Breaking News

မတ်လ ၂၈ ရက်ကို နိုင်ငံရေးပါတီမှတ်ပုံတင်ရက် နောက်ဆုံးအဖြစ်သတ်မှတ်၊ NUG က ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီတွေကို အရေးယူမယ်ဆို

မြန်မာနွေဦး ခရိုနီကယ် - မတ် ၁၅ မြင်ကွင်း

(မိုးမခ) မတ် ၁၆၊ ၂၀၂၃


မတ်လ ၂၈ ရက်ကို နိုင်ငံရေးပါတီမှတ်ပုံတင်ရက် နောက်ဆုံးအဖြစ်သတ်မှတ်၊ NUG က ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီတွေကို အရေးယူမယ်ဆို

စစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်က ထုတ်ပြန်ကြေညာလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ရမယ်လို့ ဖေါ်ပြထားပြီး ရက် ၆၀ ပြည့်တဲ့ မတ်လ ၂၆ ရက်အစား ၂၈ ရက်နေ့ကို နောက်ဆုံးနေ့ အဖြစ်သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ 

ခုချိန်ထိ မှတ်ပုံတင်ခဲ့တဲ့ ပါတီ ၂၃ ပါတီ ရှိနေပြီး စစ်အာဏာမသိမ်းမီ တရားဝင် ရပ်တည် ရှိခဲ့တဲ့နိုင်ငံရေးပါတီ အရေအတွက် ၉၀ ကျော်နဲ့ နှိုင်းယှဥ်ရင် ၄ ပုံ ၁ ပုံမျှသာ ရှိတယ်လို့ဆိုရမယ့် သဘောဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယှဥ်ပြိုင်မယ့် ပါတီတွေအဖို့ ငွေအား၊  ပါတီဝင် စည်းရုံးရမယ့်အရေအတွက်၊  ရုံးခွဲဖွင့်လှစ်ရမယ့် အရေအတွက်နဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့ရင် တနိုင်ငံလုံး ယှဥ်ပြိုင်မယ့် နေရာထက်ဝက်ကျော်ကို ဝင်ရောက်ယှဥ်ပြိုင်ရမယ်ဆိုတဲ့ အချက်တွေက တနိုင်ငံလုံးအတိုင်းအတာ နဲ့ ယှဥ်ပြိုင်မယ့် ပါတီအရေအတွက် သိသိသာသာ လျော့နည်းသွားအောင် ရည်ရွယ်ရေးဆွဲခဲ့တာ ဖြစ်ပြီး ဒီအကြောင်းအချက်တခုထဲကြောင့်မဟုတ်ပဲ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ လမ်းကြောင်း ၊ နိုင်ငံရေးလမ်းကြောင်းနဲ့ မြန်မာ့နိုင်ငံရေး အဖြေရှာဖို့ ယုံကြည်မှု ကျဆင်းလာတာကြောင့် နိုင်ငံရေးပါတီတွေ ၄ ပုံ ၁ ပုံခန့်သာ မှတ်ပုံတင်ကြတာ ဖြစ်နိုင်တယ်လို့ ယူဆရမယ့် အခြေအနေဖြစ်ပါတယ်။ 

တဖက်မှာတော့ လက်နက်ကိုင် လမ်းစဥ်သည်သာ တခုတည်းသော ရွေးချယ်စရာ နည်းလမ်းမဟုတ်သေးဘူးလို့ ယူဆတဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေလည်း ရှိကောင်းရှိနိုင်တာ ဖြစ်ပါတယ်။ အကယ်၍ အဲဒီလို ယုံကြည်တဲ့ နိုင်ငံရေးသမား နိုင်ငံရေးအဖွဲ့အစည်းတွေ အဖို့တော့ စစ်ကောင်စီက ကြေညာတဲ့ နိုင်ငံရေး ပါတီမှတ်ပုံတင် ဥပဒေ အောက်မှာ မှတ်ပုံတင်ရမယ့် သဘောလည်း ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးပါတီတွေကို အကြပ်ကိုင်ပြီး ရွေးချယ်ခိုင်းတဲ့ သဘောလည်း သက်ရောက်သလို မြေပေါ် နိုင်ငံရေးလို့ ဆိုကြတဲ့ နိုင်ငံရေးနည်းနဲ့ ရွေးကောက်ပွဲ နည်းလမ်းနဲ့ မြန်မာ့နိုင်ငံရေးကို အဖြေရှာဖို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံရေးပါတီ နဲ့ နိုင်ငံရေးသမားတွေ အဖို့လည်း အကြပ်ရိုက်စေတဲ့ အနေအထားဖြစ်ပါတယ်။

ဒီအခြေအနေမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့ စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့ သတ်ဖြတ်မှုတွေကို အားပေးအားမြှောက်ပြုသူတွေ အဖြစ် သတ်မှတ်ကာ ဥပဒေကြောင်းအရ အရေးယူမယ်လို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ဒီလို ကြေညာချက် ထုတ်ပြန်ခြင်းဟာ လက်တွေ့ အရေးယူနိုင်ခြင်း မနိုင်ခြင်းထက် ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေကို နိုင်ငံရေးအရ အမည်ပျက်စာရင်းထည့်သွင်းလိုခြင်း၊ နိုင်ငံရေးအရ ရှုတ်ချခြင်းဆိုတာထက် ပိုတဲ့ လုပ်ဆောင်မှုမျိုး လုပ်ဆောင်ဖို့ မလွယ်ကူတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ အခုလို ပြည်တွင်းမှာ စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ ဥပဒေကြောင်းအရ အရေးယူနိုင်တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ 

အခုလို အနေအထားမျိုးမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနဲ့ ဒေသတွင်းသြဇာကြီးတဲ့ အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားရောက်တွေ့ဆုံတဲ့ သတင်းလည်း ခုရက်ပိုင်းမှာ တွေ့လာရပြီး တရုတ်နိုင်ငံအနေနဲ့ ရွေးကောက်ပွဲကို မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် ထွက်ပေါက် တခုအဖြစ် မှတ်ယူနေသလား ဆိုတာတော့ တိတိကျကျ မပြောနိုင်သေးပေမယ့် စိတ်ဝင်တစားရှိတဲ့ အနေအထားလို့တော့ ဆိုနိုင်မှာဖြစ်ပါတယ်။ 

တရုတ်နိုင်ငံ အနေနဲ့ ယခင်စစ်အစိုးရလက်ထက်ကလို အာဏာသိမ်းစစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံမှုမျိုး မရှိဘဲ၊ ကုလသမဂ္ဂ ကိုယ်စားပြုမှု ဆိုင်းငံ့ထားရေးမှာလည်း အခြားသော ကမ္ဘာ့အင်အားကြီးနိုင်ငံ အမေရိကန်နဲ့ သဘောထားတူညီမှုတွေ ရှိခဲ့တာတွေ့ရပြီး စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံအားပေးတာ မဟုတ်သော်လည်း စစ်ကောင်စီကို ထိတွေ့ဆက်ဆံနေတဲ့ အင်အားကြီး နိုင်ငံအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ ကွန်မြူနစ်ပါတီက NLD ပါတီကို ဆက်သွယ် သဝဏ်လွှာပို့တာမျိုးကလွဲရင် အတိုက်အခံ အင်အားစုတွေကို တရားဝင် ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ထိတွေ့ဆက်ဆံမှုမျိုးတော့ ခုချိန်ထိ မတွေ့ရသေးပါဘူး။ တရုတ်နိုင်ငံရဲ့ မြန်မာ့အကျပ်အတည်းအပေါ် ၄င်းရဲ့ အကျိုးစီးပွားနဲ့ ယှဥ်ပြီး မူဝါဒကို ကျင့်သုံးနေတယ်လို့ ဆိုနိုင်တာလည်း ဖြစ်ပါတယ်။ 

တဖက်မှာလည်း တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဒေသတွေမှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တရုတ်နိုင်ငံကို ပစ်ပယ်ထားလို့ မရတဲ့အပြင် တရုတ်နိုင်ငံကို တစိတ်တပိုင်း မှီခိုရတဲ့ အခြေအနေမျိုးလည်း ရှိတာကြောင့် တရုတ်ရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ မူဝါဒ၊ ကျင့်သုံးမှုတွေကို နားလည်အောင် ကြိုးစားဖို့လည်း လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar