သီအိုဇော် - ‘Non-lethal Assistance’တွင် ပါဝင်ခဲ့သည့် အကူအညီများ၏ စာရင်းအကျဉ်း (၁၉၈၀-၂၀၂၂) - အပိုင်း(၁)
သီအိုဇော် - ‘Non-lethal Assistance’ တွင် ပါဝင်ခဲ့သည့် အကူအညီများ၏ စာရင်းအကျဉ်း (၁၉၈၀-၂၀၂၂) - အပိုင်း(၁)
(မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၂၃
ရှိနှင့်ပြီးသား စကားလုံးဖြစ်ပေမယ့် အကျွမ်းတဝင်
မဖြစ်ခဲ့ဖူးသလို ရုတ်တရက် ကြုံလိုက်ရတဲ့အခါမှာတော့ စိတ် လှုပ်ရှားမှုတပိုင်းနဲ့
စိတ်ဝင်တစား ဖြစ်မိကြရတာက ‘National Defence Authorization Act-2023’(NDAA) ထဲ မှာပါဝင်လာတဲ့ မြန်မာနိုင်ငံအတွက်
‘non-lethal
assistance’ (NLA) လို့ပဲ
ဆိုကြရပါမယ်။
ခေတ်အဆက်ဆက် နိုင်ငံတကာက အကူအညီခေါင်းစဥ်များစွာ ရရှိခဲ့ဖူးတဲ့တိုင်အောင်
မြန်မာနိုင်ငံအနေနဲ့ NLA အကူအညီဆိုတာက အသစ်အဆန်းပါ။
တကယ်ကတော့ NLAဟာ
အရှေ့တောင်အာရှကို အလည်အပတ် ရောက် ခဲ့ဖူးပြီးသား အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတခု
ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကို ဗီယက်နမ်တို့ ကျူးကျော်ခဲ့တာကို
တန်ပြန်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုက မင်းသားကြီး ‘သီဟာနု ’ (Prince
Sihanouk) ဦးဆောင်တဲ့ FUNCINPEC/ANS
နဲ့ ‘ခမာပြည်သူများ၏
အမျိုးသားလွတ်မြောက်ရေးတပ်ဦး’ (KPNLF)
အင်အားစု ၂-ရပ်ကို ပေးခဲ့ဖူးတဲ့
ထောက်ပံ့မှုအစီအစဥ် ဖြစ်ပါတယ်။
အဲဒီအချိန်က ဗီယက်နမ်ဘက်တော်သားအစိုးရကို ဆန့်ကျင်တဲ့ အင်အားစုများ
ပေါင်းစည်းပြီး မဟာမိတ်ပြုကာ ‘Coalition Government of Democratic
Kampuchea’ (CGDK) အဝေးရောက်အစိုးရအနေနဲ့
ရပ်တည်နေပါတယ်။ ဒါပေမယ့် CGDKထဲမှာ ပါဝင်နေတဲ့
လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေးဖေါက်ဖျက်မှု့တွေ တသီကြီး ကျူး လွန်ခဲ့တဲ့
ပြုတ်ကျသွားတဲ့ခမာနီအစိုးရကို ချန်လှပ်ပြီး အမေရိကန်က သူ့ရဲ့အကူအညီတွေကို အထက်က
ဖေါ် ပြခဲ့တဲ့ ကွန်မြူနစ် မဟုတ်တဲ့ ခုခံရေးအင်အားစု (Non-communist
Cambodian Resistance-NCR) နှစ်ဖွဲ့ကို
သီးသန့် ကူညီခဲ့တဲ့ အစီအစဥ်ပါ။ ၁၉၈၆-၉၀ ခုနှစ်များ အတွင်းက ဒီပေးအပ်ခဲ့တဲ့ NLAကို ကမကထပြု
တင်သွင်းခဲ့တဲ့ ကွန်ဂရက်လွှတ်တော်အမတ် ‘Stephen Solarz’ ကို အစွဲပြုပြီး ‘Solarz
Program’ လို့လည်း
လူသိများကြပါတယ်။
NLA နဲ့ပတ်သက်ပြီး ရှိနေတဲ့ကွက်လပ်အတွက် ရေးသားဖြေကြားခဲ့ဖူးတာတွေ ရှိသလို ဆက်လက်ပြီးတော့လည်း မြင်ရကြားရဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒီဆောင်းပါးကတော့ NLAခေါင်းစဥ်အောက်ကနေ ဘယ်လိုအကူအညီမျိုးတွေ ပေးလေ့ရှိကြသလဲ ဆိုတဲ့မေးခွန်းကို ပေါ်လွင်အောင် အဓိကဖြေဆိုကြည့်ဖို့ ရည်ရွယ်ပါတယ်။ ဒီအချက်အလက်တွေကို စီကာပတ်ကုံး ရေးသားတာမျိုးထက် သူတို့သုံးနှုန်းခဲ့တဲ့အတိုင်း သုံးစွဲဖေါ်ပြခြင်းက ပိုသင့်တော် မယ်လို့ ယူဆမိတဲ့အတွက် စာရင်းဇယားပုံစံနဲ့ ထည့်သွင်းထားပါတယ်။
NDAA ပါ NLA ဟာ အမေရိကန်နိုင်ငံဆီက လာမှာဖြစ်ပေမယ့် တခြားအနောက်အုပ်စုနဲ့
မဟာမိတ်များကလည်း ပေးလေ့ရှိတာကြောင့် နောင်တချိန်မှာ ရရှိမလာနိုင်ဘူးလို့
မပြောနိုင်တဲ့အတွက် ဒီဆောင်းပါးရဲ့ နောက်အပိုင်းမှာ တလက်စတည်း ဖော်ပြမှာဖြစ်ပါတယ်။
ဥပဒေမှာ ပါဝင်တဲ့ စကားရပ်တခုဟာ လေးနက်ပြည့်ဝတဲ့ သီးသန့်အဓိပ္ပါယ်ရှိတာ မှန်ကန်ပေမယ့် မတူညီတဲ့နိုင်ငံ၊
နိုင်ငံတူခဲ့ရင်တောင် ကွဲပြားတဲ့ အစိုးရအဖွဲ့တွေကြား အကူအညီပေးတဲ့အခါ သုံးစွဲဖေါ်ပြလေ့ရှိတဲ့
“non-lethal aid၊ non-lethal
military assistance/support/supplies” စတာများကို NLAနဲ့ ယေဘုယျအားဖြင့် သဘောတူညီ တယ်လို့
သတ်မှတ်စုစည်းထားပါတယ်။ ဒီလိုမှမဟုတ်ရင်
ရှင်းလင်းရမယ့်အစား ပိုရှုပ်ထွေးသွားစေ နိုင်တဲ့အတွက် ဖြစ်ပါတယ်။
NLA ရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုကြတာတွေအထဲမှာ သမ္မတ’ရော်နယ်ရေဂင်’ လက်ထက် ‘နီကာရာဂွါ’(Nicaragua)က
တော်လှန်ရေးအဖွဲ့အစည်းတွေကို NLA အနေနဲ့ထောက်ပံ့ဖို့
ကွန်ဂရက်ကို ပေးပို့လွှာထဲမှာ အဓိပ္ပါယ် ဖွင့်ဆိုပေး ထားခြင်းက ရှင်းလင်းပြတ်သားမှုရှိတယ်လို့
မြင်မိပါတယ်။ အိမ်ဖြူတော်ရဲ့ ၁၉၈၈ခုနှစ်
ဇန်နဝါရီလ (၂၇)ရက် နေ့ စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ
(1) the term “lethal assistance “
means weapons,weapon systems, and ammunition; and
(2) the
term “non-lethal assistance “ means assistance other than lethal assistance.
ဆိုပြီးပါရှိတဲ့အတွက် “လက်နက်ပစ္စည်း၊လက်နက်စနစ်၊
ခဲယမ်းမီးကျောက်”မဟုတ်သရွေ့ “လူ့အသက်ကို မသေကျေစေနိုင်သည့် အကူအညီ”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ
ထည့်လို့ရတယ်လို့ ယေဘုယျ သတ်မှတ်နိုင်ပါတယ်။
တကယ်တမ်းကတော့ အစဥ်အဆက်ပေးအပ်ခဲ့ဖူးတဲ့
NLAရဲ့နောက်ကွယ်မှာ
နိုင်ငံရေးရည်ရွယ်ချက် တစိတ်တဒေသ ပါလေ့ရှိပါတယ်။စစ်အေးကာလမှာ ကွန်မြူနစ်ဝါဒ ကြီးထွားလာမှုကို
ဟန့်တားနိုင်ဖို့ စိတ်ဆန္ဒရှိခဲ့သလို ဒေသ တွင်း မိမိလွှမ်းမိုးမှု
အရှိန်အဝါမထိပါးစေဖို့၊ မိမိအကျိုးစီးပွား ထိပါးမှုကို တုံ့ပြန်ဖို့ကအစ
ဒီမိုကရေစီစနစ် ပိုအားကောင်းလာစေနိုင်ရေးအတွက်လည်း ရည်ရွယ်ထားကြပါတယ်။
ဒါ့ကြောင့် NLA ပါအကူအညီများဟာ ပေးရိုးပေးစဥ် လူသားချင်းစာနာထောက်ထားမှု အကူအညီများလို ရိုးရှင်းမနေဘဲ အခုလို ပြန်လည်စုဆောင်းရာမှာ တစုတစည်းတည်း ပွင့်လင်းမြင်သာတဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်း တခုတည်းကနေ လွယ်လင့်တကူ ထုတ်နုတ်ရှာဖွေနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒီအတွက် လက်လှမ်းမီသမျှကို အတတ်နိုင်ဆုံး ဆန်းစစ်ပေါင်းစုထားပါတယ်။
၁၉၈၀-၂၀၂၂ ခုနှစ်အတွင်း အကူအညီပေးခဲ့စဥ်က
စာရင်းဇယားများအတိုင်း အစအဆုံးအားလုံး မပါဝင်နိုင်သည့် တိုင်အောင် သိသင့်သိထိုက်တဲ့
အများစုကတော့ ပါဝင်ပါလိမ့်မယ်။ အချို့အကူအညီများအတွက် တန်ဖိုးနဲ့ အရေ အတွက်များ ရှာဖွေတွေ့ရှိခဲ့ပေမယ့်
ရှုပ်ထွေးမှုမရှိစေဖို့ ဇယားမှာချန်လှပ်ထားခဲ့ပြီး လိုအပ်တဲ့နေရာမှာ ဖြည့်စွက် ရေးသားထားပါတယ်။
ဇယား(၁)။ အမေရိကန်နိုင်ငံမှ (၁၉၈၀-၂၀၂၂)ခုနှစ်အတွင်း အကူအညီပေးခဲ့သည့် ‘Non-lethal
Assistance’ အမျိုးအစားများ
အမေရိကန်ပြည်ထောင်စုပေးခဲ့တဲ့ NLA အကူအညီတွေကို ခြုံ့ပြောရရင် အစားအစာ၊ဆေးဝါး၊အဝတ်အထည် စ တဲ့ အခြေခံလိုအပ်ချက်များ၊ပညာရေး၊ကျန်းမာရေး၊ဖွံ့ဖြိုးရေးပံ့ပိုးမှုတို့အပြင် မိမိတို့နိုင်ငံခြားရေးပေါ်လစီ အ တွက် လက်ခံနိုင်ငံအနေနဲ့ ဘယ်ရွေ့ ဘယ်မျှ မဟာဗျူဟာကျသလဲ ဆိုတာပေါ်မူတည်ပြီး လူအသက်ကို တိုက်ရိုက် မသေကျေစေနိုင်တဲ့ စစ်မြေပြင် အထောက်အကူပြုပစ္စည်းများကို ထပ်ဆောင်းပေးတာမျိုးလို့လည်း အကြမ်းဖျင်း ဆိုနိုင်လိမ့်မယ် ထင်ပါတယ်။တချို့ကိစ္စတွေမှာတော့ သစ်မရခင် ဝါးပေါင်းကွပ်သလိုမျိုး ‘lethal assistance’ အတိ အလင်း မပေးနိုင်ခင်ကာလမှာ ပေးထားတဲ့ အကူအညီမျိုးလို့လည်း နားလည်ရပါတယ်။
ဇယား(၁) မှာ ဖေါ်ပြထားတဲ့ အကူအညီတခုချင်းစီကို အသေးမစိတ်တော့ပဲ အချို့စိတ်ဝင်စားစရာ အချက်အ လက်များကိုသာ ထပ်မံကြည့်ရှုကြပါမယ်။ ကျည်ကာဝတ်စုံ၊စစ်ခမောက်၊စစ်မြေပြင်သုံး မှန်ပြောင်း/ညကြည့် မျက်မှန် စတာတွေဟာ NLA မှာ ပေးလေ့ပေးထရှိတဲ့ စစ်မြေပြင်သုံး အထောက်အပံ့တွေလို့ ပြောနိုင်ပါတယ်။ စစ် မြေပြင်သုံး ရေဒီယိုများ၊လုံခြုံစိတ်ချရတဲ့စနစ်နဲ့ပြည့်စုံတဲ့ ဆက်သွယ်ရေးကရိယာများကိုလည်း NLA အနေနဲ့ ပေး ကြပါတယ်။အခုအချိန်မှာ ဒီအကူအညီတွေကို သမားရိုးကျ စစ်မြေပြင်အထောက်အကူပြု NLAလို့တောင် သတ် မှတ်နိုင်ပါပြီ။
‘နီကာရာဂွါ’ ရရှိတဲ့အကူအညီတွေနဲ့ ပတ်သက်ပြီး NLA နဲ့ ‘လူသားချင်းစာနာထောက်ထားမှု’ အကူအညီ ဘယ် ဘတ်ဂျက်အောက်က သွားခဲ့တယ်ဆိုတာကို ယတိပြတ်ပြောဖို့ ခက်ပါတယ်။ ‘ရေဂင်’အစိုးရ ဖွဲ့စည်းပေးထားခဲ့တဲ့ ‘Nicaraguan Humanitarian Assistance Office (NHAO)’ရဲ့ အသုံးစားရိတ် ရှင်းတမ်းအပေါ် ထိုစဥ်က ‘General Accounting Office’ (ယခု Government Accountability Office – GAO)စာရင်းစစ်ထားတဲ့ မှတ်တမ်းကနေ ကိုး ကားဖေါ်ပြလိုက်တာပါ။
‘နီကာရာဂွါ’အရေးကိစ္စမှာ မရှင်းလင်းတာတွေလည်း ရှိပါတယ်။ NLA ကိုသာ ခွင့်ပြုထားချိန်မှာ ကွန်ထရာတော်လှန်ရေးသမားတွေ(Contras)ကို ပေးပို့ဖို့ လက်နက်ခဲယမ်းများ သယ်ဆောင်လာတဲ့ လေယာဥ်တစီးဟာ ၁၉၈၆ ခု နှစ် အောက်တိုဘာလ (၅) ရက်နေ့က ‘နီကာရာဂွါ’ အစိုးရတပ်ဖွဲ့တွေက ပစ်ချတာခံခဲ့ရပါတယ်။ ‘ရေဂင်’အစိုးရကတော့ လုံးဝပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။
NLA အတွက် သယ်ယူပို့ဆောင်ရေး ခေါင်းစဥ်အောက်ကနေ မော်တော်ယာဥ်များကိုလည်း ပံ့ပိုးပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက ‘ကာတာ‘ အစိုးရလက်ထက် ၁၉၈၁ ခုနှစ်ဆန်းမှာ NLAအစီအစဥ် ပြန်စပြီး သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဥ် နှစ်စီးကို အယ်လ်ဆာဗေဒို အစိုးရကို ငှားရမ်းခဲ့လို့ NLAခေါင်းစဥ်အောက်က သွားတယ် လို့ပဲ ယူဆရပါတယ်။
ရုရှားတို့ရဲ့ ယူကရိန်းကျူးကျော်စစ် (၂၀၁၄)နဲ့ (၂၀၂၂)ကို အကြောင်းပြုပြီး ယူကရိန်းနိုင်ငံအတွက် NLA ထောက်ပံ့မှု ကဏ္ဍဟာ တရှိန်ထိုး ပြောင်းလဲသွားခဲ့ပါတယ်။ ‘ဟမ်းဗီး’(High Mobility Multipurpose Wheeled Vehicles-Humvee) ပုံမှန်ဘက်စုံသုံးယာဥ်အပြင် ‘ဟမ်းဗီး’ ကျည်ကာယာဥ်တွေကို အများအစား ပေးပို့လာခဲ့ပါတယ်။
‘ဟမ်းဗီး’ မော်တော်ယာဥ်တွေမှာ စက်သေနတ် တပ်ဆင်အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတဲ့အတွက် ‘ဟမ်းဗီး’ ဟာ စစ်မြေပြင် အတွက် အလွန်အသုံးတည့်တဲ့ NLA လို့ ပြောရပါမယ်။
ဒါ့အပြင် ‘အိုဘားမား’ အစိုးရလက်ထက်ကတည်းက အမြောက်၊ ဒုံးကျည်၊ မော်တာပစ်ခတ်တဲ့နေရာကို ဖမ်းယူသိရှိ နိုင်တဲ့ ရေဒါစနစ်ကိုလည်း ပေးပို့ထားပါတယ်။တန်ဖိုးကြီးရေဒါကရိယာဖြစ်သလို ရန်သူ့လက်နက် တည်ရှိရာဆီ ကို ပြန်လည်ပစ်ခတ်နိုင်တဲ့စွမ်းအား မိမိတပ်ဖွဲ့တွေဘက်မှာရှိဖို့ လိုအပ်ပါတယ်။ဒါမှသာ ဒီရေဒါစနစ်ကို ထိရောက် စွာ အသုံးပြုနိုင်တယ်လို့ ဆိုနိုင်မှာပါ။ ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း ‘ဂျာမနီ’နိုင်ငံက ကူညီခဲ့တဲ့ အလားတူ အဆင့်မြင့် ရေဒါစနစ် (COBRA counter-battery rader system)ဆိုရင် ယူရိုသန်း(၅၀)ကျော် တန်ဖိုးရှိပြီး အကွာ အဝေး (၁၀၀) ကီလိုမီတာအထိ ဖမ်းယူနိုင်ပြီး နှစ်မိနစ်အတွင်း ပစ်ခတ်မှု(၄၀)ခန့်ကို သတ်မှတ် ခွဲခြားနိုင်စွမ်းရှိပါ တယ်။
ထောက်လှမ်းရေးဒရုန်း၊ ဂြိုလ်တုထောက်လှမ်းရေးဓါတ်ပုံများနဲ့ သရုပ်ခွဲလေ့လာချက်များကိုလည်း NLAအကူအ ညီများထဲမှာ ထည့်သွင်းထားတဲ့အတွက် စစ်ရေးလှုပ်ရှားမှုများအတွက် အထောက်အကူများစွာ ဖြစ်စေပါတယ်။ ’ဘိုင်ဒန်’ အစိုးရရဲ့ NLAစာရင်းမှာ ကင်းလှည့်မော်တော်များ ပါဝင်လာတာကိုလည်း သတိထားမိပါတယ်။
၂၀၁၅ခုနှစ်က အိုဘားမား အစိုးရလက်ထက် ‘ဥဇ်ဘက်ကစ္စတန်’ကိုပေးပို့ခဲ့တဲ့ NLAများထဲမှာ မိုင်းဒဏ်ဗုံးဒဏ်၊ ခြုံခိုတိုက်ခိုက်ဒဏ်ခံယာဥ်(Mine-Resistant Ambush Protected Vehicles- MRAP) (၃၀၈)စီးနဲ့ သံချပ်ကာ ကား ဆွဲယာဥ် Armored recovery vehicles (၂၀)စီးလို တန်ဖိုးကြီးအကူအညီတွေပါဝင်ပါတယ်။ အဆင့်မြင့် တပ်ဆင် ထုတ်လုပ်ထားတဲ့ Category III MRAP အသစ်တစီးဟာဒေါ်လာ (၁)သန်းခန့်အထိ တန်ဖိုးရှိနိုင်ပြီး သံချပ်ကာကား ဆွဲယာဥ် (Armored recovery vehicles)ကလည်း အမျိုးအစားပေါ်မူတည်ပြီး ဒေါ်လာ (၂)သန်း ဝန်းကျင်အထိ ရှိ နိုင်တယ်လို့ ဆိုကြပါတယ်။
လူ့အခွင့်အရေး မှတ်တမ်းဆိုးဝါးလှပေမယ့် ‘ဥဇဘက်ကစ္စတန်’အနေနဲ့ ဒီလိုအကူအညီမျိုးရရှိတာဟာ သိပ်အဆန်းတကြယ်တော့ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ‘အာဖဂန်နစ္စတန်‘မှာ တိုက်ပွဲဝင်နေကြတဲ့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့များအတွက် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ‘ဥဇ်ဘက်ကစ္စတန်’နိုင်ငံဟာ မဟာဗျူဟာမြောက် ပထဝီဝင်နိုင်ငံရေးမိတ်ဖက်အဖြစ် အလယ်အာရှဒေသမှာ အရေးပါနေတဲ့အတွက် ဖြစ်ပါတယ်။
ဒါ့ကြောင့် အမေရိကန်နိုင်ငံအပေါ် လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ဝေဖန်ပြောဆိုကြ မှုများကြားထဲက ဒီလိုတန်ဖိုးကြီး အကူအညီများစွာကို ပေးပို့ခဲ့တာပါ။ အကျိုးစီးပွားနဲ့ယှဥ်လာရင် အစဥ်အလေးထားကြတဲ့ လူ့အခွင့်အရေးတန်ဖိုး ဆိုတာမျိုးကတောင် နောက်တန်းမသိမသာ ရောက်သွားရတာကိုလည်း ဆင်ခြင်သတိပြုမိပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
သီအိုဇော်