ခင်လေး (Aotearoa) - တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၅
Photo- NZ Herald |
တိမ်ဆိုင်ဖြူရှည်ရှည်လေးရှိရာမြေက ကိုဗစ်- ၁၉ မှတ်တမ်း-၁၅
ခင်လေး (Aotearoa)
(မိုးမခ) မေ ၁၀၊ ၂၀၂၀
တေရဿမနေ့ ၊ သတိပေးချက်
အဆင့် ၃
ဒီနေ့ အဆင့် ၃ ရဲ့ ၁၃
ရက်မြောက်နေ့ပါ။ စိတ်ရောကိုယ်ပါ အလုပ်တွေအရမ်းများနေလို့ သတင်းကို နပ်မှန်အောင် မကြည့်ဖြစ်၊
စာမရေးဖြစ်တာ အတော်လေးကို ကြာသွားပါပြီ။ စိတ်ပင်ပန်းတာက ပိုဆိုးပါတယ်။ ကိုယ့် ဆရာမ
မှတ်ပုံတင်အတွက်ပေါ့။
နယူးဇီလန်မှာ ဆရာမလုပ်ချင်ရင် နယူးဇီလန်တက္ကသိုလ်ကပေးတဲ့ပညာရေးဘွဲ့လိုပါတယ်။
ဘယ်နိုင်ငံက ဘာတွေပဲရလာလာ အနည်းဆုံး နယူးဇီလန်ကရတဲ့ ဒီပလိုမာလေးတစ်ခုမရှိရင်
တက္ကသိုလ်မှာတောင် စာ သင်လို့မရပါဘူး။ အစိုးရကျောင်းမှာ ဆရာမလုပ်ချင်ရင်
ပိုဆိုးပါတယ်။ သတ်မှတ်ထားတဲ့ဘွဲ့ကိုရအောင် စာသင်၊ လက်တွေ့လုပ်၊ (ကိုယ်တို့လို အဂႅလိပ်စကားမပြောတဲ့ နိုင်ငံကလာတဲ့လူတွေကို IELTS ဖြေခိုင်းပြီး အပြော၊ အရေး၊
အဖတ်၊ အကြား၊ စွမ်းရည်စစ်တဲ့ စာပွဲ အားလုံးမှာ “အဆင့် ၇” နဲ့ အထက်ရမှ
ကျောင်းပေးတက်ပါတယ်။ အဲဒီစာမေးပွဲဖြေတုန်းက တွေ့ခဲ့ရတဲ့စာမေးပွဲလာဖြေတဲ့ ဥရောပသားတွေ အရှေ့အလယ်ပိုင်းသားတွေအကြောင်း နောက်တော့ ရေးပါဦးမယ်။) အားလုံးအောင်လို့ အရည်အချင်းပြည့်ပြီဆိုရင်
မှတ်ပုံတင်ရပါတယ်။ အဲဒီမှာ ကိုယ်ကျင့်တရားအတွက် ရဲကစစ်ပါတယ်။ တစ်ခုကောင်းတာက
ရဲစခန်းသွားစရာမလိုပါဘူး။ စစ်ခွင့်ပေးပါတယ်ဆို လက်မှတ်ထိုးပေးလိုက်ရုံပါပဲ။ မှတ်ပုံတင်ကြေးပေး၊
ပညာအရည်အချင်းစာရွက်တွေ တသီတတန်းကြီးပို့ပြီး ရင်တထိတ်ထိတ်နဲ့စောင့်ရပါတယ်။
လိုအပ်တဲ့စာရွက်စာတမ်းတွေ ထပ်တောင်းသမျှ ပေးရပါတယ်။ အဂႅလိပ်စကားမပြောတဲ့နိုင်ငံကလာတဲ့လူတွေအတွက် ပိုကျပ်ပါတယ်။ အားလုံး ကျေ နပ်တော့မှ ၃ နှစ်ခံတဲ့ ယာယီဆရာမလုပ်ခွင့်မှတ်ပုံတင်ထုတ်ပေးပါတယ်။
အဲဒီ ၃ နှစ်ကာလအတွင်း
တကယ်စာသင်၊ အလုပ်လုပ်၊ ဘာကြောင့် ဘာကိုလုပ်တယ် ဘာကိုသင်တယ်ဆိုတာတွေကို
အသေးစိတ်ပေးထားတဲ့အချက်တွေနဲ့ညီအောင် မှတ်တမ်းထား၊ လူမှုရေး စည်းကမ်းတွေနဲ့
ညီအောင်နေရပါတယ်။ ၃ နှစ်ပြည့်ရင် လိုင်စင်အပြည့်လျောက်၊ လိုအပ်တာတွေ
အကုန်လုပ်ထားကြောင်း ၃ နှစ်စာ ဖိုင်အကြီးကြီးတွေတင်၊ လူကြီးတွေက ထောက်ခံ၊
မှတ်ပုံတင် ကြေးပေး၊ ပြီးရင်ထပ်စောင့် တောင်းသမျှ လိုအပ်တာတွေ ထပ်ပေးပြီးတော့မှ ၃ နှစ်စာ
လိုင်စင်အပြည့် ထုတ်ပေးပါတယ်။ နောက်ထပ် ၃နှစ်ပြည့်တိုင်း သက်တမ်းတိုးဖို့
ပြန်လျောက်ရပါတယ်။ သက်တမ်းတိုးတာက အစပိုင်းလောက် သိပ်မခက်ပေမယ့် ကိုယ်ကတော့
ပူတာပါပဲ။ ခုလောလောဆယ်အခြေအနေအရ အွန်လိုင်းကနေလျောက်၊ ထောက်ခံချက်တွေအားလုံးကလဲ
အွန်လိုင်းမှာဆိုတော့ ကိုယ်မမြင်ရတော့ ပိုပူ။ ခုတော့ရပါပြီ။ နောက်၃ နှစ်ကျ
တစ်ခါပေါ့။
အလုပ်ကလဲ ကျောင်းသွားရတာကမှ
နားချိန်ရှိသေးတယ်။ အိမ်ကနေ အလုပ်လုပ်ရတာ ပိုပင်ပန်းသလိုပဲ။ ကွန်ပျူတာ
ဖန်သားပြင်သေးသေးလေးပေါ်မှာ စာရေး၊ စာသင်၊ အစည်းအဝေးထိုင်၊ မနက် ၈ နာရီက ညနေ ၄
နာရီခွဲအထိ။ ပြီးသွားရင် ကွန်ပျူတာကိုမထိချင်တော့ဘူး။ ဖုန်းရော ကွန်ပျူတာ တွေရော
အကုန်ပိတ်ပြီး ကိုယ့်မီးဖိုချောင်နဲ့ ခြံထဲမှာပဲ နေချင်တော့တာ။ ကိုင်းဒီလောက်ဆို
စာမရေး ရခြင်းအကြောင်းရင်းအတွက် လုံလောက်ပါပြီ။ ကိုယ်ရေးကိုယ်တာတွေပါရေးရရင်
ကိုးဗစ်ဆီ ရောက်တော့မှာ မဟုတ်ဘူး။
မနေ့က ညနေက
သတင်းကြည့်ဖြစ်ပါတယ်။ ထပ်ဖြစ်တဲ့သူ ၂ ယောက်ပဲ ရှိပါတယ်တဲ့၊ သူတို့
ဘယ်ကနေကူးတယ်ဆိုတာလဲ သိပါတယ်ဆိုတော့ စိတ်အေးရပါတယ်။ ကြည့်ရတာ စိတ်အေးသွားတဲ့သူတွေ အတော်များနေပုံရပါတယ်။ အော်ကလန်ရဲ့ လူကြိုက်များတဲ့ မြို့ထဲက ကမ်းခြေကန်ပတ်လမ်းမှာ လူတွေအုံခဲပြီး
လမ်းလျောက်ထွက်နေကြတာ သတင်းထဲမှာ တက်လာတယ်။ တခြားမြို့ကြီးတွေရဲ့ ကမ်းခြေတွေမှာလဲ
ဒီတိုင်းပဲ။ ကိုယ်တို့နားက ရုက္ခဗေဒဥယျာဥ်မှာလဲ အဝင်ဂိတ်ကြီးပိတ်ထားပေမဲ့
အနီးအနားက လမ်းလျောက်ချင်တဲ့သူတွေအတွက် ဖွင့်ပေးထားတဲ့ လူဝင်ပေါက်ကနေလာကြတဲ့သူတွေ
အတော်များတယ်။ အဝင်ပေါက်နားက လမ်းပေါ်မှာ ကားတွေကိုဖွေးနေတာပဲ။ ရဲတွေက လိုက်သတိပေးနေရတယ်။
တချို့နေရာတွေမှာဆို ပါတီလုပ်မယ် သတင်းကြားတဲ့အိမ်တွေတံခါးလိုက်ခေါက်ပြီး
မလုပ်ဖို့ ကြိုတား၊ လုပ်တဲ့လူတွေဖမ်းနဲ့ လုပ်နေကြရ တယ်။
တခြားဘာတွေ
ထူးခြားသေးလဲလို့ အင်တာနက်မှာ ရှာကြည့်တာ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ကိုးဗစ်
အထူး ဝက်ဘ်ဆိုဒ်တွေမှာ စဖြစ်ကထဲကနေ
ခုချိန်ထိ အချက်အလက်တွေ အကုန်လုံးကို အသေးစိတ်တင်ထားပေးတာကို တွေ့ရတယ်။ ဒါကြောင့်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နယူးဇီလန်ရဲ့ စနစ်ကျတဲ့
ကိုင်တွယ်ဖြေရှင်းပုံကို ချီးကျူးသွားတာြဖစ်မယ်။ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူး
တင်ရပါတယ်။ ဒီကပ်ကာလတစ်ခုလုံးမှာ ကိုးဗစ်ကြောင့်ဆုံးတဲ့သူ စုစုပေါင်း ၂၁ ယောက်ပဲ
ရှိ တယ်။ ရောဂါကူးစက်ခံလိုက်ရသူတွေက ၁၅၀၀ နီးပါးရှိပြီး ၉၀ ရာခိုင်နှုန်းကျော်ပြန်နေကောင်းလာကြပါပြီ။ မနေ့ကဆေးရုံတက်နေရတဲ့သူ ၂ ယောက် ရှိတယ်လို့ပြောသွားပေမယ့် ဒီနေ့မနက်
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုဒ်ထဲမှာ ၁ ယောက်ပဲ ကျန်တော့တယ်လို့
စာရင်းသွင်းထားပါတယ်။
ဧပြီလကုန် မေလ
ပထမပတ်လောက်ကစပြီး စွတ်စို ချမ်းစိမ့်လှတဲ့ နယူးဇီလန်ရဲ့ ဆောင်းတွင်းမှာ
ရောက် လာတတ်တဲ့တုတ်ကွေးအတွက် နယူးဇီလန်မှာနေကြသူတွေ ကာကွယ်ဆေးတွေ ထိုးလေ့ ရှိကြပါတယ်။
ကိုယ်ကတော့ ဘယ်တော့မှ မထိုးပါဘူး။ ကိုယ်လိုလူတွေ အတော်များပါတယ်။ မနှစ်က
စာရင်းတွေအရ လူပေါင်း ၁.၃ သန်းကျော်က တုတ်ကွေး ကာကွယ်ဆေး ထိုးကြပါတယ်။ စုစုပေါင်း လူဦးရေရဲ့
၃၀ ရာခိုင်နှုန်းလောက်ပေါ့။ ဒီတော့ ကျန်းမာရေးဌာနက ဒီနှစ်တုတ်ကွေးရာသီ အတွက်
ကာကွယ်ဆေး ၄ သိန်းကျော်ပိုမှာထားခဲ့ပါတယ်။ အဲဒီကိစ္စတွေ အကုန်လုံးက ကြိုလုပ်ရ ပါတယ်။
ဘတ်ဂျက်ကစလို့ အဆင့်ဆင့် အရှည်ကြီးပါ။ အဲဒီတော့ လူကြီးတွေရဲ့ စိတ်ထဲမှာ လောက် တဲ့
ဟိုဘက်ရောက်နေတယ်လို့ မှတ်ထားပြီး ကိုးဗစ်ကိစ္စပဲ လုံးပန်းနေမှာပေါ့။
ဖြစ်ချင်တော့ ကိုးဗစ်လဲ ဖြစ်ရော
ခါတိုင်းတုတ်ကွေး ကာကွယ်ဆေးမထိုးတဲ့သူရော ထိုးတဲ့သူရော ဝိုင်းသုံးလိုက်ကြတာ
ထုတ်ပေးထားတဲ့ ဆေးတွေပြတ်သွားပြီး ဆေးထိုးချင်လို့လာတဲ့သူတွေ ဆေးမရှိလို့
မထိုးရတာတွေ ဖြစ်ကုန်လို့ ပွစိထနေကြတာ ပြီးခဲ့တဲ့အပတ်က တွေ့လိုက်တယ်။ (ကိုယ်ကတော့
မထိုးရေးချမထိုးပါ။) ကိုယ့်ကျောင်းက ဆရာမတချို့ဆို ဧပြီတတိယပတ် လောက် ကထဲက
ထိုးနေကြတာ။ ဒီကလူတွေက အလုပ်လုပ်တာ လာဘ်မမြင်ဘူးလို့ ကိုယ်ပြောချင်ပါတယ်။
ထထကြွကြွမရှိဘူး။ အေးအေးလူလူပဲ၊ ကြည့်ရတာ ခါတိုင်းလို ပို့ရမဲ့
အချိန်မရောက်သေးလို့ ပို့တဲ့သူက ကြိုမပို့၊ မှာတဲ့သူက ကြိုမမှာ၊ သုံးချင်တဲ့သူက
မရ။ ကီဝီနည်းပေါ့ကွာ။ (နယူးဇီလန်သားတွေကို ကီဝီလို့ခေါ်။ ) ခုတော့
ပြေလည်သွားပြီထင်ပါတယ်။ ဘာသံမှ မကြားရ တော့ဘူး။
မနေ့က သတင်းမှာ
အမေရိကန်ဖလား ရွက်လှေပြိုင်ပွဲမှာ ပြိုင်ပွဲဝင်လို့ နိုင်ခဲ့တဲ့ လူရယ်၊ သူ့အိမ်နီး
နားချင်း သိပ္ပံပညာရှင်ရယ်၊ အင်ဂျင်နီယာတစ်ယောက်ရယ် ပူးပေါင်းပြီး
အိမ်ပြင်ထွက်လို့ မရတဲ့နေ့တွေမှာ သူတို့ အိမ်ကနေ အဝေးကနေ တိုင်းလို့ရတဲ့
အပူချိန်တိုင်းကိရိယာတစ်ခုကို တီထွင်ခဲ့ကြပါတယ်။
မီးချစ်ဆံဗူးလေးနဲ့ တူပါတယ်။ လက်မောင်းမှာ ပတ်ထားရင် အပူချိန်ကို တော်တော် ဝေးဝေးကနေကို
ဖတ်လို့ရပါတယ်။ သူတို့အိမ်နားက လူကြီးတွေဆီကို ပို့ပေး၊ ပတ်ခိုင်းပြီး အိမ် အပြင်ဘက်ကနေ
တိုင်းနေတာ၊ အလုပ်လုပ်ပါတယ်။ အစိုးရက ဒေါ်လာ ၂ သိန်း ၆ သောင်းထုတ်
ပေးထားပြီး အော်ကလန်တက္ကသိုလ်မှာ စလုပ်နေပါပြီ။ ကိုးဗစ်ကူးရင် အန္တရာယ်ဖြစ်မှာ
အစိုးရိမ် ရဆုံး အဖိုးအဖွားတွေနေတဲ့ နေရာကစသုံးမယ်လို့ ပြောပါတယ်။ အဖေကတော့ စမ်းကြည့်ချင်နေ
ပါတယ်။ ပြီးရင် တစ်စစီဖြုတ်ကြည့်မှာ သေချာပါတယ်။ ဘာမဆို သူ့လက်ထဲရောက်ရင် တစ်စစီ ဖြုတ်ကြည့်လိုက်ရမှ။
နောက်ထပ်စိတ်ပူစရာသတင်းက
ထူးဆန်းတဲ့ရောဂါတစ်ခု ကလေးတွေမှာ (မွေးကင်းစကနေ ဆယ်ကျော် သက်အထိ) ဖြစ်နေတဲ့
သတင်းပါ။ ပြီးခဲ့တဲ့ အပတ်ကထဲက ဥရောပမှာ စပါတယ်။ မနေ့ကသတင်းထဲမှာ အမေရိကားကိုရောက်နေပါပြီ။
ကလီစာတွေတစ်ခုထက်မကရောင်ပြီး အလုပ်မလုပ်တော့တာလို့ပြောပါတယ်။ မနေ့ကသတင်းထဲက
ကလေးဆို သူ့အမေကိုးဗစ်အကူးခံရပြီးပျောက်သွားခါစအချိန်မှာ အဲဒီရောဂါစဖြစ်တာပါ။
ခုလောလောဆယ်တော့ Mystery
Inflam- matory Syndrome လို့ ခေါ်နေကြပါတယ်။
တချို့ အသက်ဆုံးကြပါတယ်။ ကြောက်စရာ။
ဒီကသတင်းတွေမှာ ကလေးတွေကို
ကိုးဗစ်ကူးနိုင်ခြေနည်းလို့ ကျောင်းပြန်ဖွင့်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်ချထားတဲ့အချိန်မှာ
ဒီသတင်းကြားရတာမကောင်းပါဘူး။ သတိပေးချက်အဆင့် ၃ မှာ ကျောင်း ဖွင့်ထားပေးပေမယ့်
ကျောင်းသွားကြတဲ့ကလေး နည်းပါတယ်။ မိဘအတော်များများ အိမ်ကနေ အလုပ်လုပ်နေတော့
မလွှတ်ကြပါဘူး။ ကိုယ့်ကလေးတွေလဲ တူတူပါပဲ။ အဆင့် ၂ ဆင်း လို့ ကျောင်း အားလုံးပြန်ဖွင့်ရင်
ကိုယ့်ကလေးတွေ (သမီး) ကျောင်းသွားချင်မှာပါ။ ကိုယ်က မလွှတ်ချင်ရင် .........
Stay home, save
lives! အိမ်မှာနေ၍ အသက်ကယ်ပါ။
ခင်လေး (Aotearoa)
6:00 a.m. 10.05.2020
Sunday