Breaking News

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၅)

မောင်တူး - စုမွေးနေ့ ၈၀ ကြို ကဗျာများ (၁၅)

မိုးမခ ၊ ဇွန် ၂၂ ၊ ၂၀၂၅

မွေးနေ့အကြို၊ သုံးလလိုမှ

တင်ကြို စ စု၊ ဂုဏ်ပြုကြသား

ကဗျာများတွက်၊ မွေးရက်လွန်လည်း

စုနေဆဲပါ၊ ထပ်ပို့လာကြပါဦးဗျို့။ ။

ပြီးခဲ့တဲ့ အပိုင်း ၁၄ အထိ စုမွေးနေကြို ကဗျာပေါင်း ၁၂၀ ပုဒ် ရခဲ့ပြီ။ စုမွေးနေ့ကြို ကဗျာတွေ ထပ်ပို့လာကြပါဦး။ မွေးနေ့မရောက်ခင်ကတော့ အကြို ကဗျာများပေါ့။ မွေးနေ့လွန်တော့လည်း မွေးနေ့လွန်ကဗျာများလို့ မရေးတော့ပါဘူး။ စုမွေးနေ့ ၈၀ ကြိုလို့ပဲ ဆက်သုံးစွဲသွားပါမယ်။

(၁၂၁)

အကျဉ်းစံ ပြည်ထောင်စု မိခင်ကြီး ၏ အသက် (၈၀) ပြည့် မွေးနေ့ကို ရည်စူး၍ ပုံပါ ကဗျာ ကို အမေရိကန် ရောက် မြန်မာ ဆရာဝန် တဦးမှ ဖွဲ့ ဆိုခဲ့ခြင်း ဖြစ်သည်။

အို_ဝါးအိုပင်ကြီး (နီကိုးလပ်စ်ကုန်း)

တစ်ချိန်က ငွေရောင်တောက်ပ၊ သန်မာခဲ့သော်လည်း

ယခုမူ ရာသီဥတုဒဏ်ခံနေရပြီ၊ သို့သော် ခိုင်မာစွာဖြင့်—

ကျွန်ုပ်တို့၏ နှလုံးသားများကို မြင့်မားစွာ မြှင့်တင်ပေးသည်။

နက်ရှိုင်းသော ဆုံးရှုံးမှုနှင့် ဝမ်းနည်းပူဆွေးမှုကို သင် ခံစားခဲ့ရပြီ၊

နက်မှောင်သော နက်ဖြန်၏ သေခြင်းတရားကို ရင်ဆိုင်ခဲ့ရပြီ၊

အသရေဖျက်ဆီးခြင်း၊ ရက်စက်ကြမ်းကြုတ်မှုနှင့် အေးစက်မှုကို ခံခဲ့ရပြီ၊

တိတ်ဆိတ်စွာ၊ မယိမ်းမယိုင်၊ ရဲရင့်စွာ ရပ်တည်ခဲ့သည်။

သင်သည် မျှော်လင့်ခြင်းကို ပြုစုပျိုးထောင်ပေးသည်၊ အနာဂတ်ကို တောက်ပစေသည်၊

မုန်တိုင်းထန်သော ညတိုင်း ကျွန်ုပ်တို့ကို ကာကွယ်ပေးသည်၊

ခိုင်မာသော လမ်းညွှန်မှုကို ပေးသည်၊

ခံနိုင်ရည်ရှိစွာ ရပ်တည်သည်—ကျွန်ုပ်တို့၏ နိုင်ငံ၏ ဂုဏ်ယူမှု။

သင်သည် မေတ္တာ၊ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ပေးသည်၊

ကိုယ်ကျိုးမဖက်သော ရည်မှန်းချက်ဖြင့် စွန့်လွှတ်သည်၊

သင်သည် ရဲစွမ်းသတ္တိကို ပြသသည်၊ ကျေးဇူးတရားဖြင့် ဖုံးလွှမ်းထားသော

ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို သင့်ရင်ခွင်ထဲတွင် မြဲမြံစွာ ထိန်းသိမ်းထားသည်။

အို ဝါးအိုပင်ကြီး၊

သင်သည် ဘယ်တော့မှ တစ်ယောက်တည်း ရပ်တည်နေမည် မဟုတ်ပါ၊

သင် မွေးမြူပြုစုပျိုးထောင်ခဲ့သော ကလေးများ—

သင့်၏ မီးလျှံနှင့် အမြင်ကို ဆက်၍ တောက်ပနေစေမည်။ ။

မြန်မာနိုင်ငံ၏ မိခင် ဒေါ်အောင်ဆန်းစုကြည် အား ရည်စူး၍

(နီကိုးလပ်စ် ကုန်း)

၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်


(၁၂၂)

လူထုရဲ့အမေစု -မျိုးသန့်ထွန်း(စစ်ကိုင်း)

မိုးမခ ၊ ဇွန် ၂၀ ၊ ၂၀၂၅

လူထုခေါင်းဆောင်အမေစု၊

ဒီမိုကရေစီခေါင်းဆောင်အမေစု၊

ငြိမ်းချမ်းရေးမိခင်၊

ညီညွတ်ရေးမိခင်၊

လူထုမိခင်။

နိုဘယ်ဆုရှင်၊

ကရုဏာရှင်၊

စေတနာရှင်၊

မေတ္တာရှင်၊

ရှင်သန်မှုများနဲ့

ကြယ်တာရာလို

အသိဉာဏ်ပညာ

ထွန်းလင်းတောက်ပ

သာယာစေမယ့်

ထာဝရနှင်းဆီ။

သူရဲကောင်း

ဗိုလ်မင်းရောင်ရဲ့မြေး၊

အမျိုးသားခေါင်းဆောင်ရဲ့သမီး၊

သခင်အောင်ဆန်းရဲ့သမီး၊

ဗိုလ်ချုပ်အောင်ဆန်း-သမီး၊

သူနာပြုမိခင်ရဲ့သမီး၊

ဒေါ်ခင်ကြည်ရဲ့သမီး၊

အဖွားအမည်

အဖခင်အမည်

အမိခင်အမည်

ပေးထားတဲ့သမီး

-အောင်နိမိတ်ဆောင်

-ဆန်းသစ်တဲ့ဉာဏ်အမြင်၊

-စုစည်းနိုင်တဲ့မေတ္တာ၊

-ကြည်လင်အေးမြတဲ့ရေလို၊

အမည်နာမပေးခဲ့

“အောင်-ဆန်း-စု-ကြည်”တဲ့>

သီလမြဲတဲ့သူ

ရောင့်ရဲလွယ်သူ

ရင့်ကျက်တဲ့ ပညာရှိသူ

သွေးကစကား

အလေးထားသူ။

သခင်နုကသမီးအရင်းလို

ချစ်တဲ့ သမီးစု။

သမီးစု ဦးဆုံး နေအိမ် ကျယ်ချုပ်ကျတဲ့အခါ

ဦးနုက သမီးစု အိမ်ဆီ အရောက်လာခဲ့တယ်။

ဝးန်ရံခဲ့တယ်။

မြန်မာပြည်မှာ

မတရားဖိနှိပ်မှုတွေကြားကအမြဲလန်းဆန်နေတဲ့ နှင်းဆီတစ်ပွင့်။

လောကသစွာတရား

ခိုင်မြဲစေတဲ့ပန်းတစ်ပွင့်။

သစွာဆိုတာအမှန်တရားပါ။

သစွာရှိဖို့၊

ရိုးသားဖို့၊

အမြဲတိုက်တွန်းရအောင်

အမေစုလာခဲ့တယ်။

လောကဓံ ကံကြမ္မာကြောင့်

နေအိမ်အကျယ်ချုပ်နဲ့

ထောင်အကြိမ်ကြိမ်ကျသော်၊

စိတ်ဓာတ်မကျ၊

ဦးမညွှတ်၊

စိတ်အောင်အလံ

တံခွန်လွှင့်ထူ

အောင်ဆုတွေနဲ့

ရိုးသားရဲရင့်တဲ့အမေ

ရှေ့သို့ခရီးဆက်ဆဲပါ။

ပြည်သူ့အတွက်

ကိုယ်အကျိုးစွန့်

အနစ်နာခဲ့တာ

ကမ္ဘာသိ မြန်မာသိ။

လူထုနဲ့အမေစု

အမေစုနဲ့လူထု

သွေးစည်းခြင်း

ညီညွတ်ခြင်း

ပေါင်းစည်းခြင်း

ငရဲကြီးရှစ်ထပ်က

စစ်တပ်နဲ့တားလို့လဲမရ။

ကမ္ဘာသိ မြန်မာသိ

“လူထုခေါင်းဆောင်”

“ကျန်းမာပါစေ

အသက်ရှည်ပါစေ

အချုပ်နှောင်ကလွတ်မြောက်ပါစေ”

ကမ္ဘာတဝှမ်းက

မေတ္တာပို့

ကရုဏာပြု

ဆုတောင်းအသံတွေ

လူ့ပြည်ရွာ

အမေစု

ရှစ်ဆယ်ပြည့်

မွေးနေ့မှာ

ဂါရဝပြုအသံ

မိုးသို့လျှံတတ်ခဲ့ပြီ။

အမေစု

မတရားမှုတွေ

ပျောက်ပါစေ။

တရားမှုတွေ

အောင်ပါစေ။

လူထုရဲ့အမေ

တို့ပြည်သူတွေ

စစ်အာဏာရှင်ရဲ့

ဓါးမိုးလှံမိုး

အောက်က

အမြန်ဆုံးလွတ်မြောက်ပါစေ။

လူထုကောင်းအကျိုး

သယ်ပိုးနိုင်ပါစေ

လူထုရဲ့အမေ။

မျိုးသန့်ထွန်း(စစ်ကိုင်း)

၁၆-၆-၂၀၂၅

(အမေစု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့မှာ ဒီကဗျာနဲ့ ဂါရဝပြုပါတယ်)


(၁၂၃)

အားလုံးချစ်တဲ့စု (ထိန်လင်း)

ဆုတောင်းစကားတွေ ဖွင့်အန်ကြ

နေရာအနှံ့ ရင်ထဲက

အစ်မစု..

အန်တီစု..

အမေစု..

ဖွားဖွားစု..

အားလုံးချစ်တဲ့ စု။

မမြင်ကြလည်း မြင်နေရ

မကြားကြလည်း ကြားနေရ

အဝေးက ချစ်သူထံ

ဆုတောင်းသံတွေ ပေးပို့ကြ

ပြည်သူကပေးတဲ့ သရဖူ

ထပ်တူအပြည့် ရပါစေ။ ။

ထိန်လင်း

၁၆၊ ၆၊ ၂၀၂၅


( ၁၂၄ )

ပြည့်ချစ်သူ (မျိုးနီလာဝင်း)

ပေးဆပ်နစ်နာ များစွာရင်း၍

ချစ်ခြင်းစေတနာ မြန်ပြည်သာရေး

အမြဲတွေးယူ ကြိုးစားသူ ။

ခံယူစိတ်ထား ကောင်းသော်ငြားလည်း

ယှဉ်တွဲမနိုင် မုန်းမာန်ခိုင်၍

မိစ္ဆာပြိုင်လဲ ရှုံးမဲမဲကာ

လီဆယ်စွဲတာ ခံရသူ ။

ဘဝသက်တာ တစ်လျှောက်မှာကွယ်

လွတ်လပ်တယ်ရယ် ဘယ်မရှိ ၊

ဖိနှိမ်ချုပ်ခံ ကြိမ်ဖန်ထိခဲ့သူ ။

မိစ္ဆာအငြိုး မာန်ဟုန်ပျိုးကာ

လှဲ့ကွက်တိုး၍ ဉပဒေရိုက်ချိုး

မနောဆိုးနှင့် ပြည်သူ့အာဏာ လုတာခံရသူ ။

ပြည်သူနှင့်သူမ ထပ်တူကျ၍

ပြည့်အလှပန်းတိုင် ခိုင်ခိုင်စိုက်ဆဲ

ခွေးဆွဲခံရသူ ။

စိုက်ခဲ့ပန်းတိုင် ယိမ်းယိုင်ပြိုပျက်

လုပ်ရက်မိစ္ဆာ ဖျက်ပစ်ပါလည်း

သူ့ကိုချစ်သူ များပြည်သူက

တွန်းလှန်ပြန်ထူ ရန်မူသူအား

ဖယ်ရှားသုတ်သင် တိုက်ပွဲဆင်ကာ

ပြန်ကာရယူ ထိုးစစ်ကူပြီး

နီးစပ်ပန်းတိုင် ပြည်ချစ်နှိုင်အောင်

သင်ဆောင်ပြခဲ့သူ ။

အကျဉ်းစံသူ ပြည့်ချစ်သူသည်

ရွယ်မူရှစ်ဆယ် သက်ကြားရွယ်လည်း

ပေးဆပ်မြဲမို့ ၊

လေးစားဂုဏ်ယူ ပြည့်ချစ်သူကို

မြဲလိုမှန်းဆ ဆုခြွေကြသည်

သက်ရှည်ကျန်းမာ မြန်မကြာ

လွတ်မြောက်ပါစေသား ။ ။ (မျိုးနီလာဝင်း)

ချစ်ရတဲ့ ကျွန်ုပ်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် ( ၈၀)ပြည့် မွေးနေ့ အတွက် နှလုံးသားထဲက ကဗျာလေးနဲ့ တောင်းဆုခြွေလိုက်ပါတယ် အန်တီစု ရေ ....


(၁၂၅)

အမေစု လှမ်းခရေပန်းသို့ (ကျော်လွင် - မယ်လ)

ပင်မြင့်မှာနေ

*ပန်းခရေတို့

နွှမ်းကြွေမြေခ

သက်ဆင်းကြလည်း

မွှေးမြနံ့သင်း

လောကတွင်းသို့

ချစ်ချင်းနှင့်သာ

အနစ်နာခံ

မေတ္တာဟန်ပန်လွှမ်း၏။

အမေစုလှမ်း

ဒီမိုလမ်းသို့

ကြမ်းတမ်းခက်ထန်

ရောက်ရှိပြန်လည်း

အမှန်ဆောင်ရွက်

ပြည်သူတွက်မို့

ရက်စက်မဆုံး

ထောင်ဒဏ်သုံးလည်း

အမုန်းမဖက်

အပြုံးလက်၍

ရှေ့ဆက်လျှောက်နေ

အရောက်လှမ်းမည်

ပန်းတိုင်ဆီသို့ပါတကား ။ ။


(၁၂၆)

အန်တီစုအတွက် မွေးနေ့အမှတ်တရကဗျာ

ကဗျာနာမည်ကို ‘ကတိ’ လို့ပေးထားပြီး အညတရ PDF ရဲဘော်လေးတစ်ယောက်နေရာမှ ခံစားပြီး ရေးပါတယ်။

ကတိ (ဗဟိန်းရွှေ)

နှစ်၈၀ပြည့်

မွေးနေ့ရက်မှာ

ကျန်းမာစေကြောင်း

ဆုတောင်းပါတယ်အမေ။

ငယ်ဘဝ

ပြည်ပကို အနှင်ခံရလည်း

ချစ်လွန်းတဲ့သူ့တိုင်းပြည်မှာ

ပြည်သူတွေလွတ်လပ်စေချင်တာ

ရွေးချယ်မှုတစ်ခုရယ်လို့

ပေါ့ပေါ့လေး မပြောရက်ဘူး အမေ။

ချစ်တဲ့ပြည်အခြေချ

လေးဆယ်မှာ ဘဝစတော့

အချုပ်နှောင် အကြိမ်ကြိမ်ခံရ

တိုင်းပြည်ကိုအလင်းပြလို့

အာဏာရှင်ကို အံတုခဲ့တာ

ရွေးချယ်မှုတစ်ခုရယ်လို့လည်း

ပေါ့ပေါ့လေး မပြောရက်ဘူး အမေ။

“ဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်”

သေဆုံးတာ ကြာခဲ့ပေမယ့်

“ဖေဖေမြင်ချင်ခဲ့တဲ့ တပ်မတော်”

PDF လို့ ပေါ်လာပြီ အမေ။

ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်လို့

အမေ့ဆီကို အရောက်လာမှာ

မတရားမှုချုပ်ငြီမ်း

ရာဇဝတ်ကောင်တွေ ဇာတ်သိမ်းလို့

ဖက်ဒရယ် နိုင်ငံသစ်ကို

တူညီညာ လျှောက်လှမ်းကြမှာမို့

ကြည်ရွှင်တဲ့နှလုံး

အောင်နိုင်တဲ့အပြုံးနဲ့

လက်ကမ်းလို့ကြိုပါအမေ။ ။

ဗဟိန်းရွှေ

၁၉-၆-၂၅


(၁၂၇)

မ‌သေမျိုး_၈၀ (ဆုကြယ်စင်)

နိုင်ငံ့မွေးနေ့

ကမ္ဘာ့စံပြမွေးနေ့

အနာဂတ်တွေရဲ့မွေးနေ့

တစ်ပြည်လုံးရဲ့မွေးနေ့

အတုမရှိအမေ့မွေးနေ့

တစ်ပွင့်ပန်းရဲ့မွေးနေ့

ရဲရဲနီတဲ့နှင်းဆီရဲ့မွေးနေ့

အနှိုင်းမဲ့ နှိုင်းမရမွေးနေ့

မသေမျိုး ၈၀ ၏

မေတ္တာအစွမ်းတွေ

တပြည်လုံးလွှမ်းလို့

အနာဂတ်ပန်းများရဲ့

ပေးသမျှမေတ္တာတွေနဲ့

ဘေးဟူသမျှကင်းဝေးပြီး

မသေပင်ရဲ့ အစွမ်း

ပြည်လုံးလွှမ်း၍

လုံခြုံအေးချမ်း

ရွှင်လန်းကြပါစေ....

ဆုကြယ်စင်

19/6/25


(၁၂၈)

မွေးနေ့_၈၀ ( ဆန်းကျော်စွာဝင်း)

------------

နှင်းဆီနီ ဆံထုံးကြီးနဲ့

ကံ့ကော်တွေ ရင်မှာပိုက်

လှလိုက်တဲ့ အမေ့ ရုပ်ရည်

သံလွင်ပွင့်ဖို့ ကြာဦးမှာမို့

သစ္စာကို ပန်ထားတတ်သူ

အမေ့မျက်ဝန်းကို စိတ်နဲ့ဖတ်ကြည့်တော့

ဆောင်းရာသီတွေ တဖွဲဖွဲ ရွာတဲ့အထိ

အေးချမ်းပါဘိ ။

အာဏာရှင်မှန်သမျှ

ပွင့်ဖတ်လှုပ်ရုံမျှ တိုက်ခတ်တဲ့

လေသိမ်လေဖျင်းလို သဘောထား

နှစ်ကာလများစွာ ရဲရဲဝံ့ဝံ့ ဖူးပွင့်သူ အမေ

ဖုန်းဆိုးမြေကိုတောင်

နူးညံ့သွယ်ပြောင်း သူ့လက်ချောင်းနဲ့ လှစေသူ

ရွှန်းလဲ့ကြည်စို

အမေ့ မျက်ဝန်းညိုလေး လွမ်းပ ။

" အောင်ဆန်းသွေးပဲ

ရဲတာပေါ့ "

သူရဲကောင်းဖခင်ရဲ့ သတ္တိ

သူနာပြုမိခင်ရဲ့ မေတ္တာ

သူ ရထားတဲ့ အမွေ ဘယ်လောက်လှသလဲ

လက်ဖျံသေးသေးနဲ့ ကမ္ဘာကို ကိုင်လှုပ်ပုံများ

ရင်သပ်ရှုမော အံ့ဩဂုဏ်ယူဖွယ်

မျက်ရည်တစက် ပွင့်လွှာတချပ်နဲ့

တိုင်းပြည်အစုတ်အပြဲကို ချုပ်ရိုးသီခဲ့တယ် ။

နွေဦးတခုမှာပေါ့......

အာဏာယစ်မူး လူရူးတွေ စိတ်ဖောက်တော့

ဖွံ့ဖြိုးလုဆဲ နိုင်ငံငယ်လေး

အပ်ကျသံကြားမိအောင် တိတ်ဆိတ်

အနက်ရောင်မှာ ပိန်းပိတ်ခဲ့ရပြီ

ရီဝေမှိုင်းအုံ့

ဟိုး... စနေထောင့်မှာ

ဘဝတွေ တဖြုတ်ဖြုတ် ရွာနေသလို

ဆိုး၊ ယုတ်၊ မိုက်၊ ကန်း လူဆိုးသွမ်းတွေကြား

ဘဝများစွာ မွမွကြေ ။

၅ နှစ်တာကာလ

စံပယ်အညွန့်လေး

မိုးရေထဲ လူးလွန့်နူးညံ့စဉ်တုန်းက

အာဏာရှင်စနစ်ကို စိုးကြောက်

သေနတ်ပြောင်းကို ပန်းနဲ့ပေါက်ရင်း

နောက်ကြောင်းမပြန်ကြေးလို့ ယုံခဲ့ဖူးတယ်

နီရဲလတ်ဆတ် လူထုသွေးစက်ကိုမှ

အရသာခံ သောက်ချင်တဲ့ လူ့ဘီလူးတွေ

လက်ယဉ်နေတဲ့ မောင်းခလုတ်ရှေ့

အသက်တွေ အုံနဲ့ကျင်းနဲ့ ပေးခဲ့ရပေါ့

အဲဒီတုန်းက....

နေပူထဲရပ်နေတဲ့

သားသတ်သမားရဲ့ ချွေးစက်ကို သုတ်ပေးဖို့

လူထုဟာ ပဝါရော ရေဘူးရော ကမ်းခဲ့ကြတယ်

မရခဲ့ပါဘူး ။

တကယ်ဆို

တမြေ့မြေ့လောင်နေတဲ့ အမှိုက်ကျင်းဘေးနေရင်း

လွတ်လပ်သန့်ရှင်းတဲ့ လေထုကိုမှ

လူငယ်တွေ မျှော်လင့်မိလေခြင်း

လမ်းလယ်ကောင် လုယက်ရိုက်နှက်

ဥပဒေအမိုးကာ မလုံတဲ့

နိုင်ငံတော်ပြဇာတ်ရုံမှာ

လစာတစ်ပဲ ခြောက်ပြား အတွက်

ပျူစောထီးငှက်လို

မြို့လယ်ကောင် မီးစုန်းတောက်ပြ သူတွေရှိတယ်

ရှက်ဖွယ် ခေတ်ပျက်ကြီးထဲ

ကိုယ့်နှလုံးသားကိုယ် ခိုစီးရတာလည်း

ဒုက္ခတွေချည်း ခါးစည်းခံရတယ် အမေ ။

မွှေးနေ့ မွှေးရက်မှာ

ကတိကဝတ် ပြုနိုင်တာက

ငါတို့ရဲ့

လေကောင်းမြေသန့် အာသီသ သည်

လူထုအတွက် စုဖွဲ့မှု ပြုကြကုန်ငဲ့

ငါတို့ရဲ့

နိုင်ငံရေး စေတနာသည်

လူထုအတွက် သန္ဓေတည်မှု ပြုကြကုန်ငဲ့

ငါတို့မှာ

သူရဲကောင်းစိတ် မရှိနိုင်ငြား

သူယုတ်မာစိတ် ကင်းမဲ့မှုအား

လူထုအတွက် ပြသပါရစေ ။

သေနတ်ပြောင်းဝက ပန်း

လူငယ်လက်ထဲက အနာဂတ်

သံတိုင်ကြားက အမယ်အိုရဲ့

လက်ဖျံရိုးတစ်ချောင်းကို

အဆုံးထိ သယ်ယူသွားကြစို့ရဲ့

ပိုးကိုက်ဓါးနဲ့ ဘုရင်လုပ်ချင်သူကို

စက္ကူကျားဘဝ ရောက်စေရမယ်

ယုတ်ကန်းသူအပေါင်း

ဒီမြေမှ

လွဲပါစေ ပယ်ကြစေ

နွေဦးရှင်းတမ်းနဲ့

လူငယ်တွေရဲ့ အိမ်ပြန်လမ်းမှာ

ငြိမ်းချမ်းခြင်းသာ ပွင့်ပါစေ ။ ။

ဆန်းကျော်စွာဝင်း


(၁၂၉)

စုအတွက်ဆု (ဉာဏ်ဦးမောင်)

————-

တောင်းလို့

ပေးကြတာမဟုတ်။

ပေးခဲ့လို့

ပြန်ပေးကြတာ။

စုအတွက်

ဆုမြတ်မင်္ဂလာ….။ ။

ဉာဏ်ဦးမောင်

June 19, 25


(၁၃၀)

ဖြေပြေရာမရတဲ့နျှောင်ကြိုး (ငြိမ်းချမ်းစေ)

An unbreakable bond.

ကြိုးဆိုတာ

ခြည်နှောင်ထားနိုင်တယ်

ဆင်ငယ်လေးတွေကို

ကြိုးလေးနဲ့ခြည်နှောင်

နောင်ကြီးလာတဲ့ခါ

မရုန်သာလို့

ယုံကြည်သွားတယ်

ရန်လိုသတ္တဝါ

ကျုံးသွင်းချည်နှောင်

အားခွန်သုံးလည်း မလွတ်သာ

ခိုင်မာတဲ့ကြိုးတွေရှိတယ်

ဒီကြိုးတွေထက်

ပိုခိုင်မာ

မရုန်းသာ

မလွန့်သာ

ကြိုးမျှင်လေးက

သံယောဇဉ်ပါ

သံယောဇဉ်မမြင်ရလည်း

ရင်ဝငြိတွယ်

ဖယ်မရ

ဖြတ်မရ

သောကပွေလီ

ကြုံခဲ့ဘူးကြပေမည်။

အမေ့ဆီမှာလည်း

ကြိုမျှင်လေးရှိပါတယ်

ငြိတွယ်ကြပေမယ့်

တုတ်နှောင်မှု မတင်းကျပ်

လွတ်လပ် ပေါ့ပါး

သောကမီး မပူလောင်

အမှောင်မပိတ်ဆည်း

တွေးနေရင်းနဲ့ လွမ်းရ

ဆွေးနေရင်းနဲ့တမ်းတ

ပရိဒေဝမဖြစ်

ပီတိ အသစ်လေးနဲ့မို့

တို့တတွေ ပိုချစ်နေတာထင်ပါရဲ့

ဒီကြိုးမျှင်အတွက်

ဒီတစ်သက်

မဖြည်ပါရစေနဲ့တော့~~။ ။

#ငြိမ်းချမ်းစေ

အပိုင်း ၁၅ ပြီးပါပြီ။ အပုဒ် ၁၃၀ ရှိပါပြီ။ မွေးနေ့လွန်လာလို့ စု ၈၀ ဂုဏ်ပြုကဗျာတွေ ပို့တာ ရေးတာ မရပ်လိုက်ကြပါနဲ့ဦး။ ဆက်ပို့လာကြပါ။ အပိုင်း ၁၆ မှာ ဆက်လက် ဖော်ပြပေးပါမယ်။

ပြည်သူ့အတွက်၊ အမြဲတွက်၍

ရတက်မအေး၊ စဉ်းစားပေးသည့်

လူထု၏ခေါင်းဆောင်၊ စု ဂုဏ်ရောင်သည်

အမှောင်ထဲတိုင်၊ လင်းနေနိုင်သား

ကဗျာများဖြင့် ထွန်းပတင့်ဝင့်စေသတည်း။ ။







Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar