Breaking News

နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း ရပ်ဆိုင်းမှုဂယက်


မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၈ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၁၉၊  ၂၀၂၃


နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်း ရပ်ဆိုင်းမှုဂယက် 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်ပထွက်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာဖွေဖို့ အတွက်နဲ့ လုံခြုံစိတ်ချမှု မရှိတော့တဲ့အခြေအနေကြောင့် ပြည်ပကိုထွက်ခွာပြီး နေထိုင်လုပ်ကိုင်သူတွေ သိသိသာသာ များပြားလာကာ ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံးမှာ နေ့စဥ်လူ ၂ ထောင်ကနေ ၃ ထောင်အထိ တန်းစီကာ နိုင်ငံကူးလက်မှတ် လျှောက်ထား၊ ထုတ်ယူနေကြတဲ့ ဖြစ်စဥ်က လနဲ့ချီကြာဖြစ်နေတဲ့ ဖြစ်စဥ်တရပ် ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ လုပ်ငန်းစဥ်တွေကို ဇန်နဝါရီလ ၂ ရက်နေ့ မှာ ရုတ်တရက် ရပ်ဆိုင်းထားကြောင်း ကြေညာလိုက်ပြီး အနည်းငယ်မျှသော အရေအတွက်ဖြစ်တဲ့ ဘုရားဖူးသွားသူတွေ၊ အရေးပေါ် ပြည်ပဆေးကုသွားမယ့်သူတွေအတွက် လုပ်ဆောင်ပေးနေသေးပေမယ့်၊ နောက် သီတင်း ၂ ပတ်ကျော်အကြာ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ ပြည်ပကို MOU သဘောတူညီမှုနဲ့ အလုပ်ထွက်လုပ်မယ့်သူတွေရော၊ ဘုရားဖူးအဖွဲ့တွေ၊ အရေးပေါ် ဆေးကုသွားမယ့်သူတွေ အကုန်လုံးကို လုပ်မပေးတော့ပဲ ရပ်ဆိုင်းထားမယ့် သတင်းထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

ဒီသတင်းက မြန်မာနိုင်ငံထဲက ပတ်စ်ပို့မလုပ်ရသေးတဲ့ သို့မဟုတ် သက်တမ်းကုန်နေတဲ့ ပြည်ပမှာ အလုပ်အကိုင် ထွက်လုပ်မယ့်သူတွေကို စိုးရိမ်မှုတွေ, အဆင်မပြေမှုတွေ ဖြစ်စေသလို၊ ပြည်ပမှာ အကြောင်းကြောင်းကြောင့် နေထိုင် မယ့်သူတွေအဖို့လည်း စိုးရိမ်မှုတွေ ဖြစ်စေတာ ဖြစ်ပါတယ်။ ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်တာမျိုးမဟုတ်ပေမယ့် ပတ်စ်ပို့ အသစ်လုပ်ခြင်းနဲ့ သက်တမ်းတိုးခြင်းကို လနဲ့ချီကြာပိတ်ထားခြင်းဟာ သက်တမ်းရှိ ပတ်စ်ပို့ လက်ဝယ်မရှိသူတွေ အဖို့ ချုပ်နှောင်ထားလိုက်တဲ့သဘောဖြစ်ပြီး စိုးရိမ်မှုတွေကို တိုးစေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဥ်ပါတီ အစိုးရလက်ထက်ကလို့ ပြည်ပထွက်ခွာခွင့်တွေကို တင်းကြပ်လာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီက အထက်က စိုးရိမ်သလို လုပ်ဆောင်နိုင်ခြေရှိလားလို့ စဥ်းစားကြည့်တဲ့အခါ စစ်အာဏာသိမ်းပြီး နိုင်ငံရေးမကျေနပ်မှုတွေ မြင့်တက်လာတဲ့ အခုလို ကာလမှာ ပြည်ပထွက်ခွာခွင့် မပေးပဲ နိုင်ငံသားတွေကို ပြည်တွင်းမှာ ထိန်းချုပ်ထားခြင်းဟာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး မတည်မငြိမ်ဖြစ်မှုကိုသာ ပေါ်ပေါက်စေနိုင်ပြီး ၄င်းတို့အတွက် ဘာအကျိုးအမြတ်မှ မရစေနိုင်ပါဘူး။ နိုင်ငံရေးအရ မကျေနပ်မှု ဖြစ်နေသူတွေသာမကပဲ စီးပွားရေးအခွင့်အလမ်း ရှာဖွေဖို့အတွက်လည်း ပိတ်ဆို့ထားလိုက်ခြင်းဟာ ပြည်တွင်းမှာ စစ်ကောင်စီအပေါ် နိုင်ငံရေးဖိအားတွေ ပိုမြင့်တက်လာစေမှာသာ ဖြစ်ပါတယ်။ နိုင်ငံရေး စိတ်မဝင်စားသူတွေတောင် ၄င်းတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာသင်ကြားရေး အခွင့်အလမ်းတွေကို ပိတ်ဆို့ထားလိုက်ခြင်းကြောင့် စီးပွားရေး အရ မကျေနပ်မှုက နိုင်ငံရေးမကျေနပ်မှုအသွင် ဆီပြောင်းလဲသွားနိုင်တာ ဖြစ်ပါတယ်။ 

ပြည်ပမှာ အလုပ်သွားရောက် လုပ်ကိုင်လိုသူတွေ၊ နိုင်ငံရေးအရ စစ်ကောင်စီကို မကျေနပ်သူတွေကို ပြည်ပထွက်ခွာခွင့်ပေးလိုက်ခြင်းက တနည်းအားဖြင့် စစ်ကောင်စီအဖို့ ပြည်တွင်းက ဖိအားတွေကို ဖွင့်ထုတ်ပေးလိုက်သလိုဖြစ်စေပြီး အလုပ်လုပ်ကိုင်သူတွေ ပြည်တွင်းကို ပြန်ပို့တဲ့ လုပ်အားခတွေကနေ နိုင်ငံခြားငွေ ရရှိစေတာဖြစ်လို့ အရင့်အရင် မဆလ ခေတ်ကလို နိုင်ငံထွက်ခွာခွင့်ကို ပိတ်ဆို့တာမျိုး လုပ်နိုင်ခြေ မရှိသလောက် နည်းပါးပါတယ်။ အဲဒီခေတ်က လူတွေကို ပြည်ပနဲ့ အဆက်အသွယ် ဖြတ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အင်တာနက် မရှိသေးတဲ့ခေတ် သတင်းအချက်အလက် ပျံ့နှံ့မှု မကောင်းတဲ့ခေတ်မှာမို့ မဆလ အစိုးရအနေနဲ့ အကျိုးရလဒ် အတိုင်းအတာတခုထိ ရခဲ့ပေမယ့် အခုလို အင်တာနက်ခေတ်မှာ မြန်မာနိုင်ငံတွင်းက သူတွေကို ပြည်ပနဲ့ အဆက်အသွယ် မရအောင် ပိတ်ဆို့ထားဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ 

လက်ရှိ ရပ်ဆိုင်းထားတဲ့အတွင်းမှာ အမြတ်ထွက်နေသူတွေကတော့ စစ်ကောင်စီ၏ စစ်အရာရှိကြီးများ၊ ပတ်စ်ပို့ရုံးနဲ့နီးစပ်သူ ဝန်ထမ်းများ ရုံးဌာနများအတွင်းက လာဘ်ပေးလာဘ်ယူသူများ အကျင့်ပျက်ခြစားသူများအသိုင်းအဝိုင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ပတ်စ်ပို့တစောင်ရဖို့ ယခင်စစ်အုပ်ချုပ်ရေးကာလတုန်းကလို လမ်းကြောင်းများနဲ့ ငွေပေး လာဘ်ထိုးပြီး ဆောင်ရွက်ကြတာမျိုးတွေ ဖြစ်လာပါတယ်။  ပြန်လည် ဖြေလျှော့ပေးလိုက်တယ်ဆိုရင်ဘဲ စစ်ကောင်စီ၏ အကျင့်ပျက် ခြစားမှု လာဘ်ပေးလာဘ်ယူ လုပ်ကိုင်မှုတွေ တာရေကျိုးသလို ဖြစ်လာတော့မယ်လို့လဲ အကဲခတ်တချို့က မှတ်ချက်ပေးကြပါတယ်။

ဒီအချက်တွေကိုထောက်ရင် စစ်ကောင်စီအနေနဲ့ ပြည်ပ အလုပ်အကိုင်ထွက်လုပ်သူတွေကို တားဆီးနိုင်ခြေ မရှိဘူးလို့ မှန်းဆရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar