Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၁၉)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၃) အပိုင်း (၁၉)
(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၉

● လွတ်လပ်ရေးရပြီး ရှမ်းပြည်နယ် နိုင်ငံရေးလှုပ်ရှားမှုများ
လွတ်လပ်ရေးရပြီးရှမ်းပြည်နယ်တွင် စော်ဘွားများသည် တရားဝင်အသိမှတ်ပြုခံရသည်။ ရှမ်းပြည်နယ်နှင့်ပတ်သက်၍ ရှမ်း ပြည်လက်စွဲဥပဒေအတိုင်း ဆက်လက်ကျင့်သုံးခြင်းဖြင့် စော်ဘွားများသည် မိမိနယ်ပယ်၌ အုပ်ချုပ်ခွင့်၊ တရားစီရင်ခွင့်၊ အခွန်ကောက်ခံခွင့်အာဏာများကို ဆက်လက်ရရှိသည်။ ထို့ပြင် ရှမ်းပြည်ကောင်စီတွင် ဆက်လက်ပါဝင်ခွင့်ရရှိ၍ ယခင် ကိုလိုနီခေတ်က မရရှိခဲ့သော ဥပဒေပြုခွင့်အာဏာပါ ရရှိခဲ့ကြသည်။

အဆိုပါ စော်ဘွားများ အခွင့်အရေးရရှိခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲခြင်းအား "ရပလ" (ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့) က ပြင်းပြင်းထန်ထန်ကန့် ကွက်ခဲ့သည်။ သို့သော် တနှစ်အတွင်း လွတ်လပ်ရေးရရှိရန်အတွက် ၁၉၄၇ ခုနှစ် နိုဝင်ဘာတွင် ကျင်း ပမည့် ဗြိတိသျှပါလီမန်တွင် အဆိုပါအခြေခံဥပဒေအား တင်သွင်းရန်လိုအပ်နေရာ ဖဆပလက " ရပလ" အား လွတ်လပ်ရေး ရရန်အရေးကြီးကြောင်းဖြောင့်ဖျ၍ ရှမ်းပြည်၌ ဤဥပဒေအား ၃ နှစ်စမ်းသပ်ကြည့်ပြီး မကြိုက်ပါက ပြင်ဆင်ရန် ညှိနှိုင်းရာ ရပလအနေနှင့် ရှမ်းပြည်ပဒေ သရာဇ်စနစ် ပပျောက်ရေးအတွက် ဖဆပလနှင့် ပူးတွဲဆောင်ရွက်ရန် လိုအပ်သည်ဖြစ်ရာ အလျော့ပေးလိုက်လျောခဲ့သည်။

ရှမ်းစော်ဘွားများအနေနှင့် လွတ်လပ်ရေးရပြီး ရှမ်းပြည်ကောင်စီနှင့်ရှမ်းပြည်အစိုးရ ဖွဲ့စည်းသောအခါ အဓိကပြိုင်ဖက်မှာ ရပလ ဖြစ်လာသည်ကို တွေ့ရသည်။ ရှမ်းပြည်ကောင်စီဥက္ကဌရွေးချယ်ရာတွင် စော်ဘွားကိုယ်စားလှယ် မိုးမိတ်စော်ဘွား စဝ်ခွန်ချိုနှင့် လူထုကိုယ်စားလှယ် ဦးထွန်းမြင့် (လင်းခေး) တို့ယှဉ်ပြိုင်ကြရာ ဦးထွန်းမြင့် (လင်းခေး) က တမဲ အသာဖြင့် အနိုင်ရသည်။ စော်ဘွားများက ဦးထွန်းမြင့်နေရာတွင် စဝ်ခွန်ချိုအား ပြောင်းလဲခန့်ထားရန် တောင်းဆိုကြသည်။ မလိုက် လျောပါက စော်ဘွားများက ပုန်ကန်မည်ဟု ခြိမ်းခြောက်သည်ဟု ဆိုသည်။ ဤသို့ မခြိမ်းခြောက်သော်လည်း အစဉ်အလာ အရ၎င်း၊ လက်ရှိအရ၎င်း၊ စော်ဘွားများက ရှမ်းပြည်နယ်အုပ်ချုပ်ရေးအား ချုပ်ကိုင်ထားရာ လောလောလတ်လတ် လူထု ကိုယ်စားလှယ်တဦးက ဥက္ကဌတာဝန်ယူရန် မလွယ်လှပေ။

သို့နှင့် ဖဆပလ ဝန်ကြီးချုပ်ဦးနု၏ ညှိနှိုင်းမှုအရ ဥက္ကဌနေရာအားစဝ်ခွန်ချိုက တာဝန်ယူပြီး ဦးထွန်းမြင့် (လင်းခေး) က ရှမ်းပြည်သတ္တု တွင်းနှင့်စက်မှုဝန်ကြီးတာဝန်ကို ပြောင်းယူခဲ့သည်။ သို့သော် ဦးထွန်းမြင့် (လင်းခေး) ကလည်း ၎င်းရာထူးမှ နှုတ်ထွက်စေလိုပါက နိုင်ငံရေးအရ အပေးအယူတခု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ဦးထွန်းမြင့်၏တောင်းဆိုချက်မှာ စော် ဘွား များအုပ်ချုပ်နေ့သည့် ရှမ်းပြည်နယ် ၃၃ နယ်အတွင်း အုပ်ချုပ်ရေးတညီတညွတ်တည်း ပြုပြင်ပြောင်းလဲရေးအတွက် စုံစမ်းရေးကော်မရှင်တခု ဖွဲ့စည်းပေးရန်၊ ကော်မရှင်ဥက္ကဌအား လူထုကိုယ်စားလှယ်များထဲမှတဦးဦးကိုရွေးရန်နှင့် အောက်ပါ မူ ၅ ချက်အား အမြန်ဆုံးစုံစမ်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ တောင်းဆိုချက်များမှာ

၁။ ရှမ်းပြည် အခွန်တော်နှင့် ဘဏ္ဍာရေးကို ဗဟိုအစိုးရက ကြိုးကိုင်ဆောင်ရွက်သွားရန်၊
၂။ ရှမ်းပြည်အတွင်းရှိ နယ်အသီးသီးမှ ပုလိပ်များကို ဗဟိုအစိုးရက ကြိုးကိုင်ဆောင်ရွက်သွားရန်။
၃။ ခိုင်စား (နယ်ပိုင်) ဖြစ်သော ဟိန်၊ ထမုံ၊ ကျော့၊ မြို့စား အစရှိသော ပုဂ္ဂိုလ်များကို သက်ဆိုင်ရာလူထုဆန္ဒအရ ရွေးကောက် တင်မြှောက်ရန်။
၄။ ရှမ်းပြည်တွင် လောင်းကစားများကို လုံးဝပိတ်ရန်။
၅။ ရှမ်းပြည်နယ်ရှိ နယ်အရာရှိများ တနယ်မှတနယ်သို့ ပြောင်းရွှေ့ခွင့်ရှိရန်တို့ ဖြစ်ပါသည်။

သို့နှင့် ဦးထွန်းမြင့်၏ဆန္ဒအတိုင်း ၁၉၄၈ ခုနှစ် ဇန္နဝါရီ ၂၇ ရက်နေ့တွင်စော်ဘွားများနှင့် ပြည်သူ့ကိုယ်စားလှယ်များပါသော အစည်းအဝေးတရပ်အား ဝန်ကြီးချုပ်ဦးနုအိမ်၌ကျင်းပခဲ့ပြီး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန်ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ၁၉၄၈ ခုနှစ် ဖေဖဝါရီလ ၄ ရက်နေ့တွင်ကျင်းပသော ရှမ်းပြည်နယ်ကောင်စီ ပထမညီလာခံတွင် စော်ဘွားကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့ကိုယ်စားလှယ် ၃ ဦးနှင့် ပညာရှင် ၃ ဦး ပါဝင်သော ရှမ်းပြည်နယ်စုံစမ်းရေးကော်မရှင်အား ဖွဲ့စည်းခဲ့သည်။ ဥက္ကဌ အဖြစ် ဦးထွန်းအေး (ရှမ်းပြည်မြောက်ပိုင်းအမတ်) က တာဝန်ယူခဲ့သည်။

သို့ဖြစ်ရာ လွတ်လပ်ရေးရပြီးစ ရှမ်းပြည်နယ်တွင် ရှမ်းစော်ဘွားများနှင့် ပဒေသရာဇ်ဆန့်ကျင်သည့် ရှမ်းလူငယ်များ၏ ရပလ တို့၏ အားပြိုင်ပွဲကို စတင်တွေ့ရှိရသည်။ ရှမ်းပြည်ကောင်စီဥက္ကဌနေရာ ရွေးချယ်ပွဲရလဒ်ကို ကြည့်လျင် ရှမ်းစော်ဘွားများနှင့် ရပလတို့သည် အင်အားမတိမ်းမယိမ်းနှင့်ပြိုင်ဆိုင်နေသည်ဟုဆိုရမည်။ ထို့ပြင် ရှမ်းစော်ဘွားများနှင့် ပဒေသရာဇ်စနစ်ကို ဆန့်ကျင်သည့် ရှမ်းလူငယ်များ၏ ရပလသည် ရှမ်းပြည်နယ်၏ အဓိကပဋိပက္ခဖြစ်နေသည်။ အဓိကအားပြိုင်မှု ဖြစ်နေသည်။

ဦးထွန်းမြင့်၏ တောင်းဆိုချက် ၅ ချက်သည် ရှမ်းစော်ဘွားအုပ်ချုပ်မှုကိုထိုးနှက်ပြီး ပြုပြင်ပြောင်းလဲမှုကို ရည်ရွယ်သည်ဟု ဆိုရမည်ဖြစ်သော်လည်းအမှတ် ၁ နှင့် ၂ တောင်းဆိုချက် ၂ ခုသည် ဗဟိုက ကြိုးကိုင်ရေးကို တောင်းဆိုထားသည်ကို တွေ့ရ ပေရာ ရှမ်းပြည်နယ်တွင်း ဗဟိုချုပ်ကိုင်မှုအား ဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။ (ဤနေရာတွင် တွေ့ရသော မှတ်တမ်းများအရဗဟိုကြိုးကိုင်ရေးဟု သုံးနှုန်းသည်သာ တွေ့ရပြီး ရှမ်းပြည်နယ်အစိုးရမှ ကြိုးကိုင်ရေးဆိုသည်ကို မတွေ့ရပါ) ထို့ပြင် ရပလသည် ရှမ်းပြည်နယ်ပဒေသရာဇ်ဆန့်ကျင်ရေးအတွက် ဖဆပလကို အားကိုးအားထားပြုသည်ဖြစ်ရာ ၎င်းတို့ဆန္ဒရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ရှမ်းပြည်နယ်အရေးတွင် ပြည်မဗဟိုအစိုးရ၏ပါဝင်စွက်မှုကို လက်ကမ်းကြိုနေသကဲ့သို့ ဖြစ်နေသည် ဟု ဆိုရပါမည်။

မူ ၅ ချက်အား စုံစမ်းရန် ကော်မရှင်ဖွဲ့ပြီးကြောင်း ကြေညာချက်ထွက်ပြီးနောက် စော်ဘွားများ သြဇာလွှမ်းသော ရှမ်းပြည်နယ် တွင် ၎င်းကော်မရှင်အား ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ တောင်ကြီး၊ ညောင်ရွှေ၊ မိုင်းကိုင်၊ သီပေါနယ်များတွင် စော်ဘွားတို့၏ အစည်းအဝေးများ၊ ဆန္ဒပြပွဲများဖြစ်ပွါးခဲ့သည်။ ၁၉၄၈ ခုနှစ် မေ ၃၀/၃၁ တွင် မိုင်းကိုင်မြို့တွင် ကျင်းပခဲ့သော စော်ဘွားများအစည်းအဝေးက ဦးထွန်းမြင့်၏ မူ ၅ ချက်ကိုပယ်ချခဲ့ပြီး စော်ဘွားကိုယ်စားလှယ် ၃ ဦးသည် စုံစမ်းရေးကော်မရှင် မှ ရှေ့ဆင့် နောက်ဆင့် နှုတ်ထွက်ခဲ့သည်။

ကန့်ကွက်ဆန္ဒပြမှုများကြားမှ စုံစမ်းရေးကော်မရှင် အစီရင်ခံစာကို ၁၉၄၉ ခုနှစ် ဖေဖဝါရီလ ၂၁ ရက်တွင် ရှမ်းပြည်နယ် ကောင်စီအစည်းအဝေးသို့ တင်ပြခဲ့သည်။ ၎င်းအစီရင်ခံစာ၌ ရှမ်းပြည်နယ်၌ ရာဇသတ်ကြီးနှင့် ကျင့်ထုံးဥပဒေကို တပြေးညီ ကျင့်သုံးရန်၊ ပြည်မရှိဥပဒေများကို ရှမ်းပြည်တွင် ကျင့်သုံးနိုင်ရန်အတွက် မည်သည့်ပြင်ဆင်ချက်များပြုလုပ်မည်ဆိုသည်ကို ပညာရှင်များမှ ပြန်လည်သုံးသပ်ရန်၊ ရှမ်းပြည်နယ်တွင် တရားလွှတ်တော်တခု ဖွင့်လှစ်ရန်၊ မြောက်ပိုင်း လားရှိုးနှင့်တောင်ပိုင်း လွိုင်လင်တွင် စက်ရှင်တရားသူကြီးရုံးတရုံးစီ ဖွင့်လှစ်ရန်တို့ပါရှိသည်။ ဦးထွန်းမြင့်၏တောင်းဆိုချက်တွင် စော်ဘွားများအနေ နှင့် အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာကိုင်ထားပါက နိုင်ငံရေးမှထွက်ရန်၊ ဥပဒေပြုအာဏာကိုင်ထားလိုလျင် အုပ်ချုပ်ရေးအာဏာစွန့်ရန်တို့ ပါရှိသည်။ သို့သော် ရှမ်းပြည်နယ်ကောင်စီက လက်မခံဘဲ ပယ်ချခဲ့သည်။

ဤသို့စော်ဘွားများက တောင်းဆိုချက်များကို လက်မခံခြင်းကြောင့် ရပလသည် ပဒေသရာဇ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဆက်လက်လှုပ်ရှားခဲ့သည်။ ရပလ၏ ပဒေသရာဇ်ဆန့်ကျင်ရေးအား ထပ်မံအားဖြည့်လာသည်မှာ ပအိုဝ်များဖြစ်သည်။ ၁၉၄၇ ခုနှစ်က ဖွဲ့စည်းခဲ့သော ပအို့ဝ်အဖွဲ့အား ၁၉၅၀ခုနှစ် သြဂုတ်လ ၂ ရက်နေ့တွင် ပြည်ထောင်စုပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (ပအမဖ) အဖြစ် ပြောင်းလဲဖွဲ့စည်းသည်။ ပအမဖ ဥက္ကဌဦးဖိုးခင်နှင့် အတွင်းရေးမှူးဦးဖြူ ၂ ဦးလုံးမှာ ရှမ်းပြည်နယ် ကောင်စီအဖွဲ့ဝင်များဖြစ်သည်။ ၁၉၅၀ခုနှစ် ဒီဇင်ဘာလ ၄ ရက်တွင် ပအမဖကဦးစီး၍ တောင်ကြီးမြို့တွင် ပအို့ဝ်လူထု ဆန္ဒပြပွဲတခုကျင်းပခဲ့ရာ လူသောင်းချီပါဝင်ခဲ့ပြီး ရှမ်းပဒေသရာဇ်ဆန့်ကျင်ရေးနှင့် ပအို့ဝ်အခွင့်အရေးအတွက် တောင်းဆို ခဲ့ကြသည်။

ဤသည်ပင်လျင် ရှမ်းပြည်နယ်၏ထူးခြားချက်ဖြစ်သည်။ လွတ်လပ်ရေးရခါစ ရှမ်းပြည်နယ်တွင် ရှမ်းစော်ဘွားများနှင့် ပဒေသရာဇ်ဆန့်ကျင်သောရှမ်းလူငယ်များ၏ ပဋိပက္ခအပြင် ကျန်သောပဋိပက္ခများစွာလည်း ရှိသေးသည်ကို ဖေါ်ပြသည်။ ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးများသာမက ကျန်တိုင်းရင်းသားလူမျိုးများပါရှိနေရာ ထိုတိုင်းရင်းသားလူမျိုးများ နိုင်ငံရေးအရ နိုးကြားလာသည်နှင့် ပဋိပက္ခအသစ်များကို ထပ်မံတွေ့ရှိရပေတော့သည်။ ဒုတိယကမ္ဘာစစ်အပြီး မူလက သိန္နီစော်ဘွားလက် အောက်ရှိ ကိုးကန်စော်ဘွားနှင့် ရှမ်းမြောက်ရှိ ကချင်ဒူဝါများသည် ၎င်းတို့၏အခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။ သို့သော် ကိုးကန့်စော်ဘွားနှင့်ကချင်ဒူဝါများမှာ စော်ဘွားများနှင့် တန်းတူအခွင့်အလမ်းရသောအခါ စော်ဘွားများနှင့် အတိုက်အခံ မဖြစ်တော့ပေ။ သို့သော် ရှမ်းစော်ဘွားများ၏ အုပ်ချုပ်ခံဖြစ်သော ပအို့ဝ်များ၏ တောင်းဆိုမှုမှာ ရှမ်းစော်ဘွားများ နှင့် အတိုက်အခံဖြစ်လာသည်။ လတ်တလောတွင်ရှမ်းပဒေသရာဇ်ဆန်ကျင်ရေး၌ ရပလနှင့် တူညီနေသည်။ သို့သော် သူတို့၏လားရာသည် ပအို့ဝ်အမျို းသားရေးဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ရပလ၏ ရှမ်းပဒေသရာဇ်ဆန့်ကျင်ရေးသည် တောင်ကြီး၊ ဟိုပုန်း၊ ဆီဆိုင်၊ ပင်လောင်းတဝိုက်ရှိ အား ကောင်းသော ပအို့လူမျိုးများ၏ ပအမဖ ၏ ပါဝင်လာမှုကြောင့် ပို၍အားကောင်းလာသည်။ ဤသို့ လူထုဆန္ဒပြပွဲများနှင့် ရှမ်းပြည်နယ်ကောင်စီတွင်း အရေးဆိုမှု၊ ပြည်မ ဖဆပလ အားတောင်းဆိုမှုတို့ကြောင့် ၁၉၅၂ ခုနှစ် ဖေဖဝါရီ ၂၈ ရက်တွင် ရှမ်းပြည်နယ်အုပ်ချုပ်ရေး အထူးကော်မရှင်တရပ်ကို နိုင်ငံတော်သမတက ဖွဲ့စည်းပေးခဲ့ပြန်သည်။ ဥက္ကဌအဖြစ် ပြည်ထောင်စု တရားလွှတ်တော် တရားရေးဝန်ကြီးဦးမြင့်သိန်းအား တာဝန်ပေးခဲ့သည်။

သို့သော် ဤကော်မရှင်သည် ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ အကြံပြုချက်အရ ဖွဲ့စည်းခြင်းဖြစ်ပြီး ကော်မရှင်တွင် စော်ဘွားများပါဝင်၍ဆိုကာရပလ၊ ပအမဖ စသည့် ပဒေသရာဇ်ဆန့်ကျင်ရေးအဖွဲ့များက ကန့်ကွက်ကြသည်။ နမ့်ခမ်းအမတ်ဦးထွန်းမြင့်ခေါင်းဆောင်ပြီး အထူးစုံစမ်းရေးကော်မရှင် တိုက်ဖျက်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ရပလနှင့် ပအမဖ တို့က တုန့် ပြန်သည်။ ထို့နောက် ၁၉၅၂ ခုနှစ် မေလ ၂၂ ရက်နေ့တွင် တောင်ကြီးတွင် လူထုအစည်းအဝေးတရပ်ခေါ်ယူရာ လူ နှစ်သောင်းကျော်တက်ရောက်သည်။ညောင်ရွှေ၊ ရပ်စောက်၊ ပင်းတယ၊ပွေးလှ၊ တောင်ကြီး၊ ဟိုပုန်းတို့မှ တိုင်းရင်းသားပေါင်းစုံတက်ရောက်ပြီး ပဒေသရာဇ်ဆန့်ကျင်ရေးအဆိုများ တင်သွင်းအတည်ပြု ခဲ့ကြသည်။

● ရှမ်းပြည်နယ်နှင့် စစ်အုပ်ချုပ်ရေး
ဤသို့နိုင်ငံရေးလှုပ်ရှားမှုများပြင်းထန်ချိန်တွင် ရှမ်းပြည်နယ်တွင်း မငြိမ်မသက်မှုများဖြစ်လာသည်။ ရှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် မိုးမိတ်နယ်များတွင် ၁၉၄၉ ခုနှစ် နိုဝင်ဘာအတွင်း စစ်အုပ်ချုပ်ရေးကြေညာ၍ ၁၉၅၁ ခုနှစ် ဇွန်လမှ ပြန်လည် ရုပ်သိမ်းရသည်။ ရှမ်းပြည်တောင်ပိုင်းတွင်လည်း ၁၉၄၉ ခုနှစ်တွင် KNDO (Karen National Defence Organisation - ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း ) က တောင်ကြီးနှင့် မြို့ အချို့အား ခေတ္တ သိမ်းပိုက်သည်။ ကူမင်တန် တရုတ် ဖြူတပ်များ ဝင်ရောက်ကျူးကျော်လာသည်။ ထို့ကြောင့် ၁၉၅၂ ခုနှစ် စက်တင်ဘာ ၂၃ တွင် ရှမ်းပြည်နယ်၌ အရေးကြီး အခြေအနေ ထုတ်ပြန်ခဲ့ပြီး ၁၉၅၂ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် စစ်ဥပဒေအတည်ဖြစ်ကြောင်း နိုင်ငံတော်သမတက ကြေညာသည်။ အဆိုပါ စစ်ဥပဒေအား ၁၉၅၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှ ပြန်လည်ရုပ်သိမ်းနိုင်ခဲ့သည်။

၁၉၄၉ မှစ၍ KNDO များ တောင်ကြီးမြို့အားသိမ်းပိုက်ထားစဉ်က သုံးလအတွင်း ပြန်လည်သိမ်းပိုက်နိုင်ရန် သာမိုင်ခမ်း၊ ရပ်စောက်၊ ညောင်ရွှေ၊ ပင်မှီ၊ ကျုံး ၊ ရွာငံ၊ စကားနယ်မှနယ်ရှင်စော်ဘွားများနှင့် ရှမ်းပြည်နယ်ဥက္ကဌစဝ်ခွန်ချိုတို့ တိုင်ပင်၍ နယ်အသီးသီးမှ လက်နက်ကိုင်အင်အား ၅၀၀ စုစည်းပေးခဲ့သည်။ တချိန်ထဲတွင် မိုးနဲ၊ လဲချား၊ ကျေးသီးမန်စံ၊ မိုင်းကိုင်၊ မိုင်းရှူ း၊မိုင်းနောင်၊ မိုင်းပန်၊ မောက်မယ်စော်ဘွားများ ခေါင်းဆောင်၍ လက်နက်ကိုင်အင်အား ၁၅၀၀ စုစည်းပေးပြီး တပ်မတော်စစ်ဆင်ရေးများကို ကူညီခဲ့သည်။ထို့စစ်ရေးအရ ကူညီမှုများကြောင့် ပြည်မအစိုးရနှင့် စော်ဘွားများ ဆက်ဆံရေး ပိုကောင်းခဲ့ပြီး ဖဆပလအစိုးရသည် စော်ဘွားများဘက်လိုက်သည်ဟူသော စွပ်စွဲမှုများရှိခဲ့သည်။

ထိုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံရေးသမား စာရေးဆရာဦးသိန်းဖေမြင့်က ရှမ်းပြည်နှင့်ပတ်သက်၍ ပြည်မနိုင်ငံရေး သမားများတွင် လွဲမှားသော အမြင် ၂ မျို းရှိသည်ဟုဆိုသည်။ ပထမအမြင်မှာ ရှမ်းလူထုသည် ပြည်မလူထုကဲ့သို့ နိုင်ငံရေး နိုးကြားသည်ဟု အလွယ်တကူ ရှုမြင်ပြီး ရှမ်းပဒေသရာဇ်များအား ရန်သူသဖွယ် သဘောထားကာ စေ့စပ်မှုမပြုခြင်း ဖြစ်သည်။ ဒုတိယအမြင်မှာ ရှမ်းလူထုသည် နိုင်ငံရေးနိုးကြားမှု မရှိ။ ရှမ်းပဒေသရာဇ်များ၏ သြဇာအောက်တွင်သာရှိသည်ဟုမှတ်ယူပြီး ရှမ်းပြည်နှင့်ပတ်သက်သော ပြုပြင်မှုများကို ရှမ်းစော်ဘွားများ၊ ပဒေသရာဇ်များ၏ သဘောတူညီမှုနှင့်သာ လုပ်ရမည်ဟု ယုံကြည်ထားကြခြင်းဖြစ်သည်ဟု ဆိုခဲ့ပါသည်။

တဖက်တွင်လည်း အထက်ပါ မငြိမ်မသက်မှုများကို စော်ဘွားများ၏လက်နက်ကိုင်အင်အားနှင့် ဖြေရှင်းရန် မဖြစ်နိုင်ပေရာ ပြည်မအစိုးရ၏ ပါဝင်ဆောင်ရွက်ရမှုနှင့် ပြည်မအစိုးရ၏လက်နက်ကိုင်တပ်များ ရှမ်းပြည်နယ်အတွင်း ပိုမိုရောက်ရှိလာမှု တို့ ကို မလွှဲမရှောင်နိုင်တော့ပေ။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး