Breaking News

မိုခါမုန်တိုင်း ဒုက္ခသည်ကူညီသူကို ဖမ်းဆီးတဲ့ စစ်ကောင်စီ

မြန်မာ့နွေဦးခရိုနီကယ် - မေ ၂၃ မြင်ကွင်း

မိုးမခ - မေ ၂၄၊ ၂၀၂၃


မိုခါမုန်တိုင်း ဒုက္ခသည်ကူညီသူကို ဖမ်းဆီးတဲ့ စစ်ကောင်စီ 

ရခိုင်ပြည်နယ်မှာ မိုခါ မုန်တိုင်းတိုက်ခတ်ပြီးတပတ်ကျော်အကြာမှာ မုန်တိုင်းဒဏ် ခံစားနေကြရတဲ့ ရခိုင်ပြည်နယ်က လူထုတွေကို အကူအညီပေးဝေရာမှာ တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ စာရေးဆရာ ကိုဝေဟင်အောင်ကို ရသေ့တောင်မြို့နယ်အသွားလမ်းခရီးမှာ စစ်ကောင်စီတွေက မေလ ၂၃ ရက်မှာ ဖမ်းဆီလိုက်ပါတယ်။ ကိုဝေဟင်အောင်နဲ့အတူ ၄င်းရဲ့ သမီးနဲ့ အခြား ရန်ကုန်မြို့က ပရဟိတအဖွဲ့မှာ ၂ ဦး တို့ပါ လတ်တလော ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။ စစ်တွေမြို့ကနေ ရသေ့တောင်မြို့နယ် အသွားလမ်းခရီးမှာစစ်ဆေးရေးဂိတ် တခုကို ဖြတ်သန်းအပြီး နောက်ကလိုက်လာပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို ရခိုင်ပြည်နယ် လူမှုအသိုင်းအဝိုင်းက ပရဟိတကူညီရေးမှာ တက်ကြွစွာ လုပ်ဆောင်နေသူ တဦးကို ဖမ်းဆီးလိုက်ခြင်းဟာ စစ်ကောင်စီအနေနဲ့ မုန်တိုင်းဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးကို လက်ဝါးကြီးအုပ် လုပ်ဆောင်မှု၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုကို ပြသလိုက်သလိုရှိပြီး ဖမ်းဆီးစစ်ဆေးရုံတင်ပဲလား၊ အမှုဖွင့်တရားရုံးတင် စစ်ဆေးအပြစ်ပေးမှာလား ဆိုတာ လောလောဆယ် မသိရှိရသေးတဲ့အခြေအနေ ဖြစ်ပါတယ်။

အကယ်၍ အမှုမဖွင့်လှစ်ခဲ့သည့်တိုင် အခုလိုဖမ်းဆီးမှုက စစ်ကောင်စီရဲ့ နဂိုကတည်းက ကျဆင်းနေပြီးဖြစ်တဲ့ ပုံရိပ်ကို ထပ်မံအတည်ပြုတဲ့ အဖြစ်အပျက်တရပ် ဖြစ်စေမှာဖြစ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ လူမှုအသိုင်းအဝိုင်းက ထွက်ပေါ်လာတဲ့ ဦးဆောင်သူတွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။ 

ယခု အဖြစ်အပျက်ဟာ မုန်တိုင်းတိုက်ခတ်ပြီးနောက် စစ်ကောင်စီအနေနဲ့ အကူအညီပေးသူတွေကို ပထမဆုံးဖမ်းဆီးမှုလည်း ဖြစ်ပါတယ်။

ကိုဝေဟင်အောင်ဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲအပြီး ဒေါက်တာ အေးမောင်နဲ့အတူ ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ၅၀၅ (ဂ)တို့နဲ့ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်ခံရပြီး စစ်အာဏာသိမ်းပြီး နောက် သီတင်းနှစ်ပတ်အကြာမှာ လွတ်ငြိမ်းခွင့်နဲ့ လွတ်မြောက်လာတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ မိုခါ မုန်တိုင်းဒဏ်ကြောင့်ဒုက္ခရောက်နေသူတွေကို နိုင်ငံရေး စည်းရုံးဖို့ နေရာတခုသဖွယ် သဘောထားနေသလို စစ်ကောင်စီသည်သာ ရခိုင်ပြည်နယ်ကို ကယ်ဆယ်နိုင်သူအဖြစ် ပုံဖော်ဖို့လည်း ကြိုးစားနေရာမှာ လူထုရဲ့ ယုံကြည်မှုရရှိထားသူ လူမှုအသိုင်းအဝိုင်းခေါင်းဆောင်တွေကို အနီးကပ် စောင့်ကြည့်ကာ အရေးယူမယ့် ခြေလှမ်းလို့ အခုဖြစ်ရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုရမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်က မုန်တိုင်းဘေးဒဏ်ခံစားရတဲ့ ဒုက္ခသည်တွေကို ကူညီရာမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ် အကူအညီပေးဖို့ မုန်တိုင်းမကျရောက်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေခဲ့ပေမယ့် အခုရက်ပိုင်းအထိ ဒုက္ခသည်တွေကို ပစ္စည်းပေးဝေခွင့် မရသေးဘူးလို့ မှန်းဆရပါတယ်။ မြေပြင်မှာ မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံစားရတဲ့ ကျေးရွာတွေ နဲ့ မြို့တချို့ မှာ ဒုက္ခသည်တွေ အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ရရှိတဲ့ သတင်းတွေခုချိန်ထိ ထွက်ပေါ်မလာသေးပါဘူး။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအထိ ကုလသမဂ္ဂအဖွဲ့အနေနဲ့ အကူအညီပေးရေး ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲလို့ သတင်းတချို့မှာ ပါရှိတာ ဖြစ်ပါတယ်။ အာဆီယံနဲ့ အိန္ဒိယက ပေးပို့တယ်ဆိုတဲ့ အကူအညီတွေလည်း ရေလမ်း၊ လေကြောင်းလမ်းနဲ့ ရောက်ရှိနေတယ်လို့ သတင်းတွေ ဖော်ပြထားပေမယ့် ဒုက္ခသည်တွေထံ ဘယ်လိုဖြန့်ဝေသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာ မတွေ့ရပါဘူး။ 

ရခိုင်ပြည်နယ်မှာ လတ်တလော အရေးပေါ်အနေနဲ့ သောက်သုံးရေ၊ နေထိုင်ဖို့ ယာယီဖြစ်စေ ပျက်စီးသွားတဲ့ အိမ်အမိုးအကာနဲ့ ကျန်းမာရေးပြဿနာအတွက် ဆေးဝါးလိုမျိုး အရေးပေါ် လိုအပ်နေသူတွေ သောင်း သိန်းချီရှိနေတာ ဖြစ်ပြီး ကုလသမဂ္ဂကတော့ လူသားချင်းစာနာမှု အကူအညီလိုအပ်သူ ၃.၂ သန်းရှိတယ်လို့ ခုရက်ပိုင်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

အခုလို အရေးပေါ် အကူအညီလိုအပ်နေချိန်မှာ စစ်ကောင်စီ အနေနဲ့ ၄င်းတို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သစ်ပင်ဖြတ်တောက် ရှင်းလင်းတာ၊ လျှပ်စစ်ဌာနက ဓာတ်အားပေးတိုင်တွေ ပြင်ဆင်တာ၊ စစ်တပ်ပိုင် ရွေ့လျား ရေသန့်စက်တွေနဲ့ သောက်ရေသန့် ဖြန့်ချိနေတယ် ဆိုတဲ့ သတင်းဓာတ်ပုံတွေ နေ့စဥ်လိုလို ဖော်ပြနေပြီး စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင်လက်ခံရယူတဲ့ ပြည်တွင်းက အလှူရှင်တွေရဲ့ ကူညီငွေ ပေးဝေမှု လက်ခံတဲ့ စတဲ့ သတင်းတွေနဲ့ ဝါဒဖြန့်ချိရေး လုပ်ဆောင်နေတာတွေ့ ရပြီး နိုင်ငံတကာကအကူအညီတွေကို ဘယ်လိုဖြန့်ဝေပေးသလဲဆိုတဲ့ သတင်းအချက်အလက်တွေ မတွေ့ရှိရသေးပါဘူး။ 

မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေရဲ့ လက်ထဲမှာ ပြန်ပေးဆွဲခံထားရတဲ့ အနေအထားမျိုးရောက်နေပြီး သဘာဝဘေး၊ စစ်ဘေးဒုက္ခဘေးအန္တရာယ်လို ဘေးဒုက္ခတွေ ခံစားနေရချိန်မှာတောင် ပြန်ပေးဆွဲထားသူတွေက ကူညီချင်တိုင်း ကူညီခွင့်မရအောင် ပိတ်ပင်တားမြစ်ထားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ AA အနေနဲ့ အခုအချိန်မှာ စစ်ကောင်စီနဲ့ နိုင်ငံရေး ပြိုင်ဆိုင်မှုထက် ရခိုင်လူထုကို ကူညီရေးမှာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကူညီပေးကြဖို့ နှိုးဆော် အကူအညီတောင်းခံခဲ့ပြီး အခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက စာနာမှုအကူအညီတွေကိုလည်း လက်ခံရရှိနေတာ ဖြစ်ပါတယ်။

AA ရဲ့ ရခိုင်လူထု အပေါ် ဦးစားပေးတဲ့ မူဝါဒ၊ သဘောထားတွေက စစ်ကောင်စီရဲ့  သဘာဝဘေးအန္တရာယ်မှ နိုင်ငံရေး အမြတ်ထုတ်မှုကို ပိုမိုပေါ်လွင်ထင်ရှားစေပြီး နဂိုကတည်းက ဗီလိန်ဖြစ်နေတဲ့ စစ်ကောင်စီဟာ မုန်တိုင်းကာလအလွန် ကူညီကယ်ဆယ်ရေးမှာ ထပ်မံပြီး ဆိုးရွားစွာ ကျဆင်းလာဦးမှာ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar