ညိုထွန်းလူ - ပွဲကြည့်စင်ပေါ်မှာ
(မိုးမခ) ဖေဖော်၀ါရီ ၂၂၊ ၂၀၂၂
ပွဲကြည့်စင်ပေါ်မှာ ကျွန်တော်တို့တတွေ ရှိနေကြသည်။ အရွယ်အားဖြင့် လူကြီး လူငယ် ရောထွေးနေလျှက်။ စိတ်ခံစားမှုတွေကလည်း အမျိုးမျိုး။ ကျွန်တော်ငယ်ငယ်တုန်းက ဘောလုံးကစားခဲ့ဖူးသည်။ သိပ်တော့ ဖြစ်ဖြစ်မြောက်မြောက်မရှိ။ အလယ်တန်းနေရာမှာကစားခဲ့ခြင်းဖြစ် သည်။ ဘောလုံးအသင်းတစ်သင်းမှာ အလယ်တန်းသည် အသင်း၏ ခါးလယ်ဖြစ်သည်။ ရှေ့တန်းတိုက်စစ်မှူးတွေကို ပံ့ပိုးပေးရသည်။ တစ် ဖက်အသင်းက တိုက်စစ်ဆင်လာလျှင်လည်း နောက်တန်းကစားသမားတွေနှင့်အတူ ခုခံကာကွယ်ပေးရသည်။ သို့ရာတွင် ဘောလုံးကစားသူကျွန်တော်သည် ကိုယ်တာဝန်ယူကစားရမည့်နေရာတွင်မရှိ။ ရှေ့တန်းတိုက်စစ်နေရာမှာ ရောက်ချင်ရောက်နေတတ်၏။ ထို့ပြင်တဝ ဂိုးသွင်းပြီး ငါကွဟူ၍ ဂုဏ်ယူဝင့်ကြွားချင်လိုက်ပါသေးသည်။
နောက်တော့ ဘောလုံးပွဲတွေကိုပဲ ကြည့်ရှုအားပေးဖြစ်တော့သည်။ သည်ဝါသနာအစွဲမှ မကျွတ်လွတ်နိုင်သေး။ ယခုထိတိုင် ကြည့်ရှုနေဆဲ။ ညဉ့်နက်သန်းကောင်အချိန်မှာ ကန်ကြသည့် ချန်ပီယံလိဂ်ဘောလုံးပွဲတွေကိုလည်း မလွတ်တန်း အားပေးနေဆဲ။ ဘောလုံးပွဲအားပေးရသူတစ်ဦး၏ ခံစားမှုကို ကျွန်တော်တွေးကြည့်သည်။ ကိုယ့်အသင်းနိုင်လျှင် ပျော်ရွှင်ပြီး ကိုယ့်အသင်းရှုံးခဲ့လျှင် ညအိပ်မပျော်နိုင်ဘဲ တနုံ့နုံ့ခံစားရလေ့ရှိသည်။ ဒိုင်လူကြီးကိုလည်း ရစရာမရှိအောင် မေတ္တာပို့မိသည်။
တခါက ရန်ကုန်အောင်ဆန်းကွင်းနှင့် မန္တလေးဗထူးကွင်းထဲရှိ ပွဲကြည့်စင်ပေါ်မှာ ကျွန်တော်ရှိနေခဲ့သည်။ ဘောလုံးပွဲကောင်းလျှင် လူတွေကပြည့်ညပ်သိပ်နေလျှက်။ လူတကိုယ်လုံး ချွေးတရွှဲရွှဲ။ အသက်ရှူရတာလည်းမဝ။ သို့တစေ သည်ဒုက္ခတွေကို အရေးမလုပ်နိုင်။ စိတ်အာရုံတခုလုံး ဘောလုံးကွင်းထဲသို့ရောက်နေခဲ့ကြသည်။ ဒိုင်လူကြီးဆုံးဖြတ်ချက်ကို မကျေနပ်သည်နှင့်တပြိုင်တည်း ကျွန်တော်တို့ပွဲကြည့်ပရိသတ်တွေအားလုံး တိုင်ပင်ထားစရာမလိုဘဲ ဝုန်းကနဲမတ်တတ်ရပ်လိုက်မိကြသည်။ ထို့နောက် မေတ္တာတုံးကြီးတွေကို တရဟောပို့မိလိုက်ကြသည်။ သည်မျှနှင့် မကျေနပ်နိုင်သေး။ လွန်ကဲလာလျှင် တွေ့ရာပစ္စည်းတွေနှင့် ကောက်ထုသည်။
မန္တလေး ဗထူးဘောလုံးကွင်းနှင့် မလွန်ဘောလုံးကွင်းသည်ကျွန်တော်တို့အတွက် ခဲစာကျွေးခဲ့ကြသည့်ဘောလုံးကွင်းတွေ။ မလွန်ဘောလုံးကွင်းမှာတော့ ထုစရာခဲလုံးတွေက အထူးရှာစရာမလို ဘောလုံးကွင်းတောင်ဘက်တွင် မီးရထားသံလမ်းရှိနေခြင်းကြောင့် တာဝေးပစ်လက်နက်တွေက ပေါလိုက်ပါဘိသနဲ့။ အဲသည်က ကျောက်ခဲတွေက ဘောလုံးကွင်းထဲသို့ ဝှီးကနဲ ဝှီးကနဲ။ခက်တာက မကျေနပ်၍ ထုလိုက်သောခဲလုံးသည် မည်သူ့ကိုထိမှန်မည်မှန်း မသိခဲ့။ ထို့အတူ အခန့်မသင့်လျှင် ကိုယ့်လူကို မှန်နိုင်သည်ကိုလည်းမတွေးမိခဲ့။
အံမယ် ခဲလုံးတွေနှင့် အဆက်မပြတ် ဆော်ပလော်တီးနိုင်၍ နိပ်လှပါကလားဟု ဘဝင်မြင့်ချင့်စရာ။ သည်လိုလည်း မဟုတ်သေး။ ခဲနှင့်ထုရင်းကိုယ့်ဖက်က အခြေအနေမဟန်တော့လျှင် ခါးဝတ်ပုဆိုးလေးကို ပေါင်ရင်းအထိရောက်အောင် ဘယ်ညာမ၍ ခြေကုန်သုတ် ထွက်ပြေးရတော့ သည်။ ပြေးရလွန်း၍ မောလည်းမော ဒေါသအမျက်တွေကလည်း ရှူးရှူးရှဲရှဲ။
ယခုတော့ သည်ခံစားမှုတွေဝေးသွားခဲ့ပြီ။ သို့ရာတွင် ပရီးမီးယားလိဂ် စပိန်လာလီဂါ အီတလီစီးရီးအေက ဘောလုံးပွဲတွေကိုတီဗွီမှတဆင့်ကြည့်ရှုနေဆဲ။ ဘောလုံးပွဲသည် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားဖြစ်သည်။ အသင်းအစွဲနှင့် အားပေးကြသည့်ပရိသတ်တွေကလည်း နည်းနည်းနောနောမဟုတ်။ ဘောလုံးပွဲတစ်ပွဲပြီး၍ ရှုံးသည့်အသင်းခမျာ မသက်သာ။ ဖေ့စ်ဘွတ်မှာ ရစရာမရှိလောက်အောင် ဝိုင်းအုံ ထောပနာပြုကြသည့် ဆဲစာတွေကို တွေ့ရတတ်သည်။ နည်းပြလုပ်သူလည်း မချောင်။ ဖွတ်ဖွတ်ကြေမတတ် ခံရလေ၏။ သည်ကြားထဲ ဘယ်ကဲ့သို့ကစားသင့်ကြောင်း ဘယ်သူ့ကိုထည့်သင့်သည့်အကြောင်း ဝေဖန်ကြသည်။
ကျွန်တော်သည် ဖေ့စ်ဘွတ်ပေါ်က အရေမရအဖတ်မရစာတွေကိုဖတ်ရင်း စိတ်ပျက်သွားရသည်။ သို့သော်လည်း ဘောလုံးပွဲမှတဆင့် အတွေးဆန့်လိုက်မိပြန်သည်။ ကျွန်တော်တို့လောကဝန်းကျင်ထဲမှာလည်း ဘောလုံးပွဲနှင့်မခြား အားပြိုင်မှုတွေရှိနေသည်။ အလင်းနှင့်အမှောင် အမှန်နှင့်အမှား အဖြူနှင့်အမည်း ဓမ္မနှင့်အဓမ္မစသဖြင့် ကျွန်တော်တို့ကြုံတွေ့နေရသည့် အားပြိုင်မှုတွေ။ အရာရာတိုင်းမှာ သူ့ဘက် ကိုယ့်ဘက် ရှိစမြဲဖြစ်သော်လည်း ကိုယ်ရပ်တည်ရမည့်နေရာလည်း မှန်ကန်ဖို့လိုသည်။ ကိုယ့်ဘက်ကပရိသတ်တွေကို ကြည့်လိုက်သည်။ တချို့က ကိုယ့်အဖွဲ့ကိုယ့်အသင်းကိုပဲ အားပေးတာချင်းအတူတူ ကိုယ့်လူမှကိုယ့်လူဆိုသည့် အစွဲတွေ ပူးကပ်နေသည်ကို သတိပြုမိလိုက်သည်။ အသင်းအဖွဲ့ တစ်ခုတည်းမှာပင် စည်းဝိုင်း၍ ကိုယ့်အုပ်စုကိုယ့်ဖက်သားဖြစ်ပါက ကောင်းလှောင့်တေး ကောင်းလှောင့်တေးဟု ချီးကြူးထောပနာပြု၍ အထက်နတ်ဘုံအထိ ပင့်မြှောက်ပေးသော်လည်း ကိုယ့်လူမဟုတ်ခဲ့လျှင် အသိအမှတ်မပြုနိုင်ကြသည့်အပြင် အမှားပြုမိလိုက်သည်နှင့် အဝီစိရောက်အောင်ဆွဲချဖို့ ဝန်မလေးကြ။ သည်တော့ ဆန့်ကျင်ဘက်မှာရှိနေကြသူတွေက ပြုံးပြုံးကြီးဖြင့် ကျေနပ်အားရနေကြပါလိမ့်မည်။
ဘောလုံးပွဲသည် လူဆယ့်တစ်ယောက် ကိုယ့်နေရာနှင့်ကိုယ် တာဝန်ယူပြီး အသင်းစိတ်ဓာတ်ဖြင့် ကစားကြရသည်။ ထို့အတွက် အားပေးကြသည့်ပရိသတ်သည် အောင်ပွဲရဖို့အဓိကအင်အားဖြစ်ပါ၏။ ပရိသတ်အားပေးမှုမရှိလျှင် အနိုင်ရဖို့ခဲယဉ်းသည်။ အသိုင်းအဝိုင်းအဖွဲ့အစည်းတွေနှင့်ဆောင်ရွက်ကြသည့် လူ့အရေးကိစ္စသည်လည်း ထိုနည်းတူ။ ဘောလုံးပွဲထက်ပင် ကြီးမားကျယ်ပြန့်သည်။ တာဝန်ယူလုပ်ဆောင်နေကြသူများကို အားပေးဖို့လိုသည်။ သည်မှာပင် အားပေးကြသည်ဆိုသော်လည်း အားပေးသူတွေကိုယ်တိုင်လည်း သူ့လူ ကိုယ့်လူ အစွဲတွေကိုဖျောက်ပြီး အသင်းလိုက်စိတ်ဓာတ်ရှိဖို့လိုသည်ကော။ တစ်စိတ်တစ်ဝမ်းစုစည်းကြပြီး အောင်ပွဲရဖို့ပဲအရေးကြီးသည်။
ဇွန်ပန်းရုံအနီး ရွှံ့နွံထဲမှာ လှည်းဘီးနစ်နေသည်။ ဝိုင်းကူ၍ တွန်းကြရမည်။ ကိုယ်တိုင်မလုပ်နိုင်လျှင်လည်း လက်တွေ့ဆောင်ရွက်နေကြသူတွေကိုအားရှိအောင် အားပေးကြဖို့လည်းလိုပါသည်။ ကျွန်တော့်အသက်အရွယ်အရ လက်တွေ့ပါဝင်ဆောင်ရွက်နိုင်ခွင့်နည်းပါးသွားပြီမို့ အားပေးသည့်ပရိသတ်နေရာသို့ ရောက်သွားခဲ့သည်။ အမှန်တရားကိုမြတ်နိုးသည့် ကျွန်တော်၏နှလုံးသားမှထွက်လာသည့် အားပေးစကားသည် ရေတစ်စက်တစ်ပေါက်မျှသာ။ သို့သော်လည်း ရေစက်တွေစုပေါင်းလိုက်လျှင် ကျောက်ဆောင် ကျောက်သားတွေကို ဖြိုခွဲနိုင်မည့်အင်အားကြီးမားသည့်အဆင့်ဖြစ်သွားမှာတော့ သေချာသည်။ ပွဲကြည့်စင်ပေါ်မှာ ကျွန်တော်ရှိနေသည်။
ညိုထွန်းလူ
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar