Breaking News

ခင်နှင်းဝေ - ပြင်ဦးလွင်မြေယာ အငြင်းပွားမှု ညှိနှိုင်းနိုင်ခြင်းမရှိဘဲ အခြေအနေ ဆက်လက်တင်းမာ



ပြင်ဦးလွင်မြို့နယ် မယာအငြင်းပွားမှုမှာ ယနေ့(ဧပြီလ ၃၀ရက်)နံနက်တွင် ရုန်းရင်းဆန်ခတ်ထပ်ဖြစ်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများက လာရောက်ညှိနှိုင်းခဲ့သည်။ (ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now)

ခင်နှင်းဝေ - ပြင်ဦးလွင်မြေယာ အငြင်းပွားမှု ညှိနှိုင်းနိုင်ခြင်းမရှိဘဲ အခြေအနေ ဆက်လက်တင်းမာ (Myanmar NOW) မိုးမခ၊  မေ ၁၊ ၂၀၁၉


မန္တလေး - တပ်မတော်က ခြံစည်းရိုးခတ်နေသဖြင့် တင်းမာမှုဖြစ်နေသော ပြင်ဦးလွင်မြို့နယ် မြေယာအငြင်းပွားမှုမှာ ယနေ့(ဧပြီလ ၃၀ရက်)နံနက်တွင် ရုန်းရင်းဆန်ခတ်ထပ်ဖြစ်ခဲ့ပြီး တိုင်းအစိုးရတာဝန်ရှိသူများက လာရောက်ညှိနှိုင်းသော်လည်း ပြေလည်မှုမရရှိဘဲ အခြေအနေ ဆက်လက်တင်းမာနေသည်။

ယနေ့နံနက်တွင် ဒေသခံတောင်သူများက ခြံစည်းရိုးများကို ဝင်ရောက်ဖျက်စီးရာမှ ထပ်မံပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး တိုးမြှင့်ချထားကာ တိုင်းအစိုးရတာဝန်ရှိသူများ လာရောက်ညှိနှိုင်းခဲ့သည်။ သို့သော်ညှိနှိုင်းမှုမှာ ပြေလည်ခြင်းမရှိခဲ့ပေ။

"မှန်တာပြောရရင် ကျွန်တော်တို့စစ်သားတွေ စစ်တိုက်တဲ့အလုပ်ပဲ လုပ်ချင်ပါတယ်၊ လိုအပ်ချက်အရ တိုင်းပြည်ရဲ့စီးပွားရေး တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်ဖို့ ဆောင်ရွက်ရတာဖြစ်ပါတယ်”ဟု အမှတ်၁၂၁ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းမှ ဗိုလ်မှူးကြီးအောင်နိုင်ဌေးက ပြောသည်။

58671886_634346830322625_5534847448670797824_N.JPG


ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် အမှတ်၃နယ်မြေ၊ လွန်ကောင်းကျေးရွာအုပ်စု၊ ဝါးနက်ကျေးရွာ၊ မင်းတည်းကွင်းတွင် အမှတ် ၁၂၁ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းက နို့စားနွားမွေးမြူ ရေး စီမံကိန်း ဧရိယာအဖြစ် နယ်နမိတ်သတ်မှတ်ကာ ၁၇၃ ဧက ကို ဧပြီလ ၂၉ရက်နေ့နံနက်က ခြံစည်းရိုးခတ်လိုက်၍ ဒေသခံတောင်သူများနှင့် မြေယာအငြင်းပွားမှု ဖြစ်နေခြင်းဖြစ်သည်။

“နိုင်ငံတော်ဘက်ဂျက် လိုအပ်ချက်အနေအထားအရ ကျွန်တော်တို့စစ်သည်တွေ ဘယ်အတိုင်းအတာအရ ဘယ်အတိုင်းအတာအထိ ရိက္ခာရသလဲဆိုတာ ပြောရရင် ရှည်နေမှာစိုးလို့ မပြောတော့ပါဘူး၊ ခင်ဗျားတို့တွေ ထမင်းတစ်နပ်၂၅၀၀ စားနေချိန်မှာ တပ်မတော်သားတွေရဲ့ ဘက်ဂျက်ဟာ အဲဒီတစ်ဝက်တောင် မရှိပါဘူး”ဟု ဗိုလ်မှူးကြီး အောင်နိုင်ဌေးက ဆက်ပြောသည်။

ဒေသခံတောင်သူများကမူ အဆိုပါစီမံကိန်းမြေနေရာသည် လက်ရှိတွင် ပိုင်ဆိုင်ကြောင်းအငြင်းပွားနေသော မြေနေရာဖြစ်သည့်အတွက် တပ်မတော်မှ ခြံစည်းရိုးခတ်ခြင်းကို ရပ်တန့်ထားရန် လိုလားကြသည်။

PHOTO_BY_KHIN_HNIN_WAI_3.JPG


ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now

ညှိနှိုင်းမှုတွင် ပါဝင်သည့် ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်လယ်ယာစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင် ဦးခင်မောင်မြင့်က "တပ်သိမ်းမြေဆိုတာ သုံးချက်ရှိတယ်၊ မူဝါဒနဲ့ညီမှမညီတာ၊ ဒါစွန့်လွှတ်ပေးရမှာ၊ မပေးချင်လို့ ဟိုလိုလှည့် ဒီလိုလှည့် လုပ်နေတာ၊ ငါတို့တောင်သူတွေက အမြဲတမ်း ခံနေရတာ” ဟု မှတ်ချက်ပေးသည်။

အငြင်းပွားမှုဖြစ်နေချိန်တွင် လုပ်ငန်းများကို ရပ်ဆိုင်းခိုင်းထားရမည်ဖြစ်ပြီး ယင်းကိစ္စကို အစိုးရရုံးကို တင်ပြသွားမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် NLDပါတီဥက္ကဌလည်းဖြစ်သူ ၎င်းက ဆက်ပြောဆိုသည်။

58864913_634390510318257_2473829999182872576_N.JPG


ဓာတ်ပုံ - ခင်နှင်းဝေ / Myanmar Now

တပ်သိမ်းမြေဟုဆိုပါက အစိုးရ၏တရားဝင်သိမ်းဆည်းရန် ခွင့်ပြုချက်ကို ပြသရန် ဒေသခံတောင်သူများက တောင်းဆိုသော်လည်း အထောက်အထား စာရွက်များကို အထက်ညွှန်ကြားချက်ဖြစ်သည့်အတွက် ထုတ်ပေးရန် မဖြစ်နိုင်ကြောင်း၊ မြေ မှားယွင်း သိမ်းဆည်းခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများ၏ စွပ်စွဲမှုကိုလည်း လယ်ယာမြေပြန်လည်စိစစ်ရေး ကော်မတီကိုသာ စာတင်စေလိုကြောင်း ၊၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ဗိုလ်ကြီးအောင်နိုင်ဌေးက ပြောသည်။

စစ်အစိုးရလက်ထက်တွင် တပ်မတော် အပါအဝင် ဝန်ကြီးဌာနများက စီမံကိန်းလုပ်ရန်အတွက်ဆိုကာ လယ်ယာမြေ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ပြီး ယင်းသို့မြေသိမ်းမှုများတွင် ကာကွယ်ရေးဝန်ကြီးဌာန အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။