Breaking News

မိုခါလွန်ခါစ ကူညီကယ်ဆယ်ရေး အခြေအနေ၊ ရန်ကုန်မြို့က ပြောက်ကျားအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရ

မြန်မာ့နွေဦးခရိုနီကယ် - မေ ၂၀ မြင်ကွင်း

မိုးမခ - မေ ၂၁၊ ၂၀၂၃


မိုခါလွန်ခါစ ကူညီကယ်ဆယ်ရေး အခြေအနေ၊ ရန်ကုန်မြို့က ပြောက်ကျားအဖွဲ့ဝင်တချို့ ဖမ်းဆီးခံရ 

ဆိုင်ကလုန်း မိုခါ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းကို ဝင်ရောက်ခဲ့တာ ၆ ရက်ကြာမြင့်လာသည့်တိုင် ရခိုင်ပြည်နယ်ရဲ့ ဒေသအချို့မှာ အရေးပေါ် အကူအညီမရရှိသေးတဲ့ သတင်းတွေလည်း ရခိုင်သတင်းမီဒီယာတွေနဲ့ အချို့ သတင်းမီဒီယာတွေမှာ ဖတ်ရှုနေရပါတယ်။ 

စစ်တွေမြို့ပေါ်မှာ အပျက်အစီးတွေ ဖယ်ရှားနေတာ၊ ကျောက်တော်၊ မြောက်ဦးမြို့နယ် နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ်အချို့မှာ အေအေ အဖွဲ့က ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ သတင်းဓာတ်ပုံတွေတွေ့ရသလို ရသေ့တောင်မြို့လို၊ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာအချို့တွေဆီ အရေးပေါ်အကူအညီဖြစ်တဲ့ သောက်ရေ၊ ရိက္ခာ၊ အမိုးအကာ စတာတွေ မရရှိသေးတဲ့ သတင်းတွေလည်း ဖတ်ရှုနေရဆဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က သတင်းတွေမှာတော့ ရေတပ်သင်္ဘောတွေနဲ့ ရိက္ခာ၊ မီးစက်၊ ရေသန့်ထုတ်လုပ်ပေးတဲ့ ကိရိယာ အစားအစာခြောက်၊ လျှပ်စစ်မီးတိုင် စတဲ့ အကူအညီပစ္စည်းတွေကို တင်ဆောင်နေတဲ့ ပုံ၊ စစ်တွေမြို့ ဆိပ်ကမ်းမှာ ချနေတဲ့ ပုံတွေနဲ့ ပြိုလဲနေတဲ့ သစ်ပင်နဲ့ နေအိမ် အဆောက်အဦအပျက်အစီးတွေ ရှင်းလင်းနေတဲ့ သတင်းဓာတ်ပုံတွေ တွေ့နေရပေမယ့်မုန်တိုင်းဒဏ်ခံရတဲ့ သူတွေကို အကူအညီပေးဝေတဲ့ ပုံတွေသိပ်များများစားစား မတွေ့ရသေးတာသတိပြုမိပါတယ်။ 

လျှပ်စစ်မီး၊ ဖုန်းလိုင်းတွေ ပျက်စီးကုန်ပြီး ဆက်သွယ်ရေး ပြတ်တောက်နေတဲ့ မြို့နယ်တွေ ကျေးရွာတွေမှာ ဘယ်လောက်ထိ အရေးပေါ် အကူအညီ လိုအပ်နေသလဲဆိုတာ တိတိကျကျ ကိန်းဂဏန်းတွေ မရနိုင်သေးသလို သတင်းမီဒီယာတွေကိုယ်၌က နေရာတိုင်းကို အဆက်အသွယ်ရဖို့ သတင်းတင်ပြဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်လို့ အချို့မြို့နယ်တွေ ကျေးရွာတွေမှာ အရေးပေါ် အကူအညီလိုအပ်နေဆဲ လို့ ခန့်မှန်းရပါတယ်။

ရခိုင်ပြည်နယ်အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာလည်း ဆိုးရွားစွာပျက်စီးတဲ့ ကျေးရွာတွေ ရှိနေပေမယ့် လတ်တလော ဖုန်း၊ အင်တာနက် အဆက်အသွယ် ခက်ခဲတဲ့ နေရာတွေဖြစ်တာ၊ လက်ရှိ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေဆဲ နေရာတွေဖြစ်တာကြောင့် အကူအညီရရှိဖို့ အခက်အခဲရင်ဆိုင် နေရတဲ့ အခြေအနေလို့ မှန်းဆရပါတယ်။ ဥပမာအားဖြင့် မတူပီမြို့နယ်၊ ပလက်ဝမြို့နယ်ထဲက ကျေးရွာအချို့ မှာဆိုးဆိုးရွားရွား မုန်တိုင်းဒဏ်ခံခဲ့ကြရပြီး အကူအညီတွေ မရရှိသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ICRC, UN စတဲ့အဖွဲ့တွေအနေနဲ့ ခရီးသွားလာခွင့်၊ ပစ္စည်းပေးဝေခွင့်တွေနဲ့ပတ်သက်လို့ ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲလား သိုမဟုတ် ရရှိပြီလားဆိုတာ သတင်းတွေ ထပ်မံမသိရှိရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ AHA ရဲ့ အကူအညီပေးဝေမှု ကိုတော့ အခြားသော နိုင်ငံတကာ အဖွဲ့အစည်းတွေထက်ပိုမို လိုက်လျောမယ့် အနေအထားရှိနိုင်ပြီး ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ၄င်းတို့ အဖွဲ့အစည်းရဲ့ ဝန်ထမ်းတွေ စီမံခန့်ခွဲမှုနဲ့ ပေးဝေမှာဖြစ်လို့ အကန့်အသတ်တွေ လုပ်ထုံးလုပ်နည်းတွေ နဲ့ ထိန်းချုပ်ထားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

အခုလို အခြေအနေမှာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ULA/AA အဖွဲ့ကလည်း ရခိုင်ပြည်နယ် လူထုအတွက် အရေးပေါ် အကူအညီနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ၄င်းတို့ရှိတဲ့ အင်အားနဲ့ မလုံလောက်တာမို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကူညီဖို့ မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။ ဆိုင်ကလုန်းဒဏ်ခံရတဲ့ ဒေသခံလူထုကို ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ULA/AA နဲ့ စစ်ကောင်စီတို့အကြား အငြင်းအခုံ၊ ပြဿနာတစုံတရာ အခုလက်ရှိအချိန်အထိ မကြားသိရသေးသလို ပူးပေါင်းဆောင်ရွက်မှုလည်း မရှိတာသတိပြုမိပါတယ်။ 

ULA/AA အဖွဲ့အနေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲက မြောက်ပိုင်းမဟာမိတ် အဖွဲ့တချို့က ဆိုင်ကလုန်းဒဏ်ခံ ဒေသခံတွေကို အကူအညီပေးဖို့ရာအတွက် ငွေကြေး အကူအညီတချို့ ပေးအပ်တာတွေ ရှိပြီး သိန်း ၅ ထောင်ကျော် ရရှိထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 

မုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်ထဲက အခြားသော အကြောင်းအရာတခုက လူနည်းစု ဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက သူတွေရဲ့ သေဆုံးမှုစာရင်း၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် အကူအညီရရှိမှု စတဲ့အခြေအနေတွေ ဖြစ်ပါတယ်။

စစ်တွေမြို့နယ်ထဲမှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည် ၄၀၀ ကျော် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီက အဆိုပါအရေအတွက်ကို ငြင်းဆိုခဲ့ပြီး နောက်ဆုံးထုတ်ပြန်ချက်အရ ၁၀၀ ကျော်သာရှိတယ်လို့ ဆိုကာ ၄၀၀ ကျော် သေဆုံးတဲ့ သတင်းကို ရေးသားဖြန့်ချိတဲ့ သတင်းဌာနတွေကို ဥပဒေကြောင်းအရ အရေးယူမယ်လို့လည်း ယနေ့ နေ့စွဲနဲ့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ လုံခြုံရေး အစောင့်အရှောက်နဲ့ နေထိုင်ကြရတဲ့နေရာတွေ ဖြစ်ပြီး အခုလို မုန်တိုင်းဝင်ရောက်မလာမီ သတိပေးမှု ရွှေ့ပြောင်းဖို့ ပြောဆိုမှုတွေရှိတယ်ဆိုပေမယ့် ရွှေ့ပြောင်းဖို့ အခြေအနေနဲ့ ပတ်သက်လို့ လုံလောက်တဲ့ အကူအညီ ရှင်းလင်းပြောဆိုမှု အသိပေးမှုရှိ၊ မရှိတော့ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 

မုန်တိုင်းဒဏ်ခံရတဲ့ ဒေသကလူထုတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအပြင် ဒီနေ့ အဖို့အခြားသတင်းတပုဒ်ကတော့ ယခင်လက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ဒုညွှန်ချုပ်ကို  လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားသူ ၁၀ ဦးကို ဓာတ်ပုံတွေနဲ့ တကွစစ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။ 

Yangon Revolution Force YRF လို့ ခေါ်ဆိုတဲ့ ရန်ကုန်မြို့မှာ လှုပ်ရှားတဲ့ ပြောက်ကျားအဖွဲ့ က ယခင်လက UEC  ဒုညွှန်ချုပ် စိုင်းကျော်သူကို ပစ်ခတ်လုပ်ကြံခဲ့တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပြီး အဖွဲ့ကို အဓိက ဦးဆောင်ညွှန်ကြားသူ ၂ ဦးကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့လည်း ထုတ်ပြန်ချက်မှာဆိုပါတယ်။ 

အခု ဖမ်းဆီးခံရသူတွေကို နောက်ဆုံး လုပ်ကြံသတ်ဖြတ်မှုဖြစ်တဲ့ UEC ဒုညွှန်ချုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေတင်မကပဲ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ Mytel ရဲ့ အထွေထွေမန်နေဂျာ ဖြစ်သူ ဗိုလ်မှူးဟောင်း တဦးကို မရမ်းကုန်းမြို့နယ် နေအိမ်အနီး လုပ်ကြံသတ်ဖြတ်မှုနဲ့ အခြားသော ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်းနဲ့ သတင်းပေးလို့ သံသယရှိတဲ့သူတွေကို ပစ်ခတ်သတ်ဖြတ်မှု ၇ မှုမှာပါ ပါဝင်ကျူးလွန်ထားတယ်ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ YRF အဖွဲ့ဝင်တဦးက သတင်းမီဒီယာကို ပြောဆိုရာမှာတော့ ဖမ်းဆီးခံထားရတဲ့ ၁၀ ဦးအနက် ၇ ဦးသာလျှင် ၄င်းတို့ရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီး ကျန် ၃ ဦးက မသက်ဆိုင်သူတွေလို့ ဆိုလိုက်ပြီး ဇာတ်လမ်းသဖွယ် ရေးသားချက်တွေကလည်း အကုန်လုံး မှန်ကန်မှုမရှိဘူးလို့ ဆိုလိုက်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar


x