဲ KNU က ဗိုလ်မှူးစိုးစိုးတို့ဆီ ချိတ်နေတုန်း ကိုယ်တွေက လူခွဲပြီး ဖုန်းရုံနဲ့ ခပ်လှမ်းလှမ်းပေါ့။

 ပက်ထရို ရဲနှစ်ယောက်နဲ့ဆုံ ။ ကိုယ်နဲ့ ထင်ကျော်ကို ရဲစခန်း ​ခေါ်သွားခဲ့ ။ တော်သေးလို ဟိုနှစ်ယောက်ကို သတိမထားခဲ့ကြ။ စခန်းက အချုပ်ထဲမထည့်ပဲ ထိုင်နေကြတုန်း တရုတ်တစ်ယောက် ဝင်လာ ကိုယ်တွေကို သူ့အိမ်ခေါ်သွား ။ လက်ဖက်ရည် မုန့်တွေကျွေးပြီး ဗိုလ်မှူးစိုးစိုးတို့ဆီ လိုက်ပို့ ။ လေးယောက်သားပြန်ဆုံ ။ ဗိုလ်မှူးနဲ့မိတ်ဆက်နေတုန်း ။ အိမ်ထဲဝင်လာတာက ကိုကျောက်ခဲ ။ ဟုတ်ပ ... မလမထောင်ထဲက ဖိုခေါင်း(သူကြီး)ကျောက်ခဲ။  သူ့နောက်ကဝင်လာသူက Dr. စင်သီယာမောင်၊ ဗိုလ်ကျောက်က ရင်းရင်းနှီးနှီး မိတ်ဆက်ပေးတော့ ကိုယ်က "ကျော်လွင်အောင်ပါ"

"အေး အမိုးတို့ပြောတာ ကြားဖူးတယ်"
"ကျော်မြတ်ငြိမ်း အရိုးကောက်ပွဲ လုပ်ပြီး အထိမ်းအမှတ် တခုခု. .. "
"နေပါစေ သူ ငြိမ်ချမ်းနေရာ ရှိပါစေ" အပြုံးလေးနဲ့ပြောတယ် သူ့အပြုံးက လေးစားဖို့ကောင်းတယ်။
ဗိုလ်ကျောက်တို့ကောင်းမှုနဲ့ စားသောက်ပြီး နာမည်ကြီး " သေဘောဘိုးစခန်း " လူတွေ တအုန်းအုန်းထနေတဲ့ စခန်းကြီးကို လေးယောက်သား ယောင်နနနဲ့ ရောက်ခဲ့ ရောက်ရှိခဲ့ . . . .

ဆက်ရန်
To be continued. . .
(5) 8888 -  သေဘောဘိုး သို့မဟုတ် ဒီမို ပွဲစျေးတန်း