Breaking News

မောင်ရစ် - ကိုဗစ်၁၉ကို ခါးစောင်းတင်မယ် ဆို ...

Getty Image

မောင်ရစ် - ကိုဗစ်၁၉ကို ခါးစောင်းတင်မယ် ဆို ...

(မိုးမခ) မေ ၁၉၊ ၂၀၂၀

အမေရိကားမှာ အိမ်တွင်းပုန်းခိုင်းပြီး ၁လကျော်လာတဲ့အခါ တကိုယ်ရည်လွတ်မြောက်ရေးကို လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးအဖြစ် ရှေ့တန်းတင်ပြီး မြို့ပြင်က လူတွေက ဆန္ဒထွက်ပြကြတော့တာပဲ။

ဆံပင်ညှပ်ချင်တယ်၊ ပင်လယ်ကမ်းခြေထွက်ချင်တယ်၊ အသားစားချင်တယ်၊ စားသောက်ဆိုင်မှာ ထိုင်ချင်တယ်၊ ဒီလိုတွေ ကြွေးကြော်နေကြရာကနေ နောက်ဆို အိမ်တွင်းပုန်းတွေကို ဆန့်ကျင်ချေမှုန်းကြ ဆိုပြီး နင်တို့ကြောင့် ငါတို့ဒုက္ခပင်လယ်ဝေရတယ်လို့ လက်ညိုးထိုးကာ အိမ်ရှေ့မှာ လာ ဆန္ဒပြကြမလားတောင် မသိဘူး။

လူတွေဟာ အဲသလို အစိုးရိမ်လွန်နေကြရတာဟာ ငတ်ကုန်မှာ ကြောက်လို့လား၊ သေကုန်မှာ ကြောက်လို့လား၊ မပျော်ရတော့မှာ ကြောက်လို့လား ... မေးကြည့်ချင်စရာပါ။ အမေရိကန် ဆီနိတ်တာ ဘာနီဆင်းဒါး ဝေဖန်သလို - ဆင်းရဲချမ်းသာ လူတန်းစားမညီမျှမှုတွေကနေ အတွေးအခေါ်အဆင့်အတန်း နိမ့်မြင့် ကွာဟမှုတွေရဲ့ ပဋိပက္ခသက်သေပဲ ဖြစ်ပါတယ်။

အစိုးရဟာ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့နေတာ၊ ပြည်သူတွေအတွက် စားဝတ်နေရေး အခြေခံအာမခံချက်ကို မပေးဆပ်နိုင်တာတွေဟာ တပူပေါ် ၂ ပူ ဆင့်နေရပါတယ်။ လူတိုင်း အခမဲ့ပညာသင်ခွင့်၊ အခမဲ့ ဆေးကုသခွင့်၊ အခမဲ့ အွန်လိုင်းချိတ်ဆက့်ခွင့်တွေအပြင် ကပ်ဘေးအတွင်း အခြေခံထောက်ပံ့ငွေ ခံစားခွင့်တွေ ပေးနိင်မယ်ဆိုရင် လူတွေအားလုံး စိုးရိမ်စိတ်တွေ ကျဆင်းပြီး စိတ်ချမ်းသာကြလိမ့်မယ် ထင်ပါတယ်။

ခုချိန်ထိ အိမ်တံခါးတွေ ပြန်ဖွင့်နိုင်ဖို့ အနိမ့်ဆုံးလိုအပ်ချက်တွေဖြစ်တဲ့ မှန်ကန်သော ပညာပေးမှု၊ ဆေးစစ်ပေးမှု၊ ဆေးကုသနိုင်မှု၊ ကာကွယ်ပေးမှု၊ ဗိုင်းရပ်စ်ကို ခြေရာခံတားဆီးနိုင်မှုနဲ့ ကိုဗစ်၁၉ ကာကွယ်ဆေး အမြန်ဆုံး ဖော်ထုတ်နိုင်မှုတွေအတွက် ဘယ်အစိုးရခေါင်းဆောင်တွေကမှ ရှင်းလင်းတင်ပြခြင်း မလုပ်နိုင်သေးဘဲ ဝိုးတိုးဝါးတား ဖြစ်နေကြတုံးပဲ။

သည်တော့ သိပ္ပံပညာရှင်တွေနဲ့ နိုင်ငံရေးပညာရှင်တွေက လူတွေကို ထိန်းသိမ်းထားနိင်ဖို့ကတော့ အစိုးရအနေနဲ့ ကပ်ဘေးကာလ စီးပွားပျက်ကာလမှာ ငွေများများ ထုတ်သုံးပြီး လူတွေကို ကူညီအားပေးဖို့ပဲ ဖြစ်တယ်လို့ ထောက်ပြ တိုက်တွန်းနေကြပါတယ်။ ဆေးမပေးနိင်ရင် ငွေပေးပြီး တောင့်ခံကြဖို့သာ ရှိတယ်လို့ ထောက်ပြနေတာ ဖြစ်ပါတယ်။

၂၁ ရာစုအဝင်က စပြီး ဆားစ် မားစ် တုတ်ကွေးအသစ်မျိူးစုံ (အီဘိုလာအပါအဝင်) ကို ဆေးသုတေသနက တားနိုင် တန့်နိုင် ကာကွယ်နိင်အောင် အချိန်အတိုအတွင်း လုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ၂၀ ရာစုတုနု်းကတော့ ကပ်ရောဂါတွေကို ဆယ်စုနှစ်များစွာ ခံစားကြရပါတယ်။

၁၉၁၈ စပိန်တုတ်ကွေးဟာ ကာကွယ်ဆေးအစစ်အမှန် ရတဲ့အထိ နှစ်ပေါင်း အစိတ်နီးပါး စောင့်ရတယ်။ ၁၉၄၀ နောက်ပိုင်းမှ ကာကွယ်ဆေးအစစ် ရတယ်လို့ ဆိုပါတဆယ်။

ပိုလီယိုရောဂါဟာ ၁၉၁၆ကနေ စတင်ကူးစက်ပါတယ်။ တားဆေးမရှိသေးတော့ ကလေးတွေကို အဖုံးအကာတွေနဲ့ ထိန်းသိမ်းကြရတယ်။ ၁၉၅၅ (အနှစ် ၄၀နီးပါးမှ) ကျမှ ကာကွယ်ဆေးအစစ်အမှန် ထုတ်နိုင်ကြတယ်။

အခုတော့ ကိုဗစ်၁၉ ကာကွယ်ဆေးကို ၁၈လခန့်အတွင်း ထုတ်ဖော်နိုင်မယ်လို့ ဆိုကြတယ်။ တကမ္ဘာလုံးက ဆေးသုတေသနတွေ ဆေးဝါးလုပ်ငန်းတွေက အပြိုင်အဆိုင် သုတေသနလုပ် ကြိုးစား ထုတ်ဖော်နေကြတယ်။ ၂၁ရာစုမှာ သိပ္ပံပညာဟာ အများကြီး ရှေ့ရောက်ခဲ့ပါပြီ။ စိတ်ရှည်သီးခံ ဇွဲတင်းပြီး စောင့်ဆိုင်း ကြမှ ဖြစ်မယ်။ ၂၁ရာစုထဲ သိပ္ပံပညာနဲ့အတူ ရှေ့ရောက်ဖို့ လုံးပမ်းကြသူတွေရှိသလို ခေတ်နောက်ပြန်ဆွဲပြီး မျက်စိမှိတ်လို့ ဆူးပုံနင်းချင်သူတွေရှိနေဆဲဖြစ်တာကလည်း အခုမျက်စိရှေ့မှာတင် တွေ့နေရတယ် မဟုတ်ပါလား။