Breaking News

သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦး

မြန်မာ့နွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁ မြင်ကွင်း

မိုးမခ - ဒီဇင်ဘာ ၂၊ ၂၀၂၂


သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦး 

နိုဝင်ဘာ ၃၀ ရက်နေ့က ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦးကို အင်းစိန်ထောင်တွင်းမှာ စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သတင်းတွေ နောက်နေ့နံနက်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ယခုနှစ် ဧပြီလလယ်လောက်မှာ ဖမ်းဆီးခံခဲ့ကြရတာ ဖြစ်ပြီး ၈ လနီးပါးအကြာမှာ စစ်ခုံရုံးကနေ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ မြို့နယ်နဲ့ စွပ်စွဲခံရတဲ့ အဖြစ်အပျက်တွေက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေထဲက မြောက်ဒဂုံနဲ့ တောင်ဒဂုံမြို့နယ်တွေမှာ ဖြစ်လို့ စစ်ခုံရုံးနဲ့ စီရင်ချက်ချခဲ့တာဖြစ်ပြီး အရပ်ဘက်တရားရုံးတွေလို ရှေ့နေရှေ့ရပ်လည်း လိုက်ပါဆောင်ရွက်ခွင့်မရှိခဲ့ဘူး လို့သိရပါတယ်။ 

စွပ်စွဲခံရတဲ့ သတ်ဖြတ်မှုတွေကတော့ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ် ဓါးပြတိုက်မှုမှာ ဘဏ်မန်နေဂျာဖြစ်သူကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ မြောက်ဒဂုံမြို့နယ် ၄၅ ရပ်ကွက်က အုပ်ချုပ်ရေးမှူးတဦးကို သတ်ဖြတ်ခဲ့တဲ့ အမှုတို့ဖြစ်တယ်လို့ သတင်းဖေါ်ပြမှုအချို့အရ သိရပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးအနေနဲ့ အဆိုပါ သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့ခြင်းရှိ မရှိဆိုတာတော့ တရားစီရင်ရေးက ပွင့်လင်းမြင်သာမှုမရှိခြင်းနဲ့ စစ်ခုံရုံးနဲ့ စီရင်ခဲ့ခြင်းတို့ကြောင့် သက်သေအထောက်အထား စွဲဆိုချက်တွေ ဘယ်သူမှ မသိရှိရတဲ့အနေအထား ဖြစ်ပြီး သေဒဏ်ချမှတ်တဲ့ သတင်းသာ ထွက်ရှိလာခဲ့တဲ့ သဘောဖြစ်ပါတယ်။ 

ဒီသတင်းထွက်တဲ့နေ့မှာပဲ အချို့သော ဆိုရှယ်မီဒီယာပေါ်က ကွန်းမင့်တွေမှာ ၄င်းတို့ ၇ ဦးကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့ မှာ သေဒဏ်စီရင်လိမ့်မယ်ဆိုတဲ့ ရေးသားမှုတွေ ပေါ်ထွက်လာပြီး မိသားစုဝင်တွေ အဖို့ စိုးရိမ်မှုအမြင့်ဆုံး အနေအထားမျိုးရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက စစ်အာဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခံရသူတွေအနက်က ပထမဆုံး အနေနဲ့ ၄ ဦး ကိုသေဒဏ်စီရင်ခဲ့တဲ့ အဖြစ်အပျက်က အခုလို စိုးရိမ်မှုတွေကို ဖြစ်စေတာဖြစ်ပါတယ်။ ဇူလိုင်လမှာ ကိုဂျင်မီ၊ ကိုဇေယျာသော်  နဲ့ လှိုင်သာယာမှ သေဒဏ်ချမှတ်ခံရသူ ၂ ဦး စုစုပေါင်း ၄ ဦးကို မိသားစုဝင်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဖို့ အကြောင်းကြားခွင့်ပြုခဲ့ပြီး ရက်ပိုင်းအတွင်း သေဒဏ်အမိန့်ကို စီရင်ခဲ့တာ ဖြစ်ပါတယ်။ သေဒဏ်စီရင်အပြီး ၂ ရက်ခန့်အကြာမှာ စီရင်လိုက်ကြောင်း သတင်းထုတ်ပြန်တဲ့အခါမှသာ မိသားစုဝင်တွေအပါအဝင် အားလုံးအံ့အားသင့် တုန်လှုပ်ခဲ့ကြရတာဖြစ်ပါတယ်။ 

ယခု ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦး ကိစ္စမှာတော့ ခုရက်ပိုင်းအတွင်း စီရင်ချက်ချမှတ်တာဖြစ်လို့ လာမယ့် ဒီဇင်ဘာ ၇ ရက်မှာ သေဒဏ်စီရင်လိမ့်မယ်ဆိုတဲ့ သတင်းအချက်အလက်က ဖြစ်နိုင်ချေနည်းပါးပေမယ့် စစ်ကောင်စီက စစ်ခုံရုံးရဲ့ သေဒဏ်စီရင်မှုကို စစ်ကောင်စီဥက္ကဌဖြစ်သူက အတည်ပြုတာ တနည်းအားဖြင့် သေဒဏ်အမိန့် ပြင်ဆင်ချက်တင်ပြတာကို ပယ်ချတာ လုပ်ခဲ့ရင် အဲဒီအဆင့်ပြီးတဲ့နောက်မှာ သေဒဏ်စီရင်မယ့် အလားအလာရှိနေတာဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းမှုအပြီး သေဒဏ်စီရင်မှုပေါင်း တရာကျော်အထိ ရှိလာနေပြီး အများစုကတော့ သေဒဏ်အတည်ပြုတာ ဥပဒေကြောင်းအရ လုပ်ဆောင်ရမယ့်အဆင့်တွေမှာ ရှိနေဆဲလို့ ယူဆရပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ စီရင်ခဲ့တဲ့ ကိုဂျင်မီအပါအဝင် အခြား ၃ ဦးဖြစ်ရပ်က ပထမဆုံးလို့ယူဆစရာ ရှိပါတယ်။ 

ယခုလို သေဒဏ်အမိန့်ချမှတ်ခံရတဲ့ အမှုတွေကို ကြည့်မယ်ဆိုရင် မြို့ပေါ်တွေမှာ အုပ်ချုပ်ရေးနဲ့ စစ်ကောင်စီ ထောက်တိုင်လို့ ခေါ်ဝေါ်ကြတဲ့ စစ်ကောင်စီအုပ်ချုပ်ရေး ၊ စစ်တပ်နဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်းထဲက သူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ၊ သတင်းပေးလို့ စွပ်စွဲခံရသူတွေ ကို လုပ်ကြံသတ်ဖြတ်မှုတွေ နဲ့ ဆက်စပ်စွပ်စွဲ အပြစ်ပေးတာ ဖြစ်ပြီး အခုလို လုပ်ကြံသတ်ဖြတ်ရေး လမ်းစဥ် နဲ့ပတ်သက်လို့ ပြန်လည် သုံးသပ်အကဲဖြတ်စရာတွေ ရှိလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်ရေး လမ်းစဥ်က ဘယ်လိုနိုင်ငံရေး အဖွဲ့အစည်းတွေက ချမှတ်ခဲ့တာလည်း သို့မဟုတ် မြို့တွေမှာ ပေါ်ထွက်လာတဲ့ ပြောက်ကျား အဖွဲ့တဖွဲ့ချင်းအလိုက်က မိမိတို့ဘာသာ မိမိတို့ ချမှတ်ခဲ့ကြတာလားဆိုတာလည်း မေးစရာရှိနိုင်ပါတယ်။ တကယ်လို့ ဒီလို လုပ်ကြံသတ်ဖြတ်ရေး လမ်းစဥ်က လက်နက်ကိုင် တော်လှန်ရေးကို ပုံပျက်စေနိုင်တာ၊ အကြမ်းဖက်အဖွဲ့အစည်းလို့ စွပ်စွဲဝါဒဖြန့်ခံရနိုင်တာတွေ ရှိတာကြောင့် လက်နက်ကိုင် တော်လှန်ရေး ၊ နိုင်ငံရေးအရစည်းရုံးရေးပါဝင်တဲ့ ထိန်းချုပ်နယ်မြေ တည်ဆောက်ရေး လမ်းစဥ်ကနေ သွေဖီသွားတဲ့ လုပ်ကြံသတ်ဖြတ်ရေး လမ်းစဥ်ကို ပြန်လည်ထိန်းသိမ်းပြောဆိုကြဖို့ နိုင်ငံရေးအရ ဦးဆောင်တဲ့ အန်ယူဂျီလို အန်ယူစီစီလို အဖွဲ့အစည်းတွေက ပြောဆိုခဲ့ကြသလားဆိုတာလည်း မေးစရာ ဖြစ်လာတဲ့ အနေအထားဖြစ်ပါတယ်။ 

လုပ်ကြံသတ်ဖြတ်ရေးလမ်းစဥ်နဲ့ တော်လှန်ရေး အောင်မြင်တဲ့ သာဓကတွေ အခြားနိုင်ငံတွေမှာ ရှိခဲ့သလား မြန်မာနိုင်ငံမှာရော ရှိသလား ဆိုတာလည်း သမိုင်းနဲ့ယှဥ်တဲ့ ဆက်စပ်စဥ်းစားသုံးသပ်စရာတွေ ရှိလိမ့်မှာဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်ရေးတွေက နိုင်ငံရေးအရ အဖြေထွက်ဖို့ အလားအလာနည်းပြီး လက်နက်ကိုင် လှုပ်ရှားမှုဆိုတာထက် တဖက်စစ်အုပ်စု ရန်သူကို အကြောက်တရားနဲ့ အာဏာစွန့်အောင် ကြိုးစားသလို ဖြစ်စေတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ လက်နက်ကိုင်ထားတဲ့ လက်နက်ကိုင်တပ်တွေ အနေနဲ့ လက်ထဲ လက်နက်ရှိနေသရွေ့ အာဏာရှိနေတယ်လို့ ယူဆပြီး ကြားခံ စစ်အုပ်စု ထောက်ခံသူ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးလို၊ စစ်တပ်ထွက် စစ်ကောင်စီနဲ့ ဆက်နွယ်တဲ့ စီးပွားရေးလုပ်ငန်း ဘဏ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နိုင်တာ ဖြစ်ပြီး နိုင်ငံရေးအရ အကျိုးအမြတ်က ကြီးကြီးမားမား မရှိဘူးလို့ ယူဆစရာ ရှိတာလည်း ဖြစ်ပါတယ်။ 

ခြုံပြောရရင် လတ်တလော သေဒဏ်ချမှတ်ခံရတဲ့ ဒဂုံတက္ကသိုလ်က ကျောင်းသား ၇ ဦးကိစ္စနဲ့ပတ်သက်ပြီး သေဒဏ်စီရင်မှု မလုပ်ဖြစ်အောင် အားလုံးက ဝိုင်းဝန်း လှုံ့ဆော်ကြရမှာ ဖြစ်သလို အခုလို လုပ်ကြံသတ်ဖြတ်ရေး လမ်းစဥ်နဲ့ပတ်သက်လို့လည်း တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက ပြန်လည် သုံးသပ်ကြဖို့ အချိန်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar