မောင်ဘဦး - တော်လှန်စီးပွား အညာ (မိုးမခ) ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၄
မောင်ဘဦး - တော်လှန်စီးပွား အညာ
(မိုးမခ) ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၄
"ဒက်ဒက်ဒက်ဒက်...ဒက်ဒက်ဒက်ဒက်..."
နံနက် ၄ နာရီ၊ အမေ ရင်ဘတ်အောင့်ပြီး မောလို့ ဆရာမလေးကို ပင့်ခေါ် ဆေးထိုးရသည်။ ဆေးပေးပြီး ဆရာမလေးမှ ပြန်သွားခါစ ရှိသေး၊ အမေ့လျှာအောက်၌ အထည့်ခိုင်းထားသော နိုက်ထရော ဆေးပြားလေးပင် ကုန်မည် မထင်သေး၊ စခ-ရခ-ပခ ခွေးမျိုးစုံတို့ သေနတ်ပစ်ဖောက်ပြီး ရွာထဲ ဝင်လာကြပြီ။ အမေအိုကို မနိုင်မနင်းပွေ့ချီ၍ ပြေးကြရပြန်ပြီ။
အမေ့ဆေးထုပ်လေးကိုတော့ ပါအောင်ယူရသည်။ ဆေးဈေးက ကြီးလှပါသည်လေ။ ဆေးဈေးထက် မြို့သို့ ဆေးဝယ်သွားရတာက ပိုဈေးကြီးသည်။ လမ်းမှာ စခဂိတ်တွေက မထင်လျှင် မထင်သလို ငွေညှစ်သည်။ ဆိုက်တွဲထော်လာဂျီတစ်စီး ၅၀၀၀/-၁၀၀၀၀/အနဲဆုံး။ မြို့ရောက်ပြန်တော့လည်း ပရုပ်လုံး,ရခ,စခတွေနဲ့ တွေ့လို့ကတော့ မချောင်။ တနေ့ကပင် ကောင်လေးတစ်ယောက် ဆိုင်ကယ်အဖမ်းခံရသည်။ ၇ သောင်းပေးခဲ့ရသည် တဲ့။ နောက်ဆုံး ဆေးဆိုင်သို့ ထုတ်ထိယောက်ထိ ရောက်ပြန်တော့၊ "...ပစ္စည်းပြတ်နေ ပါတယ်"နှင့် ညားတတ်သလို၊ "နက်ဖြန်သဘက်မှ ရမည်"ဟူ၍လည်း ကြုံတတ်သေးသည်။ တလရကြီး ပြီးလျှင်တော့ ဆေးကုမ္ပဏီတချို့ကို ကျောင်းမှန်းကန်မှန်း သိအောင်လုပ်ဖို့ လိုလေပြီ။
ကျောင်းမှန်းကန်မှန်း သိအောင်လုပ်ဖို့ လိုလေသည်က ဆေးကုမ္ပဏီများ၊ စက်သုံးဆီ အရောင်းဆိုင်များ၊ ဆောက်လုပ်ရေး ကုန်မာဆိုင်များ။ ပြီးတော့ ရုပ်ရှင်အနုပညာရှင်များ။ ပြီးတော့ ပြီးတော့၊ တဖက်က စီဒီအမ် လျှောက်လွှာတင်ရင်း ကုဒ်နံပါတ်ကျလာချိန်တွင် ရုန်းမထွက်ဘဲ ရုံးတက်လျက်ရှိနေကြဆဲသော မမနန်းများ။ အားပါးပါး၊ များပြားလှပါဘိတောင်း။
လွန်ခဲ့သော တစ်ပတ် ဆယ်ရက်လောက်ကလည်း အခုလို သေနတ်ပစ်ဝင်ပြီး ရွာထဲကရှိသမျှ ရွှေငွေပိုက်ဆံသာမက၊ ဆီပုံးများ ဆန်အိတ်များကို ယူငင်သွားသည်။ ကြက်ဝက်များကို ပစ်သတ် ချက်ပြုတ်ကာ ဘလူးတုစပီကာများဖွင့်၍ မူးယစ်သောက်စားသွားကြသည်။ သယ်နိုင်သလောက်လည်းသယ်ယူသွားကြပြီး၊ မသယ်နိုင်တော့သည့်ဆန်အိတ်များကိုထားပစ်ခဲ့ရာ၊ ပအဖကောင်း ကောင်းမရှိသေးသည့် ကျေးလက်ရွာတွေအဖို့ စစ်ကြောင်းပြန်ပြီဆိုသည်နှင့် မိမိတို့ရွာသို့ သူ့ထက်ငါ ဦးအောင်ပြန်ကြရသည်။ "နောက်ကျ-အပေါက်ဝ,က ပြန်" ဆိုသလို၊ ရွာအပြန်အိမ်အပြန် နောက်ကျလျှင်ဖြင့် ဆန်အိတ် ဆီပုံးများသာမက၊ အမြင့်၌ ချိတ်ဆွဲထားသော ဆိုလာပြားများ ဘက်ထရီအိုးများပါ မကျန်၊ အမှတ်အသားပါသည် ဖြစ်စေ မပါသည်ဖြစ်စေ၊ တက်တက်ပြောင်ပေလိမ့်မည်။ စခ,ရခ,ပခ လက်ချက်လိုလို၊ တောကြောင်တို့၏ လက်ချက်လိုလို။ ဒါကတော့ ပကဖ,ပလဖ,ပအဖ အားနည်းသည့် ၅/ရွာတွေ၏ ပကတိ မြေပြင်အခြေအနေ။ ကျောင်းမှန်းကန်မှန်သိအောင် လုပ်ရမည့်သူတွေထဲတွင် မြို့တောကြောင် ရွာတောကြောင်များကို ချန်လှပ်ထား၍ မရ။
မောင်တို့ တမာမြေသည်ကား (၁) ပကဖ,ပလဖ,ပအဖ အားကောင်းလှသည့် မြို့/ရွာ၊ (၂) ပကဖ, ပလဖ,ပအဖ အား အသင့်အတင့်ရှိသည့် မြို့/ရွာ၊ (၃) ပကဖ,ပလဖ,ပအဖ အားနဲလှသည့် မြို့/ရွာ၊ (၄) ပကဖ,ပလဖ,ပအဖ လုံးဝမရှိသည့် မြို့/ရွာ၊ (၅) ပျူဒလန် အားကောင်းလှသည့် မြို့/ရွာ ဟူ၍ ရှိကြသည်တွင်၊ (၁) နှင့် (၂) မှာ ၇၀ ရာခိုင်နှုန်းခန့်၊ (၅) မှာ ၅ ရာခိုင်နှုန်းခန့် ရှိသည် မှန်ပေသိ၊ ပကဖ အားနည်း (၃) နှင့် ပကဖ လုံးဝမရှိ (၄) တို့ကား ရွှေညာမြေ၏ ၂၅ ရာခိုင်နှုန်းခန့် ရှိပါသေးသည်။ ပကဖ အားကောင်းသည့်ဒေသကိုတော့ စခတွေအဖို့ အင်အားကောင်း ရိက္ခာစုံမှ သွားရဲလာရဲကြပေသိ၊ ပကဖ အားနည်း (သို့) လုံးဝမရှိသည့် ဒေသတွေကိုတော့ စခအင်အားလေး အစိတ်သုံးဆယ်လောက်ဖြင့်၊ စားနပ်ရိက္ခာဗလာ၊ ကျေးရွာမှ ကြက် ဝက် သိုး ဆိတ် ဆန် ဆီ ဆားတို့ဖြင့် မူးယစ်သောက်စား ရမ်းကားဝံ့ကြပေသည်။
ပကဖအင်အား ကောင်း/မကောင်း ဆိုသည်ကလည်း ရွာသူရွာသား နယ်သူနယ်သား မိဘဆွေမျိုး သားချင်းတို့၏ အပြစ်ပယောဂ မကင်း။
"... ဒို့တော့ မန္တလေးဘော်ဒါဆောင် တစ်နှစ်သိန်း ၈၀ သုံးရစ်သွင်းနဲ့ ပို့ထားတာ၊ ပညာလည်းတတ်, ပကဖထဲ လိုက်သွားမှာလည်း မစိုးရိမ်ရ, အပြောရလည်းငြိမ်း...။"
လိုကယ်ပလဖ အခြေခံစစ်သင်တန်းတက်မည်ဟုစာရင်ပေးထားသည့် သားသမီးကို အဝေးဘော်ဒါ ဆောင်ပို့လိုက်သည့် ကြေးရတတ်တစ်ဦးက ပြောခြင်းပင်။ ငွေကြေးပြည့်စုံပေသိ၊ အသိဉာဏ်က မပြည့်စုံရှာ။ "လက်မှတ်ရ-ပညာမတတ်သူ"နှင့် "လက်မှတ်မဲ့-ပညာရှိသူ"ကို ခွဲခြားသိဟန်မတူ။ ပထမစွန်းလွန်းဂူကျောင်းဆရာတော်ကြီးကို ရဟန္တာမှန်း မသိ၊ စာမတတ် ပေမတတ် တောထွက်ကြီးဟူ၍ မီးပိတ်ရှို့ကြသူများနှင့် မခြားသူတို့ပေတည်း။
"....အဲသည်ကောင်တွေနဲ့ မပေါင်းပါနဲ့ဆိုနေ။ တော်...တော်...တော်၊ ရန်ကုန်သွား၊ ဖုန်းပညာသင်ချေ..."
ပကဖသူငယ်ချင်းလေးတွေနှင့် ပေါင်းနေသူ သားလေးကို ပကဖထဲ ဝင်မည်စိုးရိမ်၍ ရန်ကုန်သို့ ပို့လိုက်သည့် မိဘ၊ မအလ၏ စစ်မှူမထမ်းမနေရအမိန့် ထွက်လာတော့ လေသံပြောင်းသွားချေပြီ။
"သားလေး၊ ရန်ကုန်မှာ ပေါ်တာဆွဲတယ် ကြားတယ်၊ ပြန်လာခဲ့တော့။ မလာခဲ့နဲ့ မလာခဲ့နဲ့၊ ဒို့ဆီလည်း ပေါ်တာဆွဲနေတယ်"
ထိုကလေး ရန်ကုန်မှအပြန် ဘတ်စ်ကားပေါ်တွင် စခတို့၏ အဆွဲခံလိုက်ရသည်။
စစ်ကြောင်းထိုး-စစ်ကြောင်းထိုးနှင့် အကယ်စင်စစ်၊ ပကဖ အင်အားနည်းမှန်း သိလို့၊ မရှိမှန်း သိလို့ 'ဗိုလ်' လာကျတာသာ ဖြစ်သည်။ ရိတ်သိမ်းပြီးစအချိန်မို့ ဓားပြလာတိုက်တာ ဖြစ်သည်။ ပြီးတော့ ဗျူဟာမှူးပြောင်းလဲလို့လည်း ဖြစ်သည်။ ရှမ်း၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ ညီအစ်ကိုတို့၏ ရှေ့ တန်းဆီသို့ မသွားချင်၍ ဉာဏ်ဆင်တာလည်း ဖြစ်သည်။ ဉာဏ်ဆင်ခ ဘယ်လောက် 'ဂါ'လိုက်ရသည်တော့ မသိ၊ 'ဂါ'ဖိုးကြေအောင်ကိုတော့ မြို့ ရွာတွေထဲဝင် ဓားပြတိုက်မည်၊ ခိုးမည်၊ လူပြန်ပေးဆွဲပြီး အရွေးခိုင်းမည်၊ ရနိုင်လောက်သည့် ရပ်ကွက်မျိုးကို မီတာခ ဇွတ်ဝင်ကောက်မည်၊ ကားဆိုင်ကယ် ရှောင်တခင်ဖမ်းမည်၊ ဆိုင်ကယ်တစ်စီး အနည်းဆုံး ၇ သောင်း၊ ကားတစ်စီး ၁ သိန်းမှ ၂ သိန်း ၃ သိန်း။ ဒါတင်မက လူအခြေအနေပေါ် မူတည်၍လည်း ခေါ်သွားဦးမည်။ အခြေအနေဆိုသည်ကား ရွေးနိုင်-မရွေးနိုင်, ကြေး ကြီး-မကြီး။ ဖမ်းခေါ်ပြီး မရွေးမီ (တနည်း) 'ကြေး'ညှိစဉ်ကာလအတွင်း စရမိသားစုမှ ထမင်းဖိုး တစ်နပ်၅၀၀၀ိ တောင်းမည်။
"...လူတော့ မတွေ့ခဲ့ရဘူး၊ ထမင်းဖိုး တစ်ရက်တွက် တစ်သောင်းတော့ နေ့တိုင်းပေးခဲ့ရတယ်...။"
မကြာသေးခင်က ကြက်သွန်ခင်းရေသွင်းအပြန် လမ်းတွင် ဖမ်းဆီးခံရသူ၏ ဇနီးသည်က ပြောပြခြင်းဖြစ်သည်။ အနှီအနှာ ဂွင်ဖန်ကြကုန်သော ပခ,ရခ,စခတို့၏ အတူနေမိသားစုဝင်တို့သည်ကား တော်လှန်ရေးကြီးကြာလေလေ စီးပွားတက်လေလေ၊ တော်လှန်ရေးကြီးကြာလေလေ ပိုကြိုက်လေလေဖြစ်သော 'ဖိုးကြိုင်းတုပ်'တွေပေတည်း။ လုံးဝ သနားညှာတာဖို့ မကောင်း။ စခရခပခ မသာအလောင်းတို့တွင် ခိုးရာ တိုက်ရာ သတ်ရာပါ ရွှေ ငွေများ တွေ့ရသည်က သက်သေ။ သို့အတွက်ကြောင့်သာ ရခိုင်ပြည်သူတွေက ကမ်းပေါ်တက်လာသမျှ မိသားစုပါမချန် ခုတ်သတ်ခြင်း ဖြစ်ပေလိမ့်မည်။
တနေ့က မိုဘိုင်းဆိုင်ကယ်ဈေးသည်လေးက၊ မြို့မှာ စောက်တပ်ထောက်ခံပွဲ ရှိသည်၊ သူတို့ကိုတောင် မြန်မြန်ပြန်ချင်ပြန်၊ မပြန်ရင် ဆန္ဒပြပွဲပြီးမှပြန်ကြရန် ပြောသည် တဲ့။ ဆန္ဒပြပွဲ ၀ြီးသည်ထိ နေပေးလျှင် ၁၀၀၀ဝိ/ ပေးမည်တဲ့။ ထောက်ခံဖို့ ဝေးလာဝေး၊ အာဏာသိမ်း အကြမ်းဖက်စောက်တပ်ကို အမြစ်ပါမကျန် ဖြိုလှဲ ပစ်ချင်ကြလွန်းလို့ တော်လှန်ရေးလုပ်နေကြခြင်းဖြစ်သည်။
ဟိုးမြောက်ဘက်ဆီက ရွာမှာကတော့ သေနတ်သံမပေးဘဲ တိတ်တိတ်ဝင်လာလို့ တချို့မိသွားကြသည်။ ပဲစင်းငုံ ခုတ်ပြီး ပုတ်ကြ လှေ့ကြချိန်၊ တလင်းချိန် ကောက်ကြီးတက်ချိန်မို့ ဝင်လာတာပဲဖြစ်သည်။ ပစ်ခတ်၍ပဲ ဝင်ဝင်၊ တိတ်တဆိတ်ပဲ ဝင်ဝင်၊ မီးရှို့တာကတော့ ယုတ်မာလွန်းလှသည်။ ပြည်သူကို ဖျက်ဆီးခြင်း၊ (တနည်းအားဖြင့်) နိုင်ငံတော်ကို ဖျက်ဆီးခြင်းပေတည်း။ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်များကိုရက်စက်စွာသတ်ဖြတ်ခြင်းသည် နိုင်ငံတော်၏အနာဂတ်ကို အညွန့်ချိုး မျိုးတုံးအောင် ပြုမူခြင်း ပါပေတည်း။
စောက်တပ်အာဏာမသိမ်းခင် ဒီမိုကရေစီတဝက်တပျက် ကာလက ဆိုလျှင် ဤအချိန်ခါသမယကား သားရှင်ပြုအလှူတွေပေါလွန်းလှ၍ ချက်ပြုတ်ရေး အိုးသူကြီးတွေပင် ညည်းယူရသည့်အချိန် အခါ ဖြစ်သည်။ ယခုမူ ကိုယ့်အိမ်ကိုယ့်ယာ၌ မနေရ၊ ကိုယ့်စောင်ကိုယ် မခြုံရ၊ ပြေးရ လွှားရ၊ ကောက်ကြီး မတက်တတက်ကာလ အညာဒေသ။
ရှမ်း၊ ချင်း၊ ကချင်၊ ကရင် ကရင်နီ၊ ရခိုင် ဒေသတွေဆီသာဆိုလျှင် ဒီခွေးသူခိုးတွေ နားရွက်မခတ်ရဲ အမြီးမနှန့်ရဲတော့။ ဗိုလ်သခင်ဆရာ များပြားလှစွာသော မောင်တို့အညာမှာသာ။
မနေ့ည တစ်ညလုံး ကြက်သွန်ခင်း ရေသွင်းရ၍ အိပ်ရေးကပျက်၊ ယနေ့ည ကင်းကျနေသော ပလဖတစ်ယောက် ဟိုတွေးသည်တွေး မှေးနေရာမှ သေနတ်သံ၊ မူးပြီး ဆဲဆိုကြသည့် အော်သံများကြောင့် အတွေးပေါင်းစုံ အိပ်မက်မှ လန့်နိုးကာ မျက်လုံးကို ပွတ်ကြည့်မိသည်။
"ဟာ။ ခွေးတွေ မနည်းပါလား၊ ပွိုင့်တောင် အတော်ကျော်လာကြပြီ။ ဟေ့ကောင်၊ ထထ၊ ပစ် ပစ်။ ဟာ မပစ်နဲ့ မပစ်နဲ့တော့၊ ပြေး ပြေး"
"ဒိုင်း"
"ဒက် ဒက်ဒက်ဒက်၊ ဒက်ဒက်ဒက်ဒက်၊ ဒက်ဒက်ဒက်ဒက်။"
"ဒုန်း၊ ဒက်ဒက်ဒက်ဒက်။"
တစ်ချက်တည်းသောလက်လုပ်သေနတ်သံနှင့်အတူ စခတို့၏အတွဲလိုက်သေနတ်သံများ လက်နက် ကြီးသံများအောက်တွင် ကျေးရွာ လုံခြုံရေးအဖွဲ့သားများ အလဲလဲအကွဲကွဲ ထွက်ပြေးကြရတော့ သည်။ ရွာနှင့် အတော်ဝေးဝေးရောက်သည့်တိုင် ခေါင်းထောင်မကြည့်ရဲ။ အတန်ကြာမှ ရွာဘက်ဆီ ကြည့်လိုက်ရာ မီးခိုးလုံးများကိုတွေ့လိုက်ရသည်။ ထိုနေ့ညက အိမ်ခြေ ၃၀ ခန့် မီးရှို့ခံလိုက်ရသည်။ ကျွဲ နွား သိုး ဆိတ် တော်တော်များများ အသတ်ခံလိုက်ကြရသည်။ လေဖြတ်နေသူတစ်ဦး မီးထဲပါ သွားသည်။ လူငယ်လေး ၃ ယောက်ကို ပကဖ ဟုဆိုကာ သတ်ပြီး အိမ်ထဲထည့် မီးရှိူ့သွားသည်။ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပါ အသတ်ခံလိုက်ရသည်။
တိုင်းရင်းသား ညီအစ်ကိုဒေသများတွင် စခအင်အား ၄-၅-၆ရာ တစ်ထောင်ကို ၎င်းတို့ရှိရာသို့ သွား ရောက်တိုက်ခိုက် အောင်ပွဲခံနိုင်ကြသော်လည်း၊ အညာဒေသတွင် ပခရခစခ စုစုပေါင်းမှ ၂၀၊ ၃၀ လောက်လေးကို မိုင်းလေးတစ်လုံးစ နှစ်လုံးစခွဲ၊ လုပ်သေနတ်လေး လေး ငါး ခြောက်ချက် ပစ်ပြီးသည်နှင့် ထွက်ပြေးကြရတုန်း။
တိုင်းရင်းသားညီအစ်ကိုဒေသများတွင် လက်နက်ခဲယမ်းများ တောင်ပုံယာပုံ သိမ်းဆည်းမိချိန်တွင်၊ အညာဒေသ၌ မောင်းပြန်လေးတစ်လက် သိမ်းယူရရှိသည်ကိုပင် ဝမ်းသာအယ်လဲ ဂုဏ်ယူမဆုံး။
အညာတော်လှန်ရေးကား ဈေးကြီးလှသည်။ မောင်းပြန်တစ်လက် ဝယ်ယူနိုင်ဖို့အရေးက တယ်မလွယ်လှ။ မောင်းပြန်တစ်လက် ဝယ်ယူရန် "ကြက်ဝိုင်း"ကို ဖျားခင်းပေးရ အကောက်ကောက်ရသည့်ရွာပင် ရှိသည်ဟုလည်း ဝမ်းနည်းစွာ ကြားသိရသည်။ မောင်းပြန်တစ်လက်ကလည်း စက်ကင်းဟင်းကို သိန်း၁၈၀-၂၀၀ ဆိုလား၊ အသစ်က ၂၅၀-၃၀၀-၄၀၀ ဆိုလား။
တလရ ကနဦးကာလက ကျည်တတောင့် ငါးထောင်။ ၎င်းနောက် ခုနစ်ထောင်။ ယခု တစ်သောင်း-တသောင်းကျော် ဈေးပေါက်နေသည့် အညာ။ လက်နက်ခဲယမ်းပွဲစားတွေ ကြီးစိုးနေသည့် အညာ။
ထိုထိုပွဲစားတွေသည် တော်လှန်ရေးပြီးဆုံးသွားမှာကို စိုးရိမ်နေကြသူများပင် ဖြစ်သည်။
အချို့အချို့တို့သည်ကား တော်လှန်ရေးလုပ်နေသည်မဟုတ်၊ တော်လှန်ရေးကို ဗန်းပြ တော်လှန် ရေးကို အသုံးချတော်လှန်စီးပွားလုပ်နေကြသူတို့ ပါပေတည်း။
နွေဦးတလရသူရဲကောင်းအားလုံး
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
(မောင်ဘဦး၊ ၈၅တွဲဆန်း ၃)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar