ခွန်ဆိုင်း ● လစ်ဘရယ် တကယ်ကျဖို့ လွယ်လှတယ် မောင် မထင်
ခွန်ဆိုင်း ● လစ်ဘရယ် တကယ်ကျဖို့ လွယ်လှတယ် မောင် မထင်
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၉
မနက်ဖြန်ဟာ သူသေ ကိုယ်ရှင်လား ... ကိုယ်သေ သူရှင်လား
အခန်း (၅)
ခင်ဗျားဟာ ဒရိုင်ဘာမလိုတဲ့ယာဉ်တွေထုတ်တဲ့ ကားကုမ္ပဏီတခုက ဆော့ဖ်ဝဲပရိုဂရမ်တွေရေးပေးရတဲ့ ပရိုဂရမ်မာ တယောက် ဆိုပါစို့ဗျာ။ မြင်ကွင်း-လမ်း-ရာသီ-နေ့ည ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ယာဉ်ကိုကြည့်စရာမလို၊ လိုက်လာ တဲ့ခရီးသည် အန္တရာယ်ကင်းအောင် ပရိုဂရမ်တွေထည့်ပေးရသူ။ ကားက အရှိန်နဲ့ သွားနေတုန်းမှာ မမျှော်လင့်ပဲလမ်း ဖြတ် ကူးသူကိုတွေ့တဲ့အခြေအနေတခုကို ကြုံတယ်။ ယာဉ်ကို ရပ်ဖို့ကြိုးစားတဲ့ ဘရိတ်က အလုပ်မလုပ်ဘူးပြောနေတယ်။ ကားကမရပ်ဘူး။ အဲဒီအခြေအနေမျိုးမှာ ကားစတီယာရင်ကို အလိုအလျောက် လမ်းဘေးဆွဲချပေးလိုက်တဲ့ ပရိုဂရမ်မျိုး ဆွဲ ပေးမလား။ ဒါမှမဟုတ် ကားပေါ်ပါလာသူ အန္တရာယ်မဖြစ်စေပဲ လမ်းအတိုင်း ဘာမှမဖြစ် ဆက်သွားစေတဲ့ ပရိုဂရမ်ထည့် မလား။ စဉ်းစားကြည့်ကြပါစို့။
ကမ္ဘာ့အကြီးဆုံး တက္ကစီကုမ္ပဏီ အူဗာ (UBER) ဟာ တနှစ်တနှစ် အမေရိကန် ဒေါ်လာသန်းထောင်ချီ အကုန်ခံပြီး မောင်း သူ မဲ့ ယာဉ်တွေလမ်းပေါ်သွားနိုင်အောင် စမ်းသပ်နေတယ်။ ယာဉ်မောင်းမပါပဲ သူ့ယာဉ်တွေ အန္တရာယ်ကင်းကင်း မောင်းလို့ ရပြီဆိုရင် သူ အဆမတန်မြတ်တော့မယ်ဆိုတာသိလို့ အကြီးအကျယ် ကြိုးစားနေတာ။ သူတယောက်ထဲမဟုတ်ဘူး။ ကား ထုတ်တဲ့ ကုမ္ပဏီကြီးတွေအားလုံး အပြိုင်အဆိုင် ကြိုးစားနေကြတာ။ Waymo, BMW, Nissan, Ford, GM, Tesla, Mercedes, Bosch, Volkswagen အဲဒီကုမ္ပဏီတွေအားလုံး အပြင်းအထန် စမ်းသပ်နေကြတာ။ မြိုးမြိုးမြက်မြက် အမြတ် ရမှာဆိုတော့ ကားနဲ့အမျိုးမတော်တဲ့ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ (Apple , Google) ပန်းသီး - ဂူးဂဲလ်တို့ကလည်း ပိုက်ဆံအကုန်ခံပြီး ဝင်စမ်းနေကြပါတယ်။
လူတွေဟာ အတော်အကြံကြီးတဲ့ သတ္တဝါမျိုး။ မောင်းသူမဲ့ မော်တော်ယာဉ်ကို စိတ်ကူးကြိုးစားတာ ၁၉၅၀ လောက်ကတည်း ကပါပဲ။ ဒီနေ့မှာတော့ အမေရိကန်- ပြင်သစ် - အင်္ဂလန်- ဂျာမဏီ - ရုရှား - တရုတ် - ဂျပန် - စပိန် အီတလီ နိုင်ငံတွေအားလုံးက အစိုးရတွေအားလုံး မောင်းသူမဲ့ယာဉ်တွေကို စမ်းသပ်မောင်းနှင်နိုင်တဲ့ လမ်းတွေ နေရာတွေ သတ်မှတ် ခွင့်ပြုပြီး မောင်းနှင် ခိုင်း နေပါပြီ။ ဒီပြိုင်ပွဲမှာ ဘယ်သူမှ နည်းပညာပိုင်း နောက်မကျရဲဘူး။ ဦးတဲ့လူ စား-ဆိုတော့ ငွေရှင်တွေက ငွေထုတ်ပိုက် နည်းပညာရှင်တွေကို အသုံးချနေကြပါတယ်။
မောင်းသူမဲ့ ယာဉ် နည်းပညာ ဆိုတာ အဆင့် ၅ဆင့်လောက်ထားတယ်။ကားကို သူဖာသာမောင်းခိုင်းထားပြီး အခက်အခဲ အနှောက်အယှက်မြင်ရင် အချက်ပေး အချက်ပေးလာတဲ့အခါ ဒရိုင်ဘာက ဝင်ထိန်းပေးရတဲ့အဆင့်။ စတီယာရင်ကို ဒရိုင် ဘာကကိုင် သူတလှည့် အော်တိုတလှည့် မောင်းရတဲ့အဆင့်။ စတီယာရင်ကိုင်စရာ လုံးဝမလိုတဲ့အဆင့်။ မျက်စိမှိတ်ထားလို့ ရတဲ့အဆင့်။ အိပ်လိုက်လို့ ရတဲ့အဆင့်။ အဲလို အဆင့်တွေခွဲထားတယ်။ တရုတ်က မျက်စိမှတ်မောင်းလို့ရတဲ့ မီနီဘတ်စ်တွေ ထုတ်လုပ်နိုင်နေပြီ။ စတီယာရင်တောင် မထည့်တော့ဘူး။
အဲလိုကားမျိုးက ချက်ချင်း အုံဖွ ရလာတာမျိုးတော့ မဟုတ်ဘူး။ သူ့ရှေ့မှာ ရေဒါ -ဆိုနာ- လင်ဒါ- ဂျီပီအက်စ် အိုဒိုမီတာ - အင်နားရှား တိုင်းထွာကိရိယာ (Radar, Sonar, Lidar, GPS, Odometry, Inertial measurement units) အဲလိုနည်း ပညာအမျိုးမျိုးကို အရင်ရတယ်။ ရပြီးမှ ဒီနေရာမှာ အားလုံး လာပေါင်းထည့်လိုက်တာ။
အူဗာ (UBER) တက်စီကုမ္ပဏီကြီးက မောင်းသူမဲ့ ယာဉ်စမ်းသပ်မောင်းနှင်ခွင့်ကို ကာလီဖိုးနီးယားမှာ အရင်ခွင့်ပြုချက် တောင်းတော့ အဲဒီပြည်နယ်က ခွင့်မပေးဘူး။ အရီဇိုးနားပြည်နယ်ကျတော့ သူ့ကို လာပါ လာပါ ဝဲလ်ကမ်း လုပ်တယ်။ စမ်းသပ်နေရင်း အတော်ခရီးရောက်ခါမှ ၂၀၁၇ မှာ ပြဿနာဆိုးတခု ကြုံတယ်။ သူ့ကုမ္ပဏီက စမ်းသပ်မောင်းနေတဲ့ မောင်း သူမဲ့ကားတွေထဲက ကားတစီးက အမျိုးသမီးတယောက်ကိုတိုက်မိပြီး ဆေးရုံမှာ သေဆုံးမှုဖြစ်တယ်။ တကယ်က အဲဒီ ကား ဒရိုင်ဘာပါတယ်။ ပါလာတဲ့ ဒရိုင်ဘာက စိတ်ချ လက်ချ အော်တိုခလုတ်တင်ထားပြီး သူ့ဖုန်းကနေ talent show တခုကို အေးအေးဆေးဆေး ကြည့်နေခဲ့သတဲ့။ မြူနဲနဲကျ မီးနဲနဲမှောင်နေတုန်း ဖြစ်သွားတာဆိုပဲ။ ကားမှာပါတဲ့ နတ်မျက်စိတွေ အမှတ်မှားကုန်သလားမသိဘူး။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေက ကန့်ကွက်လာတဲ့အခါ အုပ်ချုပ်သူတွေလဲ မနေသာတော့ စမ်း သပ်မောင်းနှင်တာကို တနှစ်လောက်ရပ်ထားလိုက်ရသတယ်။ ဒီအမှုဟာ မောင်းသူမဲ့ကားနဲ့ အရင်ဆုံးသေတဲ့ သေမှုသေခင်း လို့ပြောကြပါတယ်။ ဒါပေမယ့် စမ်းသပ်မှုတွေက ရပ်မသွားပါဘူး။ ကုမ္ပဏီများစွာဟာ သူတို့ရဲ့ မောင်းသူမဲ့ ကားတွေကို မိုင် သန်းပေါင်းများစွာချီပြီး ဘေးကင်းစွာ အောင်အောင်မြင်မြင် စမ်းသပ်နေခဲ့ကြပြီဖြစ်ပါတယ်။ အဲဒီမောင်းသူမဲ့ကားတွေ တ ကယ်လမ်းပေါ်သွားနိုင်တဲ့အချိန်မှာ ဘဝပျက်ရမှာကတော့ အဝေးပြေးကားကြီးတွေကိုမောင်းနေတဲ့ အသက် ၄၀ -၅၀ အရွယ် ထရပ်ကားဒရိုင်ဘာတွေ။ တက္ကဆီဆွဲ အသက်မွေးရတဲ့ တက္ကဆီဒရိုင်ဘာတွေ။ မိသားစုတွေပေါ့။ သူတို့မှာ နောက် ထက်အဆင့်မြင့်နည်းပညာနဲ့ နောက်ထပ် အသက်မွေးဝမ်းကြောင်းတခု ထပ်လေ့ကျင့်သင်ကြားတတ်မြောက်ဖို့ အချိန်မ ကျန်။ အသုံးမကျတဲ့လူတန်းစား Useless class ဖြစ်နေရှာကြတော့မယ်။
ကျွန်တော်တို့ဟာ နည်းပညာတိုးတက်လာနေမှုကို တားလို့မရပါဘူး။ အင်အားကြီးနိုင်ငံတခုက သူပဲလုပ်မယ်ဆိုပြီးတော့ လက်ဝါးကြီးအုပ်ထားလို့လဲ မရပါဘူး။ အမေရိကန်ကလုပ်ရင် အီရန် မြောက်ကိုရီးယားကလဲ လုပ်ခွင့်ရှိပါတယ်။ လူသား ကမ္ဘာဟာ ဒီ နည်းပညာခေတ်ထဲမှာ လူသားကျင့်ဝတ်များ - စိတ်ထားမြင့်မားရေး - ဥပဒေ ခိုင်မာစိုးမိုးရေး - နိုင်ငံရေးအရ မျှတရေး (ethical, moral, law enforcement, political outlook ) စတဲ့ကိစ္စတွေ ခါတိုင်းထက်ပို အရေးကြီးလာပါတယ်။
ပါမောက္ခ ဟာရာရီကို နည်းပညာနဲ့ လူ့ကျင့်ဝတ်နဲ့ပတ်သက်ပြီး ပရိသတ်ထဲက ထမေးတဲ့အခါ သူက ဥပမာတခုပြန်မေးပါ တယ်။ လူ ၅ ယောက်က လမ်းဖြတ်ကူးနေတယ်။ ကားပေါ်မှာအေးဆေးဆေးဆေးလိုက်လာတဲ့ ကားပိုင်ရှင်က တွေ့တယ်။ သူ့ကားက အလိုအလျောက်မောင်းတဲ့ ပရိုဂရမ်ထဲမှာ ဆက်သွားနေတယ်။ ဘေးမှာက ချောက်ကမ်းပါးနက်ကြီး။ ကား ကလဲ သိတယ်။ ခင်ဗျားက ပရိုဂရမ်မာတယောက်ဆိုရင် အဲဒီအခြေအနေမျိုးမှာ တည့်တည့်ဆက်မောင်းမယ့် ပရိုဂရမ်ကိုထည့်မလား ။ ချောက်ထဲဆွဲချတဲ့ ပရိုဂရမ်ထည့်ပေးမလားတဲ့။ ခင်ဗျားကားကုမ္ပဏီဘော့စ် က ခင်ဗျားထည့်တဲ့ပရိုဂရမ်ကို သူ့ဈေးကွက်မှာ ကားဝယ်မယ့်လူ ကျေနပ်အောင် ဘယ်လိုကြေငြာမလဲတဲ့။ (Coustomer is right)
ကျွန်တော်လည်း ဒီစာကိုရေးနေရင်း သတိရစရာတွေများသားပါလား။ ဧရာဝတီမြစ်ဆုံကို သတိရ။ လက်ပန်းတောင်း ကြေး နီ တောင်အဖြစ်ကို သတိရ။ ထားဝယ်ရေနက်ဆိပ်ကမ်းဖက်ကို သတိရ။ ရခိုင် ကျောက်ဖြူ မဒေးကျွန်းကို သတိရ။ မနေ့ တနေ့က ပေါင်မြို့နယ်ထဲက လိပ်သည်းကျောက်ထုတ်လုပ်ရင်း တောင်တွေပြိုတဲ့အဖြစ်ဆိုးတွေကို တကယ်သတိရနေမိပါ တယ်။ အစိုးရလား - ကုမ္ပဏီလား - ပညာရှင်တွေလား- မသိခဲ့တာလား မသိချင်ယောင်ဆောင်တာလား တာဝန်က အားလုံး မှာလား။ ကျွန်တော်တို့ စဉ်းစားတာနောက်များ ကျနေပြီလား။