ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၄ )
ကိုအောင်မှိုင်း - ညီညွတ်ရေး သို့မဟုတ်၊ စစ်အနိုင်တိုက်နိုင်ရေး - အပိုင်း ( ၄ )
(မိုးမခ) ဒီဇင်ဘာ ၁၀ ၊ ၂၀၂၃
ညီညွတ်ရေး ဆိုတဲ့ ခေါင်းစဥ်ဟာ ကျနော်တို့နိုင်ငံအတွက် ဓာတ်ပြားဟောင်းကြီးတချပ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်မြန်မာနိုင်ငံသမိုင်းတလျှောက် ခေါင်းဆောင်းအသီးသီးက ပြောခဲ့တဲ့ ပြောလေ့ရှိတဲ့ မိန့်ခွန်းကောက်နုတ်ချက်တခုလဲ ဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်လည်း ပြောခဲ့သလို အခြားခေါင်းဆောင်ကြီးများလည်း ပြောခဲ့တဲ့ စကားတခု ဖြစ်တယ်လို့ပဲ ဆိုရပါလိမ့်မယ်။ နှစ်ပေါင်း ၇၀ ကျော် ညီညွတ်ရေး ဘာကြောင့်မတည်ဆောက်နိုင်တာလဲ ဆိုတာကို အခိုင်အမာ လေ့လာသုံးသပ်ဖို့ လိုပါတယ်။လက်တွေ့ကျကျ ဓမ္မဓိဋ္ဌာန်ကျကျ ဘက်လိုက်မှုကင်းကင်း သုံးသပ်ဖို့လည်း လိုမှာဖြစ်ပါတယ်။
ဒီလို ဆန္ဒစွဲကင်းစွာ လေ့လာသုံးသပ်လက်ခံနိုင်မှ ညီညွတ်ရေး ဆိုတာ တည်ဆောက်နိုင်မှာ ဖြစ်သလို အပေါ်ယံ သကာဖြူးတဲ့ ဖောက်ပြန်ရေးသမားတွေပြောတဲ့ ညီ ညွတ်ရေးကို ကျော်လွှားနိုင်လိမ့်မယ်လို့ ကျနော်တော့ ယုံကြည်တယ်။
ညီညွတ်ရေးစကား ပြောဆိုသူတွေကိုယ်တိုင်က ညီညွတ်ချင်တဲ့ဆန္ဒ တကယ်ရှိကြရဲ့လားဆိုတာက လည်း တဦးချင်း ကိုယ်ကျိုးစွန့်နိုင်မှု၊ ပါတီကြီး ဝါဒစွန့်နိုင်မှု၊ လူမျိုးကြီး အတွေးအခေါ် စွန့်နိုင်မှု၊ အမြင်ကျဥ်းမြောင်းတဲ့ အမျိုးသားရေးအတွေးအခေါ် စွန့်နိုင်မှု စတဲ့ ဖောက်ပြန်တဲ့ အတွေးအခေါ်တွေကို စွန့်ပြီး ပြည်သူလူထုတရပ်လုံး အကျိုးစီးပွားကို ရိုးသားစွာ အခြေခံနိုင်မှုတွေပေါ်ကသာ ညီညွတ်ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
လူကြားကောင်းအောင် လိမ်ညာဝါဒဖြန့်နေရုံသက်သက်နဲ့တော့ ညီညွတ်ရေးရဖို့ ခက်ပါတယ်။ တနိုင်ငံလုံး ညီညွတ်ရေးဟာ တနိုင်ငံလုံး တပ်ပေါင်းစုကြီး တည်ဆောက်နိုင်မှုနဲ့ တဆက်တစပ်တည်းဖြစ်နေတယ်လို့ ကျနော်တို့ အကြိမ်ကြိမ် တင်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ “ဖဆပလ” လို တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ညီညွတ်မှုကို အခိုင်အမာ တည်ဆောက်နိုင်တဲ့ တပ်ပေါင်းစုကြီး ပေါ်ထွန်းလာခဲ့လို့ဆိုတာ အငြင်းပွားဖွယ်မရှိပါဘူး။ အခြေအနေ အချိန်အခါ အချက်အလက်နဲ့ ကိုက်ညီမှုရှိတဲ့အတွက် အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။
ပင်လုံညီလာခံက တတိုင်းပြည်လုံး ညီညွတ်ရေးကို ဘာကြောင့် တည်ဆောက်နိုင်ခဲ့တာလဲ ဆိုတာက ပြန်အစချီရလိမ့်မယ် ထင်ပါတယ်။ ပင်လုံညီလာခံရဲ့ အဓိကအနှစ်သာရက ပင်လုံကတိကဝတ်လို့ ခေါ် တဲ့ ပင်လုံသဘောတူညီချက် ၉ ချက်ပဲ ဖြစ်ပါတယ်။ ဒါကို ပင်လုံစာချုပ်လို့လည်း အသိအမှတ်ပြုကြတာ တွေ့ရပါတယ်။
ပင်လုံစာချုပ် ၁၉၄၇ ခုနှစ်
နေ့စွဲ။ ။ ၁၉၄၇ ဖေဖေါ်ဝါရီ လ (၁၂) ရက်။ ပင်လုံ။
မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ ဝန်ကြီးအချို့နှင့် စော်ဘွားအားလုံးတို့အပြင် ရှမ်းပြည် ၊ ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်းဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက် ကြသော ပင်လုံမြို့ တွင် ကျင်းပသည့် အစည်းအဝေးကြီး၌ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍ လျင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့က ယုံကြည်ကြသည့်အတိုင်း တညီတညွတ်တည်း အောက်ပါအတိုင်း သဘောတူညီကြသည်။
၁။ တောင်တန်းသားများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန် တောင်ပေါ်သားများ ညီညွတ်ရေး ဦးစီး အဖွဲ့ မှ ကိုယ်စားလှယ်များကထောက်ခံသည့် ကိုယ်စားလှယ်တဦးကို ဘုရင်ခံက ရွေးချယ်၍ ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။
၂။ ထိုအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာန လက်ကိုင်မရှိ ဝန်ကြီးအဖြစ် လည်း ခန့်ထားရမည်။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးနည်းတူ တောင်တန်းဒေသရေးရာဌာနကိုလည်း ဥပဒေဖြင့်ပြဋ္ဌာန်း၍ အမှုဆောင်ကောင်စီအောက်၌ ထားရှိရမည်။ ထိုတောင်တန်းဒေသ ဆိုင်ရာ အတိုင်ပင်ခံဝန်ကြီးအား အလားတူ နည်းအတိုင်း အုပ်ချုပ်ခွင့် အာဏာများကို အပ်နှင်းရမည်။
၃။ အဆိုပါ အတိုင်ပင်ခံဝန်ကြီးအား ကူညီရန်အတွက် ယင်းနှင့် လူမျိုးချင်းတူမဟုတ်သည့် အခြား တောင်တန်းသားများအား ကိုယ်စားပြုသော တွဲဘက် အတိုင်ပင်ခံနှစ်ဦး ရှိရမည်။
ထိုအတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ပထမဦးစွာမိမိတို့၏ဆိုင်ရာ နယ်ပယ်ရေးရာများကို စီမံခန့်ခွဲဆောင်ရွက်ရမည်။ အတိုင်ပင်ခံ ဝန်ကြီးမှာမူကျန်ရှိသည့် အခြားသော တောင်တန်းဒေသရေးရာများကို စီမံခန့်ခွဲဆောင် ရွက်ရမည်။ ယင်းပုဂ္ဂိုလ်သုံးဦးတို့သည် အခြေခံ ဥပဒေက ပြဋ္ဌာန်းသည့် အတိုင်း စုပေါင်းတာဝန်ယူ လုပ်ကိုင်ရမည်။
၄။ အတိုင်ပင်ခံ ဝန်ကြီးသည် အမှုဆောင်ကောင်စီ အဖွဲ့ဝင်အနေဖြင့် ကောင်စီတွင် တောင်တန်း ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ် ဖြစ်သော်လည်း တောင်တန်းဒေသ ကိစ္စများကို ဆွေးနွေးသောအခါ တွဲဘက်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်စီအစည်းအဝေးသို့ တက်ရောက်နိုင်ခွင့်ရှိ ရမည်။
၅။ အထက်ပါ သဘောတူညီချက်အရ ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည် ဖြစ်သော်လည်း တောင်တန်းဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို ပြုမူလိမ့်မည်မဟုတ်။ တောင်တန်းသဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိကြောင်း မူအားဖြင့် လက်ခံသည်။
၆။ မြန်မာပြည်ထောင်စုအတွင်း ကချင်ပြည်နယ်အတွက် နယ်ခြားသတ်မှတ်ရေးနှင့် ကချင်ပြည်နယ် တည်ထောင်ရေးကို တိုင်းပြုပြည်ပြုလွှတ်တော်သို့ တင်ပြဆုံးဖြတ်စေရမည် ဖြစ်သော်လည်း ထိုကဲ့သို့သော ပြည်နယ်မှာ လိုအပ်သည်ဟု သဘောတူလက်ခံကြသည်။
ဤရည်ရွယ်ချက်ကို ပထမဆင့် အကောင်အထည်ဖော်သည့် အနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ အပိုင်း (၂) ခြွင်းချန် ဒေသများကို အုပ်ချုပ်သည့် နည်းတူ မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင် အတွင်းရှိ ဒေသများ အုပ်ချုပ်ရေးနှင့် ပတ်သက်၍လည်း တောင်တန်းဒေသ အတိုင်ပင်ခံဝန်ကြီးနှင့် တွဲဘက် အတိုင်ပင်ခံတို့ကို တိုင်ပင်ဆွေးနွေးရမည်။
၇။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးများနှင့် ရပိုင်ခွင့်များကိုရရှိ ခံစားစေရမည်။
၈။ ဤစာချုပ်ပါ အစီအစဉ်များသည် ရှမ်းပြည်နယ်တွင် ယခုကျင့်သုံးခွင့်ပြုထားသော ဘဏ္ဍာရေး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို မည်သို့မှ ထိခိုက်ခြင်း မရှိစေရ။
၉။ ဤစာချူပ်ပါ အစီအစဥ်များသည် မြန်မာပြည်၏ အခွန်ဘဏ္ဍာများထဲမှ ကချင်တောင်တန်းဒေသနှင့် ချင်းတောင်တန်းဒေသတို့က ရပိုင်ခွင့်ရှိသော ဘဏ္ဍာရေးအကူအညီအား မည်သို့မျှထိခိုက်ခြင်းမရှိစေရ။ ထို့ပြင် ရှမ်းပြည်နယ်နှင့်မြန်မာပြည်တို့၏ ဘဏ္ဍာရေးစီစဥ်ဆောင်ရွက်မှုများကဲ့သို့ အလားတူ ဘဏ္ဍာရေးစီစဥ်ဆက်သွယ်မှုများကို လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိ မရှိ အမှုဆောင်ကောင်စီသည် တောင်တန်းဒေသအတိုင်ပင်ခံ ဝန်ကြီး၊ တွဲဘက်အတိုင်ပင်ခံများနှင့်အတူ စူးးစမ်းလေ့လာမည်။
မြန်မာနိုင်ငံတော်အစိုးရ
(ပုံ)
အောင်ဆန်း
၁၂-၂-၄၇
ကချင်ကော်မတီ
(ပုံ) (ပုံ) (ပုံ) (ပုံ)
ဆမားဒူးဝါးဆင်ဝါးနောင် ဇော်ရစ် ဒိန်ရတန် ဇော်လ
မြစ်ကြီးနား မြစ်ကြီးနား မြစ်ကြီးနား ဗန်းမော်
(ပုံ) (ပုံ)
ဇော်လွန်း လဗန်းဂရောင်း
ဗန်းမော် ဗန်းမော်
ချင်းကော်မတီ
(ပုံ) (ပုံ) (ပုံ) (ပုံ)
ဦးလွှာမှုန်း ဦးထောင်ဇာခုပ် ဦးကီယိုမန်း
အေတီအမ်။ အေတီအမ်၊တီးတိန်။ အေတီအမ်၊ဟားခါး။
အိုင်တီအက်(စ)် အမ်၊ဖလမ်း။
ရှမ်းကော်မတီ
(ပုံ) (ပုံ)
ခွန်ပန်းစိန် စပ်ရွှေသိုက် စပ်ဟုံဖ စပ်နွံ
တောင်ပိုင်းစပ်ဖလုံ ညောင်ရွှေစပ်ဖလုံ မြောက်ပိုင်းသိန္နီစပ်ဖလုံ လဲချားစပ်ဖလုံ
(ပုံ) (ပုံ) (ပုံ) (ပုံ)
စပ်စံထွန်း စပ်ထွန်းအေး ဦးဖြူ ခွန်းဖုံး
မိုင်းပွန်စပ်ဖလုံ သာမိုင်းခမ်းစပ်ဖလုံ သထုံစပ်ဖလုံ၏ကိုယ်စားလှယ် မြောက်ပိုင်းသိန္နီ
(ပုံ) (ပုံ) (ပုံ)
ဦးတင်ဧ ဦးထွန်းမြင့် ဦးကြာပု ဦးခွန်စော
(ပုံ) (ပုံ)
စပ်ရစ်ဖ ဦးခွန်ထီး
ပြောရမည်ဆိုလျှင် ပင်လုံစာချုပ် အနှစ်သာရကို ၁၉၄၇ ဖွဲ့စည်းပုံတွင် လည်းကောင်း၊ ၁၉၇၄ ဖွဲ့စည်းပုံတွင် လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံတွင် လည်းကောင်း လုံးဝမတွေ့ခဲ့ရပါ။ သေချာတာက သဘောတူညီချက် အမှတ် ၇ ဖြစ်တဲ့ “တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီတိုင်းပြည်များတွင် အခြေခံအခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိ ခံစားစေရမည်” ဆိုတဲ့အချက်ကို ရေးခဲ့ပြီးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဥ်းတိုင်းမှာ လုံးဝ လျစ်လျူရှုခဲ့တာကို ထင်ထင်ရှားရှား မြင်နိုင်မှာဖြစ်ပါတယ်။
ဒါဟာ အ နှစ် ၇၀ ပြည်တွင်းစစ် ရဲ့ ပင်မ ပယောဂလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
ဗမာတိုင်းရင်းသားတွေ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒီမိုကရေစီရရှိရေး စတဲ့ အခြေခံရပိုင်ခွင့်တွေနဲ့ ပြည့်စုံတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မထူထောင်နိုင်ခြင်းတွေဟာ ကနေ့ ကျနော်တို့အားလုံး ကြုံတွေ့နေရတဲ့ ကောက်ကျစ်ယုတ်မာမှုတွေ၊ မတရားအနိုင်ကျင့်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ စတဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ရင်ဆိုင်နေရတာ ဖြစ်တယ်ဆိုတာကိုတော့ အငြင်းပွားကြမယ် မထင်ပါဘူး။
ညီညွတ်ချင်ရင် ပါးစပ်က ပလီပလာစကားတွေ ပြောရုံနဲ့ မညီညွတ်နိုင်ပါဘူး။ လက်တွေ့ကျတဲ့ ညီညွတ်ရေးအလုပ်ကို လုပ်ကြရမှာ ဖြစ်ပါတယ်။ လက်တွေ့ကျတဲ့ ညီညွတ်ရေးအလုပ် ဆိုတာ ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့တဲ့အတိုင်းပါပဲ။ တိုင်းရင်းသား လူမျိုးပေါင်းစုံအားလုံး လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံတခု ရေးဆွဲရေးနဲ့ ဖက်ဆစ်စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် တိုက်ဖျက်ဖယ်ရှားရေးပဲ ဖြစ်ကြောင်းပါဗျာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar