Breaking News

ကသာမြို့နယ်ထဲက တိုက်ပွဲတွေနဲ့ လေယာဥ်ဗုံးကြဲမှုကြောင့် ၇ ဦး သေဆုံး၊ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် ဆက်ဆံရေး

မြန်မာနွေဦး ခရိုနီကယ် - ဇန်နဝါရီ ၁၉ မြင်ကွင်း

(မိုးမခ) ဇန်နဝါရီ ၂၀၊  ၂၀၂၃


ကသာမြို့နယ်ထဲက တိုက်ပွဲတွေနဲ့ လေယာဥ်ဗုံးကြဲမှုကြောင့် ၇ ဦး သေဆုံး၊ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် ဆက်ဆံရေး

ကသာမြို့နယ်ထဲက မိုတားလေး ကျေးရွာမှာ စစ်ကောင်စီက ဗုံးကြဲမှုကြောင့် အရပ်သား ၇ ဦးသေဆုံးသွားတယ်လို့ VOA မြန်မာပိုင်း သတင်းဌာနမှာ ဖော်ပြထားပြီး အခြားသတင်းတပုဒ်မှာတော့ ၈ ဦး သေဆုံးတယ်လို့ ဖော်ပြထားပါတယ်။ 

မိုတားလေး ကျေးရွာအနီး ၅ မိုင်ခန့်အကွာမှာ စစ်ကောင်စီတပ်တွေနဲ့ ABSDF နဲ့ PDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားနေချိန်မှာ ကျေးရွာကို ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။ အလှူပွဲက ပြန်လာတဲ့သူတွေ နေအိမ်တအိမ်မှာ ခိုနေကြစဥ် နေအိမ်ကို ထိမှန်ပြီး တနေရာတည်းတင် အနည်းဆုံး ၇ ဦး သေဆုံးသွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အခုလို အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေ ကျေးရွာသားတွေ တိမ်းရှောင်နေကြတဲ့ အစုအဝေးတွေကို စစ်ကောင်စီဘက်က ၄င်းတို့ကို ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေလို့ ယူဆကာ လူစုလူဝေးတွေကို ဗုံးကြဲတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမဲ့ မြေပြင်မှာ သာမန်အရပ်သားတွေ လေယာဥ်သံကြားရင် တိမ်းရှောင်ကြတာ၊ အလှူကအပြန် လူစုဝေးနေတာမျိုးကို စစ်ကောင်စီတပ်တွေဘက်က ပစ်မှတ်ထားပြီး အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်နေတဲ့ PDF တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားရာမှာ ကျေးရွာသူ ကျေးရွာသားတွေကို PDF တွေလို့ ယူဆသတ်မှတ်ကာ ဖမ်းဆီးတာ၊ နှိပ်စက်သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကို သတင်းတွေထဲမှာ တွေ့နေရပြီး အခုလို လေကြောင်းတိုက်ခိုက်မှုမှာလည်း တိုက်ပွဲနဲ့ မဆိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့နဲ့ မသက်ဆိုင်တဲ့ အရပ်သားတွေ သေဆုံးရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့ စစ်ရေးအရ အသာစီးရရေး အောင်နိုင်ရေးအတွက်ဆို မသက်ဆိုင်တဲ့ အရပ်သားတွေ သေဆုံးရတာမျိုးကိုလည်း ထည့်သွင်းမစဥ်းစားဘဲ တိုက်ခိုက်တာ၊ ဖမ်းဆီးတာ၊ ညှဉ်းဆဲတာ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာ ၂၀၂၁ ခုနှစ်လယ်နောက်ပိုင်းကတည်းက တွေ့နေရတာ ဖြစ်ပါတယ်။ 

ဒီလို အသာစီးရဖို့ လုပ်ဆောင်မှုတွေက စစ်ရေးအရ အချို့နေရာမှာ အသာစီးရတဲ့ ရလဒ်တွေ ဖြစ်ကောင်းဖြစ်ပေမယ့် စည်းရုံးရေးအရ ပြောင်းပြန်အကျိုးဆက်တွေ ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဒေသခံတွေအနေနဲ့ အခုလို လက်နက်ကိုင် အဖွဲ့ဝင်လား သာမန်အရပ်သားလား ဆိုတာ မခွဲခြားဘဲ ဖမ်းဆီး သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့မှုတွေကြောင့် ဆန့်ကျင်မှု ပိုမိုအရှိန်မြင့်လာစေမှာဖြစ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေအနေနဲ့ လက်နက်ကိုင် အင်အားစုဆောင်းဖို့ ပိုမိုလွယ်ကူလာစေမှာ ဖြစ်ပါတယ်။ 

တဖက်မှာတော့ PDF တပ်ဖွဲ့တွေအနေနဲ့ စုဆောင်းမိတဲ့ လူတွေကို လက်နက်တပ်ဆင်နိုင်ဖို့ လိုအပ်ချက်တွေ၊ စစ်တိုက်နိုင်ဖို့ ဘဏ္ဍာငွေတွေ လိုအပ်ချက်တွေ၊ စစ်ရေးအတွေ့အကြုံ လေ့ကျင့်မှု လိုအပ်ချက်တွေတော့ ရှိတာအမှန်ပဲ ဖြစ်ပါတယ်။ 

 ဒီနေ့အဖို့ နောက်သတင်းတပုဒ်ကတော့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့  ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်တို့ ရခိုင်ပြည်နယ် ငပလီမြို့မှာ တွေ့ဆုံကာ စစ်တပ် ၂ ခုအကြား ပုံမှန်အစည်းအဝေးတခု လုပ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။ ၈ ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးလို့ ဖော်ပြတဲ့ ထိုင်းနဲ့ မြန်မာစစ်တပ် ၂ ခုအကြားအစည်းအဝေးကို သံတွဲမြို့ ငပလီ ကမ်းခြေမှာ လုပ်ဆောင်တာဖြစ်ပြီး နယ်စပ်ဒေသတွေ ရဲ့ အရေးကိစ္စ နှစ်နိုင်ငံစစ်တပ် ၁ တပ်အကြား ဆက်ဆံရေးမူဘောင်တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားတာတွေ့ရပါတယ်။ 

ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်အကြား ဆက်ဆံရေးရဲ့ အသေးစိတ် အခြေအနေတွေကို ထုတ်ပြန်ခြင်း မပြုကြပေမယ့် ထိုင်းမြန်မာ နယ်စပ်အကြားရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ စစ်ကောင်စီအကြား တိုက်ပွဲကိစ္စတွေမှာ ထိုင်းစစ်တပ်အနေနဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာ မတော်တဆ နယ်စပ်စဥ်းမျဥ်းကျော်လွန် တဲ့ လုပ်ဆောင်မှုတွေကို ထိုင်းစစ်တပ်ဘက်က နားလည်ပေးတဲ့ သာဓကတွေ ရှိပါတယ်။ 

အခြားတဖက်မှာတော့ ထိုင်းနိုင်ငံအနေနဲ့ စစ်အာဏာသိမ်းပြီးနောက် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာပြိး ခိုလှုံနေတဲ့ အတိုက်အခံ NUG နဲ့ အခြားအတိုက်အခံ နိုင်ငံရေးသမားတွေကို လက်ခံပေးထားတာကိုလည်း မြန်မာစစ်တပ်ဘက်က လိုလားမှာ မဟုတ်ပေမယ့် ထိုင်းနိုင်ငံ အနေနဲ့ အနောက်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကိုလည်း အထိခိုက်မခံနိုင်တာမျိုးရှိနေတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံဟာ မျက်နှာ အမျိုးမျိုးရှိတဲ့ ဆက်ဆံရေးသဘောမျိုး ဖြစ်ပြီး အခြေခံမူတွေထက် အကျိုးစီးပွားပေါ်မှာ အခြေခံတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar